သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဒိုမန်းရှာ လုပ်ကြံခံရမှု သူတို့အနေနဲ့ မသိကြောင်း ဒီကေဘီအေခေါင်းဆောင် တဦး တုံ့ပြန်


ပြီးခဲ့တဲ့ရက်က ကေအဲန်ယူ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုမန်းရှာကို လုပ်ကြံသတ်ဖြတ်ရာမှာ သုံးတဲ့ကားကို ထိုင်းရဲတွေက ဖမ်းမိလိုက်တဲ့အခါမှာ ဒီကားကို ဒီကေဘီအေအဖွဲ့ကနေ ငှားရမ်း သုံးစွဲခဲ့တာ ဖြစ်တယ်လို့ ကားပိုင်ရှင်က ပြောတဲ့အကြောင်း ထိုင်းရဲ တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီကေဘီအေ ကရင်ဗုဒ္ဓဘာသာအစည်းအရုံးကတော့ ဒီကိစ္စဟာ သူတိုနဲ့ ဘာမှမပတ်သက်ဘူးလို့ ငြင်းဆိုတယ်လို့ ဗွီအိုအေမြန်မာပိုင်းဌာနရဲ့ ထိုင်းအခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာ လုပ်ကြံ သတ်ဖြတ်ခံရပြီးတဲ့ နောက်ပိုင်းမှာ ထိုင်း မှုခင်းရဲတပ်ဖွဲ့ကနေ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်ကြောင်း မိသားစုကို အသိပေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ဝင်တွေကြားထဲမှာ အနည်းငယ် သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ရဲ့ ကလိုဒီးဖော နည်းဗျူဟာမှူး စောလားဘွဲ ခေါ် ဗိုလ်မှူးကြီး နုတ်ခမ်းမွေးကို ပဒိုမန်းရှား သေဆုံးမှုနဲ့ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါမှာတော့ -

“ဘယ်သိမလဲ။ ကျနော်တို့ ဘာမှ သိတာမှမဟုတ်တာ။ ကျနော်တို့ ဘယ်သိမလဲ။”

လုံကြံမှုကို မသိတဲ့အကြောင်းနဲ့ သတ်ဖြတ်သူတွေဟာ သူတို့စိတ်နဲ့ သူတို့ဘာသာ လုပ်သွားတာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ကတော့ လက်ရှိ အခြေအနေမှာ ဘုရားတည်ခြင်း၊ တံတားဆောက်ခြင်းတွေကို လုပ်ဆောင်နေကြောင်း၊ ဒါပေမယ့်လည်း သူတို့ကို တိုက်ခိုက်မှုတွေ လုပ်လာမယ်ဆိုရင်တော့ သူတို့အနေနဲ့ ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ဒီကေဘီအေ အသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ ကရင်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာ သေဆုံးရမှုနဲ့ပတ်သက်ပြီး သူတို့အချင်းချင်းကြားမှာလည်း မလုပ်သင့်ထိုက်တဲ့ ကိစ္စအဖြစ် ပြောဆိုမှုတွေ ဝေဖန်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ကေအဲန်ယူနဲ့ တပ်မဟာ (၇) ခွဲထွက်အဖွဲ့ ငြိမ်းချမ်းရေးကောင်စီကြားက ပြဿနာ အပေါ်မှာ ဒီကေဘီအေ အနေနဲ့ မပါဝင်သင့်ဘူးဆိုပြီး သူတို့ တပ်ရင်းအချင်းချင်း ကြားမှာလည်း ဝေဖန် ပြောဆိုမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ပဒိုမန်းရှာဟာ မြန်မာစစ်အစိုးရကို ပြတ်ပြတ်သားသား ပြောဆိုရဲတဲ့ ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားတွေကြားမှာ လေးစားခံရမှုတွေလည်း ရှိပါတယ်။ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ဝင်တွေ ကြားထဲမှာလည်း သူ့ကို လေးစားချစ်ခင်သူတွေ ရှိကြပါတယ်။ ခုလုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဒီကေဘီအေ အဖွဲ့ထဲမှာလည်း သဘောထား ကွဲလွဲမှုတွေ အနည်းငယ် ရှိတယ်လို့လည်း သတင်းရရှိပါတယ်။

XS
SM
MD
LG