သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို လက်နက်ရောင်းချမှု ပိတ်ပင်ရေးနဲ့ ငွေကြေးအရ အရေးယူဖို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေ တောင်းဆို


မြန်မာစစ်အစိုးရကို လက်နက်ရောင်းချမှု ပိတ်ပင်ရေးနဲ့
စစ်အစိုးရနဲ့ ဆက်နွယ်နေသူတွေအပေါ်
ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ အရေးယူ
ဒဏ်ခတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေက တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်တွေထဲက ဆက်လက် ပိတ်ပင်ကန့်သတ်ထားမယ်ဆိုရင် သက္ကရာဇ်
၂၀၁၀ ရွေးကောက်ပွဲကျင်းပဖို့ အစီအစဉ်ကို အသိအမှတ်မပြုဖို့လည်း ဆော်သြလိုက်ပါ
တယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက
တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖိနှိပ်မှုတွေ ဆက်ရှိနေဆဲဖြစ်တဲ့အတွက် စစ်အစိုးရကို အရေး
ယူ ဒဏ်ခတ်မှုတွေ ပြဋ္ဌာန်းဖို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေက တိုက်တွန်းလိုက်
တာပါ။

အမေရိကန်ပြည်ထောင်စုအခြေစိုက် US Campaign for Burma အဖွဲ့ကြီးက ထုတ်ပြန်
တဲ့စာရင်းအရ တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တောင်အာဖရိကဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး အပါအဝင် နိုဘယ်လ်ငြိမ်းချမ်းရေး
ဆုရှင် ကိုးယောက်က စစ်အစိုးရအပေါ် အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။ နောက်ပိုင်း
မှာ ကော်စတာရီကာနိုင်ငံသမ္မတလည်း ပူးပေါင်းပါဝင်လာတဲ့အကြောင်းနဲ့ ဒီလို တောင်းဆိုချက်တွေကို လုံခြုံရေးကောင်စီအနေနဲ့ အလေးထားလိမ့်မယ်လို့ မျှော်လင့်
တဲ့အကြောင်း US Campaign for Burma အဖွဲ့ကြီးက မူဝါဒရေးရာဒါရိုက်တာ
ဦးအောင်ဒင်က ပြောဆိုပါတယ်။

“နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကြီး ကိုးယောက်က အခုလို ကြေညာချက်ထုတ်ပြီးတဲ့
အချိန်မှာပဲ ဒဿမမြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ကော်စတာရီကာနိုင်ငံက
အော်စကာ အေရီယတ်စ် (Oscar Arias) လည်း ထောက်ခံပါဝင်လာပါတယ်။
အော်စကာ အေရီယတ်စ်က ကော်စတာရီကာနိုင်ငံရဲ့ သမ္မတဖြစ်သလို ကော်စတာ
ရီကာဟာလည်း လောလောဆယ် ၂၀၀၈ ခုနှစ်ကစပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်နေတာပါ။ ဆိုတော့ အခုလိုမျိုး လုံခြုံရေး
ကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့နိုင်ငံရဲ့ သမ္မတ၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်လည်း
ဖြစ်တဲ့ သမ္မတ တယောက်က အခုလိုမျိုး ဝင်ထောက်ခံတယ်ဆိုတော့ အင်မတန်မှ
အရေးကြီးပါတယ်”

လက်မှတ်ရေးထိုးတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေထဲမှာ ဂွာတီမာလာနိုင်ငံက ရီဂို
ဘာတာ မင်ချုး (Rigoberta Menchu)၊ မြောက်ပိုင်းအိုင်ယာလန်က ဘက်တီဝီလျံ
(Betty Williams)၊ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားသူ အမေရိကန်ပြည်ထောင်စုက
ဂျိုဒီဝီလျံ (Jody Williams) နဲ့ အာဂျင်တီးနားနိုင်ငံက အဒေါလ်ဖ်ဖို ပဲရစ် အက်စ်ကွေ
ဗယ်လ် (Adolfo Perez Esquivel) တို့လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့တာတွေဟာ အမေရိကန်
ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတချို့ရဲ့ ဒဏ်ခတ်မှုသာဖြစ်နေပြီး ထိရောက်မှုမရှိဘူး
ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခု နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
တွေရဲ့ တိုက်တွန်းချက်ကရော ဘယ်လောက်အထိ အရာရောက်မယ်လို့ မျှော်လင့်လို့
ရလဲ၊ ဦးအောင်ဒင်က အခုလို သုံးသပ်ပါတယ်။

“အခုအချိန်အထိ စီးပွားရေးပိတ်ဆို့မှုတွေက အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ
သမဂ္ဂနိုင်ငံတွေ၊ ကနေဒါ၊ သြစတြေးလျ၊ အခုနောက်ဆုံး ဘူလ်ဂေးရီးယား စတဲ့နိုင်ငံ
တွေက အရေးယူပြဋ္ဌာန်းထားတာပါ။ တကမ္ဘာလုံးက အရေးယူပြဋ္ဌာန်းတဲ့ အဆင့်အထိ
တော့ မရောက်သေးပါဘူး။ တကယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကသာ အရေး
ယူပိတ်ဆို့ဖို့ ပြဋ္ဌာန်းမယ်ဆိုရင် တကမ္ဘာလုံးက မဖြစ်မနေ အရေးယူရ၊ လိုက်နာ
ဆောင်ရွက်ရမှာပါ။ အင်မတန်မှလည်း အရေးကြီးပါတယ်။ ထိလည်း ထိရောက်
ပါတယ်”

မြန်မာစစ်အစိုးရခေါင်းဆောင်တွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ စစ်အစိုးရနဲ့ ဆက်နွယ်
ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ စီးပွားရေးအသိုင်းအဝိုင်းရဲ့ ဘဏ်လုပ်ငန်းတွေအပေါ် ပိတ်ဆို့ဒဏ်ခတ်တာတွေဟာ ထိရောက်မှုတွေရှိနေတယ်လို့ ဦးအောင်ဒင်က သုံးသပ်
ပါတယ်။ အဓိကကတော့ ပြည်ပဘဏ်တွေမှာဖွင့်ထားတဲ့ ငွေတွေကို ထုတ်သွင်းနိုင်ခွင့်
မရှိဘဲ လူထုကို ဖိနှိပ်တဲ့အခါ အသုံးပြုတဲ့ စစ်လက်နက်တွေဝယ်ရေးကို ထင်သလို
ဝယ်ခွင့်မရတော့သလို တိုင်းပြည်ရဲ့ဘဏ္ဍာငွေ မတရားရယူထားတာတွေလည်း
လက်လွှတ်ဆုံးရှုံးရတဲ့ အနေအထားမျိုးတွေ ကြုံလာနေရတယ်လို့ ပြောပါတယ်။ ဒါပေ
မယ့်လည်း စစ်အစိုးရကို အဓိကပံ့ပိုးထောက်ခံနေတဲ့ ဒေသတွင်း တရုတ်နိုင်ငံဘက်က မပြောင်းလဲဘူးဆိုရင် မြန်မာစစ်အစိုးရအပေါ် ငွေကြေးအရ အရေးယူတာတွေက ထိရောက်မှာမဟုတ်ဘူးဆိုပြီး ဝေဖန်ပြောဆိုကြတာတွေ ရှိပါတယ်။ ဦးအောင်ဒင်က
တော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ သူ့ရပ်တည်ချက် ပြောင်းရ
တော့မယ်ဆိုတာ နားလည်လက်ခံလာတယ်လို့ ရှုမြင်ပါတယ်။

“ဖိအားပေးမှုတွေအောက်မှာ တရုတ်နိုင်ငံကလည်း အခုအချိန်မှာ တစုံတရာ အတိုင်း
အတာတခုအထိ ပြောင်းလဲရွေ့လျားလာတာ တွေ့ရတယ်လေ။ အရင်တုန်းကဆိုရင် မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံး၀ မသိကျိုးကျွံပြုနေခဲ့တယ်။ ပြည်တွင်းရေးကိစ္စ
သက်သက်ဆိုပြီး ရှောင်လွှဲခဲ့တယ်။ အခုအချိန်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
ဥက္ကဋ္ဌရဲ့ ကြေညာချက်ကိုတောင် လက်မှတ်ရေးထိုးလာရတာတွေ ရှိတယ်။ အလားတူ
ပဲ နိုင်ငံတကာ ဖိအားပေးမှုတွေအောက်မှာ အနည်းဆုံး မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်
အတွက် ကူညီဆောင်ရွက်ပေးခဲ့တာတွေ ရှိပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံအရေး
ကိစ္စဟာ သူရှောင်လွှဲလို့မရတဲ့ ပြဿနာဆိုတာ သူလက်ခံထားပါတယ်။ တကမ္ဘာလုံး
ကလည်း သူ့ကိုပဲ လက်ညှိုးဝိုင်းထိုးနေကြတာပဲလေ”

မြန်မာစစ်အစိုးရဘက်က လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကျင်းပရေး စီစဉ်နေတယ်
လို့ ကြေညာပေမယ့် နိုင်ငံရေးအရ စစ်အုပ်ချုပ်ရေး သက်တမ်းရှည်အောင် စီစဉ် လုပ်ဆောင်တာဖြစ်တယ်ဆိုပြီး ဝေဖန်ချက်တွေ ထွက်ပေါ်နေပါတယ်။ တချိန်တည်းမှာ
စစ်အစိုးရရဲ့ ဖိနှိပ်မှုယန္တရား ဆက်ရှိနေသေးတဲ့အတွက် ဒီယန္တရား အားနည်းချည့်နဲ့
အောင် နိုင်ငံတကာဖိအားတွေ ဆက်ပြီးလိုအပ်နေသေးတယ်လို့ ပြောဆိုနေကြပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG