မြန်မာစစ်အစိုးရက ကြီးမှူးရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ မူကြမ်းတရပ်ကို မကြာခင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေ ကျင်းပပြီး အတည်ပြုပေးဖို့ ပြင်ဆင်နေမှုတွေ စတင်နေပါပြီ။ ဒီလို ရှေ့ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ အတွက်လည်း အခြေခံမူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အများပြည်သူသိရှိနိုင်စေဖို့ ထုတ်ပြန်ပေးထားပြီး ဖြစ်တယ်လို့လည်း ပြောဆိုလိုက်တာပါ။ ဒါပေမယ့်လည်း ဒီလိုအချက်အလက်တွေဟာ အများပြည်သူအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေပုံတော့ မရပါဘူး။ အကြောင်းစုံကို ဦးအောင်လွင်ဦးက တင်ပြပေးပါတယ်။
မြန်မာစစ်အစိုးရက ကြီးမှူးကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက ချမှတ်လိုက်တဲ့ အခြေခံမူတွေ၊ အသေးစိတ် အခြေခံမူတွေနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၃ ရက်နေ့က စတင်ရေးဆွဲခဲ့တာ ပြီးဆုံးသွားတဲ့ အကြောင်း မြန်မာစစ်အစိုးရ သတင်းစာတွေမှာ ဒီကနေ့ပဲ ဖော်ပြခဲ့ကြတာပါ။ ဒီအခြေခံဥပဒေမူကြမ်းကိုလည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ ကျင်းပအတည်ပြုဖို့၊ အဲဒီကတဆင့် ရွေးကောက်ပွဲ အသစ်တွေ လုပ်ပေးဖို့ကိစ္စတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဖက်က အခုလဆန်းပိုင်းမှာပဲ ကြေငြာလိုက်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အပေါ် တိတိကျကျ ရှင်းပြပြောဆိုတာတွေ မရှိဘူးဆိုပြီး ဝေဖန်ချက်တွေ ထွက်ပေါ်လာတဲ့နောက် အခုလို သတင်းထုတ်ပြန်ချက်လာတာကို တွေ့ကြရတာပါ။
တချိန်တည်းမှာပဲ ဒီလို ဆန္ဒခံယူပွဲတွေအတွက် ပြင်ဆင်မှုတွေကိုလည်း မြန်မာနိုင်ငံ နေရာတချို့မှာ စပြီးဆောင်ရွက် နေတာတွေလည်း ရှိနေပါပြီ။
“၂လပိုင်း (၁၆)ရက်နေ့က ဒဂုံမြို့သစ် တောင်ပိုင်း (၁၇)ရပ်ကွက်ကို အရှေ့ပိုင်း ခရိုင်ကနေ လာရောက်ပြီးတော့ အောက်ခြေအထိ ကွင်းဆင်းပြီးလာခဲ့ပါတယ်။ အဲဒီမှာ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ပါတယ်။ ခရိုင်ငြိမ်းချမ်းသာယာရေးက ဦးသန်းအောင်က ဦးဆောင်ပြီးတော့ အဖွဲ့အစည်းပေါင်းစုံကသူတွေလည်း ပါပါတယ်။ ဘယ်သူတွေပါလည်းဆိုရင် မြို့နယ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ ခရိုင်အေးချမ်းသာယာရေး၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ၊ စွမ်းအားရှင်၊ အရံမီးသတ်တပ်ဖွဲ့ဝင်စတဲ့ အဖွဲ့အစည်းပေါင်းစုံက လာပါတယ်။ သူတို့ရဲ့ သဘောထားက အောက်ခြေမှာ သန်းခေါင်းစာရင်းတို့၊ မှတ်ပုံတင်မရှိတဲ့သူတို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကူညီတဲ့ အတိုင်းအတာတွေကို ပြောပါတယ်။ ပြည်သူလူထုကို လိုအပ်တဲ့ ဥစ္စာတွေလည်း တင်ပြပါတဲ့။”
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် အာဏာပိုင်တွေဖက်က ကြိုတင်ပြင်ဆင်မှုတချို့ ရှိနေတဲ့အကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောပြသွားတာပါ။ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ အကြံပြု ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေမူကြမ်း နဲ့ ပတ်သက်လို့လည်း အမျိုးသားညီလာခံ ကျင်းပစဉ် ကာလကတည်းက အစိုးရပိုင် သတင်းမီဒီယာတွေက တဆင့် ဖော်ပြခဲ့ပြီးတဲ့အကြောင်း၊ ဒါတွေနဲ့ ပတ်သက်လို့ စာအုပ်စာတမ်းအဖြစ်လည်း ပုံနှိပ်ဖြန့်ချီပေးခဲ့တဲ့အကြောင်း အစိုးရပိုင် သတင်းစာတွေက ပြောဆိုလိုက်တာပါ။ ဒါပေမယ့်လို့ အခုလို ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတဲ့နေရာမှာတောင် တိတိကျကျ ရှင်းလင်းပြောဆိုတာမျိုး မရှိဘူးလို့လည်း ဒီရန်ကုန်မြို့ခံကပဲ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
“အခြေခံမူအသေးစိတ်ဆိုတဲ့ အပိုင်း ရှင်းပြတာတွေ တခုမှ မပါပါဘူးခင်ဗျာ။ အဲဒါတွေကတော့ ကျွန်တော်တို့ မကြားသေးရပါဘူးခင်ဗျ။ မေလကျရင်တော့ အခြေခံမူတွေကို ပြည်သူ့သဘောထားဆန္ဒ၊ ပြည်သူ့အတိုင်းအတာ အရိတ်အမြွတ်လောက်ပဲ ပြောပါတယ်ခင်ဗျ။ အသေးစိတ်တွေကိုတော့ ဘာမှ မပြောပါဘူးခင်ဗျ။ သူတို့က စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော် စနစ်တည်ဆောက်ဖို့အတွက်ကို သွားနေပါပြီတဲ့။ ဖြူဖွေးတဲ့လမ်းကြောင်းကို သူတို့ လျှောက်နေပါပြီတဲ့။”
အခုလို တိုင်းပြည်အတွက် ပဓာနကျတဲ့ ကိစ္စတရပ်ကိုဆောင်ရွက်ရာမှာ သက်ဆိုင်သူ နိုင်ငံရေးအင်အားစုတွေ တိုင်းရင်းသားတွေ စသဖြင့် ပါဝင်နိုင်တဲ့ အခြေအနေမရှိဘူးဆိုပြီး ထောက်ပြပြောဆိုမှုတွေကလည်း ရှိနေတာပါ။ မြန်မာနိုင်ငံက အကြီးဆုံး အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကလည်း အလားတူ ထောက်ပြကန့်ကွက်မှုတွေကို အခုတပတ်အတွင်းမှာပဲ အထူးကြေငြာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အခုလို ဆန္ဒခံယူပွဲတွေလုပ်ပြီး အတည်ပြုဖို့ စီစဉ်နေတဲ့ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံ ကိုယ်ဠ်ကိုယ်ကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁) ရာခိုင်နှုန်းသာ ပါဝင်တယ်လို့လည်း အန်အယ်လ်ဒီ ကပြောဆိုထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ထွက်ပေါ်လာတဲ့ အခြေခံဥပဒေမူကြမ်းအပေါ် နောက်ထပ် ရန်ကုန်မြို့ခံတဦးရဲ့ သဘောထားကတော့ -
“ ဒါကြီးက သိသာထင်ရှားနေတဲ့ ကိစ္စကြီးပဲဗျာ။ အထက်အညာမှာရှိတဲ့ တမာပင်ကို အောက်ပြောင်းစိုက်လည်း ချိုမှာ မဟုတ်ဘူးလေ။ အခါးကြီးက အခါကြီးပဲ။ ခါးမှန်း သိသိကြီးနဲ့တော့ ဘာမှ ထူးခြားပြီး ခံစားနေစရာမရှိတော့ဘူး။”
မြန်မာစစ်အစိုးရက သူ့ရဲ့ နိုင်ငံရေးလမ်းစဉ် (၇) ရပ်ရဲ့ စတုတ္ထအဆင့်အဖြစ် အခြေခံဥပဒေမူကြမ်း တရပ်ကို လူထုဆန္ဒခံယူပွဲတွေကတဆင့် အတည်ပြုဖို့ ပြင်ဆင်နေတဲ့အပေါ် ရန်ကုန်မြို့ခံတချို့က သူတို့ရဲ့ အတွေ့အကြုံတွေ ထင်မြင်ချက်တွေကို ပြောပြခဲ့တာပါခင်ဗျာ။