သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ၏ ရွေးကောက်ပွဲ မွန်ပြည်သစ်ပါတီက လက်မခံ


မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူမယ်၊ ရွေးကောက်ပွဲလုပ်
မယ်ဆိုတဲ့ ကြေညာချက်အပေါ် မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေးယူထားတဲ့ မွန်ပြည်သစ်ပါတီကတော့ လက်မခံ ပယ်ချလိုက်ပါတယ်။ ဒီအတွက်ကြောင့် စစ်အစိုးရ
ဖက်က ဖိအားပေးလာမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြယ်မယ့်အလားအလာ သူတို့ဖက်က စဉ်းစားထားတယ်လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီကို
ဦးသားညွှန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံကို မတတ်ရောက်ဘဲ နုတ်ထွက် ခဲ့တာကြောင့် ဒီညီလာခံရဲ့နောက်ဆက်တွဲဖြစ်တဲ့ လူထုဆန္ဒခံယူပွဲနဲ့ လာမယ့် ရွေး
ကောက်ပွဲ ကြေညာချက်တွေကို လက်မခံတာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီပြောခွင့်
ရသူ နိုင်အောင်မငဲက အခုလိုပြောပါတယ်။

“SPDC က ကြေညာထားတဲ့ကိစ္စဟာ အမျိုးသားညီလာခံရဲ့ နောက်ဆက်တွဲဖြစ်တယ်။
ကျွန်တော်တို့က အမျိုးသားညီလာခံကနေ နုတ်ထွက်တဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့
အတွက်ကြောင့် ဒီအမျိုးသားညီလာခံရဲ့ ရလဒ်အပေါ်မှာ ကျွန်တော်တို့ ဘာမှ ပါဝင်
မပတ်သက်ဘူး။ ဆက်ဆံမှုမရှိဘူး။ ပြီးတော့ ထောက်လည်း မထောက်ခံပါဘူး
ခင်ဗျာ။”

မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေကတော့ ပြီးခဲ့တဲ့လတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ
အတည်ဖြစ်သွားပြီဆိုလို့ရှိရင် အပစ်အခတ်ရပ်ဆဲရေး ရယူထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဥပဒေဘောင်ဝင်ရမယ်၊ လက်နက်စွန့်ရမယ်ဆိုတဲ့ သဘောထား
မျိုး ပြောနေပါတယ်။ ဒီလိုမျိုး လက်နက် ဖြုတ်ခိုင်းမယ်ဆိုရင်လည်း မွန်ပြည်သစ်ပါတီ
က သဘောထား ဘယ်လိုရှိပါသလဲခင်ဗျ။

“သူတို့က အတင်းအဓ္ဓမ အင်အားသုံးပြီးတော့ လက်နက်ဖြုတ်ခိုင်းတယ်။ ပါတီကို
ဖြတ်ခိုင်းတယ်။ ကျွန်တော်တို့ တပ်နဲ့ ပါတီကို တသီးတခြားဖြစ်အောင်လုပ်မယ်ဆိုရင်
နိုင်ငံရေးဦးတည်ချက်အရ ကျွန်တော်တို့ ကာကွယ်ရမယ့် အခြေခံမူပဲဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရက သူတို့လုပ်နေတဲ့ နိုင်ငံရေး လမ်းညွှန်မြေပုံဟာဆိုရင် အခုဆိုရင်
စတုတ္ထအဆင့်ကို ရောက်သွားပါပြီ။ ဒါကို မွန်ပြည်သစ်ပါတီအနေနဲ့ လက်မခံနိုင်ဘူးဆို
ရင် တခြား ဘယ်လိုနည်းနဲ့ လုပ်စေချင်ပါသလဲ။ နိုင်ငံရေး အပြောင်းအလဲဖြစ်အောင်
ဘယ်လို အကြံပြုချင်လဲခင်ဗျ။

“ကျွန်တော်တို့ ရည်မှန်းချက်နဲ့ SPDC ချထားတဲ့ လမ်းကြောင်းနဲ့က တလွဲစီဖြစ်နေတယ်
လေ။ အဲဒီလို လွဲနေတဲ့လမ်းကြောင်းလဲ ကျွန်တော်တို့ မလိုက်နိုင်ပါဘူး။ ကျွန်တော်တို့
ချမှတ်ထားတဲ့ နိုင်ငံရေးပေါ်လစီက တွေ့ဆုံဆွေးနွေးရေးတခုပဲ။ တွေ့ဆုံဆွေးနွေးပြီး
တော့ပဲ ဖြေရှင်းချင်တယ်။ ဖြေရှင်းပေးဖြစ်အောင်လဲ အပစ်အခတ်ရပ်စဲပြီးကတည်းက တစိုက်မတ်မတ် ကြိုးစားခဲ့တယ်။ အမျိုးသားညီလာခံမှာလည်း တက်ရောက် အကြံပြု ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ အမျိုးသားညီလာခံမှာ တက်ရောက်ခဲ့တဲ့အခါမှာ အမျိုးသား
ညီလာခံရဲ့ ရလဒ်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ရော၊ ဒီမိုကရေစီနိုင်ငံတခု ပေါ်ထွန်းဖို့အတွက်ရော အလှမ်းဝေးနေတဲ့ အတွက်ကြောင့်မို့ အမျိုးသားညီလာခံကနေပြီးတော့ ပြီးပြည့်စုံတဲ့ ဖြေရှင်းချက် ထုတ်နိုင်လိမ့်မယ်လို့
မယုံကြည်တဲ့အတွက်ကြောင့် အမျိုးသားညီလာခံက ထွက်လာခဲ့တယ်။ ကျွန်တော်တို့ ရည်မှန်းချက်အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဆက်ပြီးတော့
ကြိုးစားသွားမယ်။ ပြည်သူတွေကို ကျွန်တော်တို့ ပြောမယ်။ တွေ့ဆုံဆွေးနွေးရေးသာ
လျှင် မြန်မာပြည်အတွက် ကောင်းသော ထွက်ပေါက်တခု ဖြစ်တယ်ဆိုတဲ့အကြောင်း
ဆက်ပြီးတော့ ရှင်းပြမယ်။ ဒီအဖြေကလွဲပြီး တခြားအဖြေနဲ့ ဘယ်လိုပဲ လုပ်လုပ်၊
တဇွတ်ထိုးပဲလုပ်လုပ် ဖြေရှင်းမပေးနိုင်ဘူး။ ကျွန်တော်တို့လည်း မယုံကြည်ဘူး။ ”

အခုက သုံးပွင့်ဆိုင်တော့ မဟုတ်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်
တို့ တွေ့ဆုံနေတာတော့ ရှိပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်သစ်ပါတီ
က ဘယ်လောက်ထိ မျှော်လင့်ထားပါလဲ။

“၂ /၂၀၀၈ ထွက်ပြီးကတည်းက ဒီတေ့ွဆုံမှုတွေဟာ အလကားဖြစ်သွားပြီလို့ ကျနော်
မြင်တယ်။ ဘာမှ အရာမထင်ဘူးလို့လည်း ကျွန်တော် ယုံကြည်တယ်။ ဒီတွေ့ဆုံမှုက
တကယ့် စစ်မှန်တဲ့ တွေ့ဆုံမှု အစစ်အမှန် မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။”

ဒါဆိုလို့ရှိရင် မွန်ပြည်သစ်ပါတီအနေနဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး လမ်းပြမြေပုံကို ဒီ
အတိုင်းဆို လက်မခံနိုင်ဘူးဆိုတော့ အပစ်အခတ်ရပ်စဲရေးရယူထားတဲ့ သဘော
တူညီချက်ကရော နောက်ပိုင်း ပြတ်မလာနိုင်ဘူးလား။

“သဘာဝအရတော့ ရှိမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားညီလာခံ
က နုတ်ထွက်ပြီးနောက်ပိုင်း တစတစ ဖိအားပေးမှုရှိခဲ့တယ်။ စီးပွားရေး အခွင့်အရေး
တွေ တစတစ ဖြတ်တောက်ခံနေရတာကို ကြည့်ချင်းအားဖြင့် နောက်ဆုံးတော့
ပြတ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းမှာမူတည်ပါတယ်။ ကျနော်တို့ကတော့ စပြီးဖျက်မှာ မဟုတ်ဘူး။”

မွန်ပြည်သစ်ပါတီက ပြောခွင့်ရသူ နိုင်အောင်မငဲပြောခဲ့တာပါ။ မွန်ပြည်သစ်ပါတီဟာ မြန်မာစစ်အစိုးရနဲ့ ၁၉၉၅ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေးယူခဲ့တာပါ။
အမျိုးသားညီလာခံ ကနဦးပိုင်းကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့်
နောက်ပိုင်းမှာတော့ ကိုယ်စားလှယ်အဆင့်ကနေ လေ့လာသူအဆင့်အထိ
မွန်ပြည်သစ်ပါတီဖက်က လျှော့ချခဲ့တာပါ။ နောက်ပိုင်းတော့ မြန်မာစစ်အစိုးရနဲ့ နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG