သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးတွင် ဘက်ပေါင်းစုံ ပါဝင်နိုင်ရေး ကုလသမဂ္ဂနဲ့ အမေရိကန်တောင်းဆို


မြန်မာစစ်အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်တွေကို အစကပြန်ပြီး စတင် လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂကတော့ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့ရေးဟာ လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်ပေါ်မှာသာ မူတည်တယ်လို့ ပြောဆိုပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးဖြစ်စဉ်တွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပါဝင်ခွင့်ပေးဘို့နဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ စစ်အစိုရအကြား တွေ့ဆုံဆွေးနွေးမှုတွေ ဆက်ပြီး အကောင်အထည်ဖေါ်ဘို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ထားတဲ့ အတွက် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံကို အမေရိကန်ပြည်ထောင်စုက အခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဒန် ဂျွန်ဒိုး (Gordon Johndroe) က မြန်မာစစ်အစိုးရ ကျင်ပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲလို့ အဓိပ္ပါယ်ဖွင့်ဘို့ ခက်တဲ့အကြောင်း ပြောဆိုပါတယ်။ စစ်အစိုးရအနေနဲ့ စစ်မှန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲမယ်ဆိုရင် လုပ်ငန်းစဉ်အားလုံးကို အစက ပြန်စဘို့ လိုတယ်လို့ ပြောဆိုပါတယ်။ အခု စစ်အစိုးရ ရေးဆွဲထားတဲ့အခြေခံဥပဒေဟာ လူ ရယ်စရာဖြစ်နေ တယ်လို့လည်း အာဖရိကနိုင်ငံက ဝေဖန်ပါတယ်။

အမေရိကန်သမ္မတ ဂျော့ရှ်ဒဘလျု ဘုရှ်နဲ့အတူ အာဖရိကနိုင်ငံတွေကို လိုက်ပါရင်း ဂါနာနိုင်ငံမှာ ဂေါ်ဒန် ဂျွန်ဒိုးက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုလိုက်တာပါ။

လာမယ့် မေလ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကို အတည်ပြုပြီးရင် သက္ကရာဇ် ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်အစိုးရ ကြေညာထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသားကို လက်ထပ်ခဲ့တဲ့အတွက် ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ စစ်အစိုးရက ပြောဆိုထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်အတွင်းမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံး ပါဝင်နိုင်ခွင့် မရှိတဲ့အပြင် အခြေခံ ဥပဒေနဲ့ပတ်သက်လို့ ပြည်သူလူထုကြားမှာ ကျယ်ကျယ်ပျံ့ပျံ့ ဆွေးနွေးနိုင်ခွင့် အားနည်းတယ်ဆိုပြီး မြန်မာ့အရေးလေ့လာသူတွေ ဝေဖန်ပြောဆိုနေတာတွေ ရှိပါတယ်။

စစ်အစိုးရကတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အခြေခံမှုတွေကို ပြည်သူတွေ သိရှိလေ့လာနိုင်ဘို့ အသေးစိတ် ထုတ်ပြန်ပြီး ကောက်မရှင်အဖွဲ့ဝင် အားလုံးရဲ့ အကြိမ်ကြိမ် ဆွေးနွေးအကြံပြုချက်တွေနဲ့ သဘောတူဆုံးဖြတ်ခဲ့တာလို့ ရေးဆိုပါတယ်။

ကုသလမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ဒု ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘေး (Marie Okabe) က အဂါၤနေ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပေးဘူးဆိုတာနဲ့ ပတ်သက်လို့ အခုလို ပြောဆိုပါတယ်။

လောလောဆယ် ချက်ခြင်း အတွင်းရေးမှုးချုပ်ရဲ့ သဘောထား ထုတ်ဖေါ်ပြောဆိုတာတော့ မရှိသေး ပါဘူး၊ အတွင်းရေးမှုးချုပ်အနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုထားတဲ့အတိုင်း မစ္စတာ ဂမ်ဘာရီကတဆင့် မြန်မာနိုင်ငံ့အရေးမှာ အတွင်းရေးမှုးချုပ်ရုံးက ကြားဝင် ဆောင်ရွက် နိုင်အောင် ကြိုးပမ်းနေပါတယ်လို့ ပြန်ဖြေသွားပါတယ်။ မစ္စတာဂမ်ဘာရီဟာ အခု တရုပ်နိုင်ငံကနေ ဒေသတွင်း နိုင်ငံတွေကို ဆက်ပြီး ခရီးဆက်ဘို့ ပြင်ဆင်နေပါတယ်လို့ ပြန်ဖြေသွားတာပါ။

တရုပ်နိုင်ငံကို ရောက်ရှိတဲ့အချိန်မှာ မစ္စတာဂမ်ဘာရီက မြန်မာစစ်အစိုးရက ကျင်းပဘို့ စီစဉ်ထားတဲ့ လူထုဆန္ဒခံယူပွဲကို လူအများလက်ခံအောင် ထိန်ချန်ဖုံးကွယ်မှု ကင်းဘို့နဲ့ သက်ဆိုင်ရာ အားလုံး ပါဝင် ခွင့် အရေးကြီးတယ်ဆိုတာကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရအကြား ခြေခြေမြစ်မြစ်ရှိပြီး အချိန်အတိုင်းအတာ တိတိကျကျ သတ်သတ်မှတ်မှတ်နဲ့ အကောင်အထည်ဖေါ်တဲ့ တွေ့ဆုံဆွေးနွေးရေး အကောင်အထည် ဖေါ်နိုင်ဘို့ ကလည်း အရေးကြီးတဲ့အကြောင်း မစ္စတာ ဂမ်ဘာရီ ပြောဆိုသွားခဲ့ပါတယ်လို့ မာရီ အိုကာဘေးက ပြောဆိုသွားတာပါ။

ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ဝင်ခွင့် မပေးဘူးဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် စိုးရိမ်တဲ့အကြောင်း အာစီယံနိုင်ငံတွေကလည်း ထုတ်ဖေါ် ပြောဆို ထားပါတယ်။ စကာၤပူနိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် မပေးဘို့ စစ်အစိုးရက ပိတ်ပင်တာဟာ အံအားသင့်စရာ ကောင်းပြီး လက်ရှိအနေအထား တွေနဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်း ဝေဖန်ပြောဆိုပါတယ်။

မြန်မာစစ်အစိုးရအပေါ် လက်နက်တင်ပို့မှု ပိတ်ပင်ရေးနဲ့ အရေးယူဒဏ်ခတ်မှုတွေ ပြဌာန်းဘို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့တာနဲ့ ပတ်သက်လို့တော့ အရေးယူပိတ်ဆို့ရေး ကိစ္စဟာ လုံခြုံရေးကောင်စီကသာ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်လို့ အတွင်းရေးမှုးချုပ်ရဲ့ ဒု ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘေးက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG