သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက နိုင်ငံရေးတိုးတက်မှုတွေ နှေးကွေးနေတဲ့အပေါ် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ စိတ်ပျက်


မြန်မာပြည်ရဲ့ ဒီမိုကရေစီကူးပြောင်းရေး လုပ်ဖို့သွားနေတဲ့ လုပ်ငန်းစဉ်တွေဟာ နှေးကွေးနေတာကြောင့် သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီက ပြောဆိုတဲ့အကြောင်း ဒီကနေ့ထုတ် အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုဖို့လည်း သူ့အနေနဲ့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေးကိစ္စတွေကို အိမ်နီးချင်း တိုင်းပြည်က ခေါင်းဆောင်တွေနဲ့ လှည့်ပြီးဆွေးနွေးနေတဲ့ မစ္စတာဂမ်ဘာရီဟာ အခု အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေပြီး အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘမ်း ယူဟိုယူနို နဲ့ ဒီကနေ့ တွေဆုံခဲ့ပါတယ်။

မြန်မာပြည် ဒီမိုကရေစီရေး ပြောင်းလဲဖို့ လုပ်နေတာတွေရဲ့ ရလဒ်တွေဟာ မြန်မြန်ဆန်ဆန် မရှိဘူး ပိုပြီးထိရောက်တာတွေ မရှိလို့ သူ့အနေနဲ့ စိတ်ပျက်မိတယ်၊ ရလဒ်တွေ ပိုထွက်လာအောင် ကျနော်တို့ ဆက်ပြီး တွန်းသွားရမယ်လို့ မစ္စတာ ဂမ်ဘာရီ က အေပီသတင်းကို ပြောခဲ့ပါတယ်။

အခုလာမယ့် မတ်လဆန်းထဲမှာပဲ မြန်မာပြည်ကို သွားခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဒီကနေ့ ဖော်ပြထားတာတစ်ခုကတော့ မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘမ်းက မြန်မာစစ်အစိုးရက ပြုလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေကို အားပေးထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆင် ဝီဒါယုဒ ကတော့ မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို မေလမှာပြုလုပ်မယ့် ဆန္ဒခံယူပွဲ မတိုင်ခင်မှာ သေသေချာချာ စိစစ်တည်းဖြတ်သင့်တယ်လို့ ပြောလိုက်တဲ့အကြောင်း ဖိုင်နင်ရှယ်တိုင်းစ် (Final Times) သတင်းစဉ်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG