သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မြို့ အမှိုက်ပုံက ဗုံးကွဲမှုကြောင့် မြန်မာနိုင်ငံသား ၁၄ ဦး ဒဏ်ရာရ


ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၄ ယောက်လောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်အေးအေးမာက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘန့်စောင်ကွင်း အရပ်က အကြီးဆုံး အမှိုက်ပုံကြီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ရာမှာ နှစ်ဦးက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

“အပြင်းအထန် ထိတာကတော့ လူကြီးတစ်ယောက်၊ ခလေးတစ်ယောက်ပေါ့၊ လူကြီးက ဘွတ်တား၊ သူ့မျက်လုံးအောက်က မျက်ခွံ အသားကြီးက စုတ်ထုတ်ပြီးတော့ မျက်လုံးကြီးက အပေါ်ကို ပြူးထွက်သွားတာပေါ့၊ ခလေးလေးကတော့ မြင်လိုက်ရတာ ကတော့ ဒီခေါင်းတခြမ်းမှာရော ရိုတ်လိုက်တယ်လေ။ သူ့လက်မှာတွေရော၊ ခေါင်းမှာတွေရော၊ ဗိုက်မှာတွေရော၊ ခြေထောက်မှာတွေရောလေ။ အဒေါ် မြင်လိုက်တာကတော့ သူ့ခြေထောက်မှာကတော့ ဒဏ်ရာက ဘယ်နားမှာ ထိလို့ထိမှန်းမသိဘူး၊ သွေးထွက်တာပဲ အဒေါ် မြင်လိုက်တယ်၊ တွေ့လိုက်တယ်။”

ထိခိုက်ဒဏ်ရာရရှိသူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကြီး တဦး ပြောပြခဲ့တာပါ။ ဖြစ်ပွားပုံကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်စောစော အချိန်မှာ အမှိုက်သိမ်း ကားကြီးတွေဟာ တမြို့လုံးက အမှိုက်တွေကို သယ်ဆောင်လာပြီး ဘန့်စောင်ကွင်း အရပ်မှာရှိတဲ့ အကြီးဆုံး အမှိုက်ပုံမှာ စုံပုံပြီး ပစ်ကြပါတယ်။ အဲဒီနေရာမှာ အမှိုက်ကနေ ပလက်စတစ်နဲ့ တခြား အသုံးဝင်မယ့် ပစ္စည်းလေးတွေ ကောက်ပြီး ဝမ်းစာရေးကို ရှာဖွေနေကြတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော် နေထိုင်နေတဲ့နေရာလည်း ဖြစ်ပါတယ်။

မနက် ၈ နာရီခွဲ အချိန်လောက်မှာတော့ နံပါတ် (၃) တံဆိပ် ရေးထားတဲ့ အမှိုက်ကား နံပါတ်ကားနံပါတ် - ၇၇၄၂ လာတဲ့အချိန်မှာ အမှိုက်တွေ ကောက်ဖို့အတွက် လူ ၅၀ ခန့် စုဝေးနေကြပါတယ်။ အမှိုက်ကားလာတဲ့ အချိန်မှာတာ့ ဂေါ်ပြားတွေ၊ ဓါးကောက်တွေနဲ့ တူးဆွပြီး အမှိုက်တွေကို ရှာဖွေကြပါတယ်။ ဒီလို အမှိုက်တွေကို ရှာဖွေရင်း ဗုံးဒဏ်ထိပြီး သတိမေ့သွားတဲ့ အမျိုးသမီးကြီးတဦး ပြောပြခဲ့တာကတော့ -

“ကားကလည်း အမှိုက်တွေ လောင်းပြီးတာနဲ့ ကားကလည်း ထွက်သွား၊ နောက်ကနေ လူတွေက ဟိုကား မလာခင်ကတည်းက လူတွေက နေရာယူ ထားပြီးတော့ တန်းစီထားနေပြီ၊ ကားကလည်း လောင်းမယ်ဆိုတော့ လောင်းလည်းအပြီး ကားကလည်းထွက်မယ် ဆိုတော့ မြန်မြန်ပေါက်၊ ပေါက်ကြတာပေါ့။ အဲလို အမှိုက်တစ်ကားလုံးမှာ ပေါက်တာက သုံးချိုး တစ်ချိုးလောက်ပဲ ကျအုံးမယ်၊ အဲဒီမှာ ပေါက်ရင်း ပေါက်ရင်းနဲ့ပေါ့နော် ဘယ်သူက လုပ်မိမှန်းမသိ၊ ဘယ်သူက ထိမိမှန်းလည်း မသိ၊ ဘယ်သူကမှလည်း မသိကြဘူး။ နင်လည်း အမှိုက်ပေါက်၊ ငါလည်း အမှိုက်ပေါက်၊ ပေါက်နေတာပဲ။ အဲဒါ သူ့ဟာသူ ဘယ်ကနေဘယ်လို ပေါက်ကွဲတာလဲ မသိဘူး၊ အဒေါ့် စိတ်ထဲမှာကတော့ ဟိုဘက်တခြမ်းက လူက အဒေါ့်ကို မျက်နှာကို ဒီလောက်ရှိတဲ့ ခဲလုံးနဲ့ အဒေါ့်မျက်နှာကို ပေါက်ထည့်သလိုပဲပေါ့၊ အဒေါ်ထင်တာက မိုင်းကွဲတယ်လို့ အဒေါ်မထင်ဘူး၊ တခါတည်း အဒေါ် မျက်စိဖမ်းပိတ်ပြီးတော့ အဒေါ် ဘယ်အချိန်က လဲလို့လဲမှန်းလည်း မသိတော့ဘူး။ တခါတည်း
ဝုန်းဆိုတော့ အဒေါ်က နားမှာကြားလိုက်တာက ခလေးငယ်ငယ် အသံလေး သိလား။ ဘယ်လိုလဲ မသိဘူး၊ ကျွတ်ကျွိ ကျွတ်ကျွိနဲ့ နားမှာ အဲဒီလိုပဲ ကြားပြီးတော့ အဒေါ်လည်း မေ့သွားတာပဲ၊ သတိလည်း မရတော့ဘူး။ အဲဒါ ဘယ်ကနေ ထိလို့ ဘယ်သူထိမှန်းတောင် မသိတော့ဘူး။”

မျက်စိနဲ့ မျက်နှာ၊ လည်ပင်းတဝိုက်မှာ ဒဏ်ရာရှိခဲ့တဲ့ ခလေးငယ်တစ်ဦး ပြောပြတာက -

“လန့်သွားတယ်၊ သားက အဲဒီမှာ ထွက်ပြေးတုန်း ထိသွားတာပေါ့၊ ဟိုးရေတွင်းမှာ မျက်နှာသွားသစ်လိုက်တာ။”

အမျိုးသမီးကြီး တစ်ဦးကတော့ ထိခိုက်မှု မရှိပေမယ့် ဖြစ်ပျက်တဲ့အချိန်မှာ မျက်မြင်တွေ့ရှိမှုကို အခုလို ပြောပြပါတယ်။

“အဲဒီ အလုံးကြီးက ပေါက်ကွဲသွားတဲ့အခါကျတော့ ထိတဲ့လူကလည်း ပြေး၊ နင်ပြေး ငါပြေး ပြေးတော့ သူကလည်း ပြေးသွားတယ်၊ အမေက မပြေးနိုင်တော့ဘူး။ အမေက အဲဒီ အမှိုက်တောထဲမှာပဲ၊ အငွေတောမှာပဲ လဲသွားတာ။ အဲဒါနဲ့ ခလေးကို ပြေးကြည့်မလို့ ကြည့်တော့ ခလေးက ရေတွင်းထဲမှာ မျက်နှာ တအားပူတယ် ဆိုပြီးတော့ မျက်နှာ သွားသစ်လိုက်တယ်လေ။”

ဒဏ်ရာရရှိသူတွေထဲက နှစ်ဦးကတော့ မဲဆောက်ဆေးရုံ အရေးပေါ် လူနာဌါနမှာ ကုသခံနေရဆဲ ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဒဏ်ရာသိပ်မပြင်းထန်ဘူး ဆိုပြီး
ဆေးဝါးတွေ ပေးပြီး ပြန်လည် လွှတ်ပေးလိုက်ပါတယ်။ ထိုင်းရဲတွေကတော့ ဒဏ်ရာရ လူနာတွေကို ဖမ်းပြီးအချုပ်ထဲမှာ ထည့်ထားလိုက်တာကြောင့် အိမ်ပြန်ပို့ပေးမယ် ထင်ပြီး ကားနဲ့လိုက်သွားကြတဲ့ မြန်မာပြည်သားတွေဟာ အခုချိန်မှာတော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကြုံနေရပါတယ်။

အခုချိန်ထိတော့ ဗုံးခွဲတဲ့သူဟာ ဘယ်သူဘယ်ဝါလဲ ဆိုတာ မသိရသေးပါဘူး။ ထိုင်းရဲနဲ့ စစ်တပ်က စုံစမ်းစစ်ဆေးနေကြပါတယ်။ မကြာခင် ရက်ပိုင်းကလည်း မဲဆောက်မြို့ နေအိမ်မှာ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပါတယ်။ ဒီအမှုဟာလည်း အခုထိတော့ မပေါ်သေးပါဘူး။ မဲဆောက်မြို့ လုံခြုံရေးကလည်း ထူးထူးခြားခြား တင်းကြပ်မှုတွေ မရှိဘူးလို့လည်းဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG