ဘဲလ်ဂိတ်မှာရှိတဲ့ အမေရိကန်သံရုံးကို လုံလောက်တဲ့ လုံခြုံရေး ပေးမထားတဲ့အပေါ် ဆားဘီးယားနိုင်ငံကို အမေရိကန်ပြည် ထောင်စုကနေ တရားဝင် ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ ကိုဆိုဗို လွတ်လပ်ရေး ကြေညာတာကို အမေရိကန်ပြည်ထောင်စုက ထောက်ခံလိုက်တာကြောင့် ဆားဘီးယားက ဆန္ဒပြသူတွေဟာ အမေရိကန်သံရုံးကို တိုက်ခိုက်ပြီး အစိတ်အပိုင်းအချို့ကို မီးလောင်ဖျက်ဆီး လိုက်ပါတယ်။ ဒီနောက် အမေရိကန်ဖက်က ဆားဘီးယားကို အခုလို ကန့်ကွက်စာပေးပို့ခဲ့တာပါ။
ဘဲလ်ဂိတ်က အမေရိကန်သံရုံးကို လူဆိုးလူရမ်းကားတွေက တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီးက မနေ့က ပြောသွားပါတယ်။ ဆာဘီးယားရဲတပ်ဖွဲ့က အခုအဖြစ်အပျက်ကို ကာကွယ်နိုင်ခြင်း မရှိတာကြောင့် အမေရိကန်ဖက်က မကျေမနပ်ဖြစ်တယ် ဆိုတာကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနကနေ ဆားဘီးယားအစိုးရကို အသိပေးခဲ့ပါတယ်။ သံရုံး ဖျက်ဆီးခံရပြီးတဲ့နောက်ကျမှ အာဏာပိုင်တွေဖက်က လုံလောက်တဲ့ ရဲအရေအတွက် ချထားပေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ရွှန် မက်ကောမက် က ပြောပါတယ်။
ဘဲလ်ဂိတ်မှာ ကိုဆိုဗိုက ခွဲထွက်ပြီး လွတ်လပ်ရေး ယူခဲ့တာနဲ့ပတ်သက်လို့ ငြိမ်းငြိမ်း ချမ်းချမ်းပဲ အကြီးအကျယ် ဆန္ဒပြနေရာကနေ လူအုပ်တစ်အုပ်ဟာ ဖဲ့ထွက်ပြီး အမေရိကန်သံရုံးကို အခုလို စီးနင်း တိုက်ခိုက်ခဲ့ကြတာပါ။ ဒီနောက် သံရုံး အဆောက်အဦရဲ့ မျက်နှာစာနဲ့ ရုံးခန်းတစ်ခန်းကို မီးရှိုှု့ဖျက်ဆီးလိုက်ကြပါတယ်။ မီးကတော့ လျှင်လျှင်မြန်မြန်ပဲ ငြိမ်းသွားပေမယ်လို့ ဒီနောက်ပိုင်းတော့ မီးလောင်ထားတဲ့ အလောင်းတစ်လောင်း တွေ့ရပါတယ်။ ဒါဟာ ဆန္ဒပြသူတွေထဲက တစ်ဦးဖြစ်မယ်လို့ သံရုံးက ယုံကြည်ပါတယ်။
ဆန္ဒပြသူတွေဟာ ခရိုးအေးရှာ သံရုံးကိုလည်း မီးရှို့ပြီး ခဲတွေနဲ့ ပစ်ပေါက်ကြသလို ဂျာမန်သံအဖွဲ့ ရုံးတစ်ခုက ဂိတ်စောင့်အိမ်တလုံးကိုလည်း မီးတင်ရှို့လိုက်ကြပါတယ်။ ဒါ့အပြင် ဗြိတိန်သံရုံး အပြင်ဖက်က ကားတစ်စင်းကိုလည်း မီးရှို့လိုက်ပါတယ်။