သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာ ဂမ်ဘာရီ အင်ဒိုနီးရှား သမ္မတနဲ့ မြန်မာ့အရေး ဆွေးနွေး


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီဟာ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘမ်းနဲ့ ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စနစ်တရပ် ဖြစ်ထွန်း ပေါ်ပေါက်လာစေဖို့အတွက် မြန်မာ့ အိမ်နီးချင်း တိုင်းပြည်က ခေါင်းဆောင်တွေနဲ့ လှည့်လည် တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အခုလို တွေ့ဆုံမှုတွေအတွင်း အင်ဒိုနီးရှားသမ္မတက မြန်မာစစ်အစိုးရဘက်က လာမယ့် မေလမှာ ပြုလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲ ကိစ္စတွေနဲ့ ၂၀၁၀ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိစ္စကို အားပေးထောက်ခံတယ်လို့ သမ္မတက ပြောဆိုပါတယ်။

ဒါပေမဲ့ မြန်မာစစ်အစိုးရဘက်က အခုလို လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ရာမှာ ပြည်သူလူထုအတွက် ထင်သာမြင်သာဖြစ်ဖို့ လိုအပ်သလို၊ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးပါဝင်နိုင်မယ့် လုပ်ငန်းစဉ် တွေဖြစ်ဖို့ လိုတယ်လို့ သမ္မတက ပြောဆိုခဲ့ကြောင်း အင်ဒိုနီးရှားအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့ကလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆင် ဝီဒါယုဒနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှား အပါအဝင် အခြားအရှေ့တောင် အာရှနိုင်ငံများအနေနဲ့ မြန်မာစစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် မျှော်လင့်ထားပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အစကာလတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးခဲ့ ပေမယ့် နောက်ဆုံး သူမနဲ့ NLD ပါတီတို့ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ သာဓကတွေ မြန်မာနိုင်ငံမှာ ရှိပါတယ်။”

စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး Gerore Yoe က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ရွေးကောက်ပွဲအဝင်မခံဘူးဆိုတဲ့ကိစ္စဟာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၊ ဒေသတွင်း နိုင်ငံရေး အခင်းအကျင်းနဲ့ မြန်မာပြည်ထဲက နိုင်ငံရေးအခင်းအကျင်း တွေနဲ့ပါ
အံဝင်ဂွင်ကျ မဖြစ်သလို လွဲချော်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အာစီယံမူဝါဒတွေတိုင်း အခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတာကတော့ အာစီယံနိုင်ငံတွေရဲ့ မူဝါဒဖြစ်တယ်လို့ လည်း စင်ကာပုူနိုင်ငံခြားရေဝန်ကြီၤး George Yeo ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ အခုချိန်အထိ တိုးတက်လာမှု မရှိသေးတဲ့ အတွက်လည်း သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့ မစ္စတာ ဂမ်ဘာရီက အင်ဒိုနီးရှားနိုင်ငံမှာ ပြောဆိုခဲ့ပါသေးတယ်။

“ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး စည်းလုံးညီညွတ်မှုရှိတဲ့ အာမခံချက်တွေရှိတဲ့ အစိုးရအသစ်တရပ် ဖြစ်ထွန်းလာဖို့အတွက် တရုတ်အစိုးရအပါအဝင် အခြား အိမ်နီးချင်းနိုင်ငံတွေ အားလုံးက မြန်မာစစ်အစိုးရကို ထောက်ပြပြောဆိုသင့်ပါတယ်။”

မစ္စတာ ဂမ်ဘာရီဟာ မတ်လအတွင်းမှာ မြန်မာနိုင်ငံကို သွားနိုင်ဖို့ ကြိုးစားနေပေမယ့် မြန်မာ စစ်အစိုးရဘက်ကတော့ သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုချိန်အထိ တစုံတရာ ပြောဆိုခြင်း မရှိသေး ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG