သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ပိုင်နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှု ကန့်သတ်ဖို့ တူရကီကို အမေရိကန် တောင်းဆို


အီရတ်နိုင်ငံ မြောက်ပိုင်းကို မြေပြင်ကနေ
ဝင်ရောက်လာတဲ့ တူရကီတပ်တွေကို ကျုးကျော်တဲ့ လှုပ်ရှားမှုနယ်ပယ်ကို အကန့်အသတ်နဲ့ လုပ်ဆောင်ဖို့နဲ့ ဒီလို ကျုးကျော်မှုတွေကို စောစော အဆုံးသတ်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

မကြာသေးခင် ကာလတွေအတွင်း ကာဒ်လူမျိုးစုတွေရဲ့ ပီကေကေ သူပုန်တွေကို တူရကီတပ်ဖွဲ့က အကြိမ်ကြိမ် ထိုးစစ်ဆင်နေခဲ့ပါတယ်။ အခု မြေပြင်က ကျုးကျော်တဲ့ စစ်ရေးလှုပ်ရှားမှုဟာ အကြီးဆုံး ထိုးစစ်ဆင်မှုတစ်ခု ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် David Gollust အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။

အခု တူရကီတပ်တွေ ထိုးစစ်ဆင်နေတဲ့ ကာဒ်လူမျိုးစုတွေရဲ့ ပီကေကေ ခေါ် ကာဒ်စတန် အလုပ်သမားပါတီဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက သဘောတူပါတယ်။ ဒါပေမယ့်လည်း တူရကီ အစိုးရအနေနဲ့ အခုလို ကာဒ်သူပုန်တွေကို ထိုးစစ်ဆင်နေတဲ့ အခု စစ်ရေး လှုပ်ရှားမှုတွေကိုတော့ အကန့်အသတ်နဲ့လုပ်ဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုပါတယ်။ အီရတ်ရဲ့ လုံခြုံရေးအခြေအနေတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်လာနိုင်တဲ့ အနေအထားတွေကို စိုးရိမ်ပြီး အမေရိကန်ပြည်ထောင်စုဖက်က အခုလို တိုက်တွန်းလိုက်တာပါ။

အခုလို တူရကီတပ်ဖွဲ့တွေ ထောင်နဲ့ချီ ပါဝင်တယ်ဆိုတဲ့ မြေပြင်က ကျုးကျော်မှုအပေါ် အမေရိကန်ပြည်ထောင်စုဖက်က စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်တဲ့အနေနဲ့ သမ္မတ အိမ်ဖြူတော်ကရော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကပါ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ တူရကီတွေရဲ့ စစ်ရေးလှုပ်ရှားမှုနယ်ကို အကန့်အသတ်ထားဖို့ တောင်းဆိုလိုက်တာပါ။

တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရော့စ် ၀ဲယ်လ်ဆန် (Ross Wilson) က တူရကီ အာဏာပိုင်တွေကို တိုက်ရိုက် ပြောဆိုခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရွှန် မက်ကောမက်ခ် (Sean McCormack) က ပြောပါတယ်။

“ကျနော်တို့ဖက်က တူရကီ အာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် အကြံပေးတာက အမြန်ဆုံး ဖြစ်သမျှ အစောဆုံး စစ်ရေးလှုပ်ရှားမှု အဆုံးသတ်ဖို့၊ ဒီ စစ်ရေးလှုပ်ရှားမှုဟာ ပီကေကေ သူပုန်တွေကိုပဲ တိတိကျကျ ပစ်မှတ်ထားပြီး အကန့်အသတ်နဲ့ လှုပ်ရှားဖို့၊ နောက်ပြီး အီရတ်အစိုးရနဲ့ တိုက်ရိုက် အလုပ်လုပ်ဖို့ပါ။ ဒီလိုလုပ်ဆောင်ရမယ့် အထဲမှာ ပီကေကေ သူပုန်တွေရဲ့ ရေရှည် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး ကာဒ် ဒေသတွင်း အစိုးရတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။ တူရကီအစိုးရနဲ့ အခြားသူတွေ အပါအ၀င် ကျနော်တို့အားလုံး သဘောတူတာက ပီကေကေဟာ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျနော်တို့အနေနဲ့ မလွှဲမသွေ ရင်ဆိုင်ဖြေရှင်းရမယ် ဆိုတာပါပဲ။”

ပီကေကေ သူပုန်တွေအရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုဟာ မကြာသေးခင်ကပဲ တူရကီအစိုးရနဲ့ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်တာတွေ တိုးမြှင့်ဆောင်ရွက် ခဲ့ပါတယ်။ ပီကေကေ အဖွဲ့လည်း မကြာသေးခင် လပိုင်းအတွင်းမှာ အီရတ်မြောက်ပိုင်း တောင်ကုန်းတွေပေါ်က စခန်းတွေကို ခြေကုတ်ယူပြီး တူရကီနိုင်ငံထဲကို အသေအကြေ တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။

ဒါပေမယ့်လည်း အခုလို အီရတ်ထဲကို ကျုးကျော်ဝင်တဲ့ စစ်ဆင်ရေးဟာ တူရကီ အနေနဲ့ သူ့ဘာသာ ဆုံးဖြတ်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရွှန် မက်ကောမက်ခ်က ပြောပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ စကော့(တ်) စတန်းဇဲလ် (Scott Stamzel) ကတော့ တူရကီဖက်က အမေရိကန်ပြည်ထောင်စုကို စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ ကြိုတင် အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။ အီရတ်အစိုးကလည်း အလားတူ အကြောင်းကြားမယ်လို့ နားလည်မိတဲ့အကြောင်း ပြောဆိုပါတယ်။

ပီကေကေ ကာဒ်လူမျိုးစု သူပုန်တွေဟာ ကာဒ် အရှေ့တောင်ပိုင်းဒေသကို အဓိက ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် နှစ်ပေါင်း ၂၀ လောက် လက်နက်ကိုင် တိုက်ပွဲဝင် နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်နောက်ပိုင်း ပီကေကေအဖွဲ့နဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေကြားမှာ လူပေါင်း ၃၀,၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။

တူရကီတပ်ဖွဲ့တွေ အီရတ်နယ်ထဲမှာ အချိန်အကြာကြီး ဆက်ရှိနေမယ်ဆိုရင်၊ ကာဒ် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပြီး နောက်ပိုင်း တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမှာ၊ အီရတ်လုံခြုံရေးကို ထိခိုက်လာမှာကို အမေရိကန် ပြည်ထောင်စုက စိုးရိမ်နေပါတယ်။

အီရတ်မှာရှိတဲ့ ကာဒ်အဖွဲ့တွေဟာ ပီကေကေ အဖွဲ့ရဲ့ လူပ်ရှားမှုတွေကို မသိကျိုးကျွံ ပြုနေတယ်လို့ တူရကီဖက်က စွပ်စွဲထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရွှန် မက်ကောမက်ခ်ကတော့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေတဲ့တချိန်တည်းမှာ ကာဒ်လူမျိုးစု ဒေသဆိုင်ရာ အစိုးရတွေနဲ့ အီရတ် အာဏာပိုင်တွေကို ချဉ်းကပ်ဖို့ကိစ္စက သေသေချာချာ စဉ်စားလုပ်ဆောင်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG