သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မြို့ ဗုံးကွဲမှုတွင် ဒဏ်ရာရသူများ တရားမဝင် ဝင် ရောက်မှုဖြင့် ထိုင်းရဲက ဖမ်းဆီး


သောကြာနေ့ မနက်စောစောမှာ မဲဆောက်က ဘန့်စောင်ကွင်း အမှိုက်ပုံ ဗုံးပေါက်ကွဲခဲ့လို့ အမှိုက်ပုံမှာ အမှိုက်ကောက်ပြီး ဝမ်းစာရှာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဒီဒဏ်ရာတွေကြောင့် ဆေးရုံရောက်ခဲ့ရသူတွေကို အခု ထိုင်းရဲက တရားမဝင် ဝင်ရောက်မှုနဲ့ မဲဆောက်ဆေးရုံကနေ ဖမ်းဆီးသွားပြီး ဗုံးပေါက်ကွဲမှုအတွက် စစ်ဆေးတာတွေ မလုပ်ပေးဘဲနဲ့
သူတို့ မိသားစုတွေကိုတော့ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်ခင်မျိုးသက်က ဆက်သွယ် တင်ပြထားပါတယ်။

ရဲစခန်းမှာ အဖမ်းခံခဲ့ရသူတွေကို သွားရောက်တွေ့ဆုံပြီး အကူအညီပေးနေတဲ့ မဲဆောက်
အခြေစိုက် ရောင်ခြည်ဦး မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုနေနိုင်က ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရနေတဲ့သူတွေထဲက ၃ ဦးဟာ ဒဏ်ရာ ပြင်းထန်တဲ့အတွက် ဆေးရုံမှာပဲ ရှိနေသေးတယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့။ လောလောဆယ် ဆေးရုံမှာ ၁၁ ယောက် ရှိပြီးတော့ ကျန်တဲ့ အတွင်းလူနာအဖြစ် ၃ ယောက်က ဆေးရုံကြီးမှာ ခဏတင်ထားတယ်။”

အချုပ်ထဲက ၁၁ ယောက်ကို အမှုတွေ ဘာတွေ စစ်ပြီလား။ -

“ဘာမှ သူတို့ကို အကျိုးအကြောင်း မပြောဘဲနဲ့ကို ချုပ်ထားတယ်၊ ဖမ်းထားတယ်လေ အချုပ်ထဲမှာ။”

ဒီ တရားမဝင် ဝင်ရောက်လာမှုနဲ့ မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ကြားနေတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ထိုင်းရဲက ဘာပြောသေးလဲ။ -

“ဒီမနက် ဒဏ်ရာရတဲ့သူတွေထဲမှာပါတဲ့ မိသားစုတွေကိုတော့ ဒီမနက်က မြန်မာပြည်ကို ပြန်ပို့လိုက်တယ်။ ဒဏ်ရရတဲ့သူတွေက လောလောဆယ် ဒီ ၁၁ ယောက်ကတော အခုချိန်ထိ ရဲအချုပ်ထဲမှာ ဖမ်းထားချုပ်ထားတုန်းပဲလေ။”

ဒီ ၁၁ လောက်ရဲ့ မိသားစုတွေကို မြန်မာနိုင်ငံကို ပြန်ပို့လိုက်တာပေါ့။ -

“ဟုတ်ကဲ့၊ ဒီမနက်က ပြန်ပို့လိုက်ပြီ။”

ဆေးရုံကို တက်နေတဲ့ ၃ ယောက်ရဲ့ အခြေအနေကရော။ -

“ဆေးရုံကို ဒီနေ့ ကျနော် မရောက်ဖြစ်ဘူးခင်ဗျ။ ကျနော်တို့ ဒီနေ့ အချုပ်ထဲနဲ့တင် အချိန်ကုန် နေတယ်။ မနက်ကျရင်လည်း အချုပ်ထဲသွားပြီးတော့ ထမင်း သွားပို့ပေးအုံးမယ်လေ။”

ဒီအချုပ်ထဲကလူတွေ ပြန်ပို့မယ် မပို့ဘူး ရဲက ဘာမှမပြောသေးဘူးလား။ -

“ကျနော်တို့ ဘာမှ မသိရသေးဘူးခင်ဗျ။”

အခု အမှိုက်ပုံမှာ ဗုံးပေါက်ကွဲတဲ့အတွက် အမှိုက်ပုံ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်ရဲ့ အရေးက ဘယ်လိုရှိလဲ။ -

“အဲဒီ ဗုံး ပေါက်ကွဲတဲ့ထဲမှာ မပါတဲ့သူတွေကတော့ သူတို့ဘာသာ အလုပ်လုပ်နေတာပေါ့။ ဒဏ်ရာရတဲ့သူတွေကတော့ အဓိက မျက်မြင်သက်သေတွေကိုတော့ ချုပ်ထားတယ်လို့တော့ ယူဆရတာပဲ။”

မျက်မြင်သက်သေအနေနဲ့ ထားထားတာလား။ -

“ဟုတ်ကဲ့။ ဒါပေမယ့် အခုဟာ ဒဏ်ရာလည်း ရထားတယ်။ ဆေးလည်း မပေးကုဘူး။ ထမင်းလည်း မကျွေးဘူးလေ၊ သူတို့ကို ချုပ်ထားတယ်လေ။ အဲဒါကိုတော့ မလုပ်သင့်ဘူးပေါ့နော်။ ထမင်း မကျွေးဘူးခင်ဗျ။ အဲဒါကြောင့် ကျနော်တို့ ရုံးကနေပြီးတော့ မနက်စာ ထမင်း အယောက် ၂၀ စာပို့တယ်။ ဒီညနေ ခဏနေကျရင် ကျနော် ထမင်း သွားပြန်ပို့ပေးရအုံးမယ်။ သူတို့ ၁၁ ယောက်စာ။”

အခု အဖမ်းခံနေရသူ ၁၁ ဦးအတွက် စားရေးသောက်ရေးကို ရောင်ခြည်ဦး အလုပ်သမား စောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူ ကူညီစောင့်ရှောက်ပေးနေတဲ့ အပြင် မြန်မာနိုင်ငံ ပြန်ပို့ခံရ သူတွေရဲ့ အရေးကိုပါ လိုက်ပါ ဆောင်ရွက်ပေးနေတယ်လို့လည်း ကိုနေနိုင်က ပြောပါတယ်။ ဒါ့အပြင် ရောင်ခြည်ဦးအဖွဲ့ဟာ ထိုင်းရှေ့နေများ ကောင်စီအဖွဲ့၊ အလုပ်သမားဆိုင်ရာ Action Network အဖွဲ့၊ ထိုင်းလူ့အခွင့်အရေး အဖွဲ့တွေနဲ့ တခြား အဲန်ဂျီအို အဖွဲ့တွေနဲ့အတူ လက်တွဲ လုပ်ဆောင်နေတယ် လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ အဖမ်းဆီးခံနေရတဲ့ ဒီ ဒဏ်ရာ ရသူတွေကို ဆေးကုသပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရဖို့ တောင်းဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG