သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတပ်တွေ ကာဒ်လူမျိုးစု သူပုန်တွေကို အီရတ်ပိုင်နယ်ထဲ ဆက်လက်ထိုးစစ်ဆင်


ကြာသပတေးနေ့ ညပိုင်း တူရကီတပ်ဖွဲ့တွေ အီရတ်မြောက်ပိုင်းကို ဝင်ပြီး မြေပြင်ကနေ ပီကေကေ ကာဒ်လူမျိုးစု သူပုန်တွေကို ထိုးစစ်ဆင်ပြီး နောက်ပိုင်းမှာ မနေ့ကလည်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြားမှာ တူရကီတပ်ဖွဲ့ဝင် ၇ ယောက်နဲ့ သူပုန်တွေဖက်က အနည်းဆုံး ၇၉ ယောက် သေဆုံးခဲ့တယ်လို့ တူရကီ စစ်တပ်ကပြောပါတယ်။ သူပုန်တွေကတော့ တူရကီစစ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ပီကေကေ ကာဒ်လူမျိုးစု အလုပ်သမားပါတီဟာ အီရတ်နယ်မြေကို သုံးပြီး တူရကီဘက်ကို တိုက်ခိုက်ခဲ့တယ်လို့ တူရကီ အစိုးရက ပြောပါတယ်။ အစ္စတန်ဘူမြို့ကနေ Dorian Jones သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။

တိုက်လေယဉ်တွေ ရဟတ်ယာဉ်တွေပေါ်က ပစ်ခတ်ပြီး နောက်ကနေ ပံ့ပိုးပေးထားတဲ့ တူရကီတပ်ဖွဲ့တွေဟာ ပီကေကေ ကာဒ်လူမျိုးစု အလုပ်သမားပါတီရဲ့ အခြေစိုက် စခန်းတွေကို ဆက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ အကျအဆုံးနဲ့ပတ်သက်လို့ တူရကီ စစ်တပ်ရဲ့ ကြေညာချက်တွေမှာ ကွဲလွဲချက်တွေ ရှိနေပါတယ်။

ဒီလို နှစ်ဖက် ကြေညာချက်တွေထဲမှာ ကျဆုံးတဲ့အရေအတွက် ကွဲလွဲနေတာနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေက တောင်ကုန်းတွေ ထူထပ်ပြီး လူတွေကလည်း တကွဲတပြား နေတဲ့နေရာတွေမှာ ဖြစ်ပွားနေတဲ့အတွက် အတည်ပြုချက်ရဖို့ ခက်ခဲနေတာပါ။

တူရကီ ရုပ်မြင်သံကြားဌာနက လေဆိပ်တစ်ခုမှာ တူရကီစစ်သား အလောင်းတွေကို သယ်နေတာတွေ ပြသပါတယ်။ ဘယ်လေဆိပ် ဆိုတာတော့ အတိအကျ ထုတ်ဖော်ကြေညာတာ မရှိပါဘူး။ အီရတ်အစိုးရက ဒီစစ်ဆင်ရေးဟာ သူ့ရဲ့ အချုပ်အခြာပို နယ်မြေကို တူရကီဘက်က ကျုးကျော်ချိုးဖေါက် လိုက်တာလို့ ပြောပါတယ်။ ဒါပေမယ့်လည်း တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာလီ ဘာဘာကန် (Ali Babacan) ကတော့ မနေ့က စနေနေ့မှာ ဒီလို ကျုးကျော်မှုကို ခုခံပြောဆိုပါတယ်။

တူရကီတပ်ဖွဲ့တွေအနေနဲ့ ပီကေကေ သူပုန်အဖွဲ့ကိုပဲ အဓိက ပစ်မှတ်ထားပြီး ထိုးစစ်ဆင်တာလို့ နိုင်ငံခြားရေးဝန်ကြီး အာလီ ဘာဘာကန်က ပြောသွားတာပါ။ အီရတ်ရဲ့ အချုပ်အခြာ ကိုယ်ပိုင် နယ်မြေနဲ့ အီရတ်နဲ့ နိုင်ငံရေးအရ သွေးစည်းမှုကို တူရကီအနေနဲ့ ထိန်းသိမ်းသွားမယ်လို့လည်း ပြင်းပြင်းထန်ထန် ခုခံကာကွယ် ပြောဆိုသွားတာပါ။

အခု အီရတ်နယ်ထဲကို ကျုးကျော်တဲ့ တူရကီ တပ်ဖွဲ့အရေအတွက်နဲ့ အချိန် ဘယ်လောက်ကြာကြာ ကျုးကျော်မလဲ ဆိုတာကို တရားဝင် ထုတ်ပြန်တာ မရှိပါဘူး။ တူရကီ သတင်းဌာနတွေကတော့ အီရတ်နယ်ထဲကို ဝင်သွားတဲ့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ လောက်ရှိတယ်လို့ ပြောနေပါတယ်။

ဒါပေမယ့်လည်း သတင်းဌာနတွေဟာ တပ်ဖွဲ့ဝင်အင်အားကို ချဲ့ကားပြီး ထုတ်ဖော်တယ် ဆိုပြီး တူရကီ စစ်တပ် အင်တာနက် ဝက်ဘ်ဆိုဒ်က ကြေညာချက်မှာတော့ ဝေဖန် ထားပါတယ်။ ဒီလို ချဲ့ကားပြီး ပြောဆိုတဲ့အတွက် နိုင်ငံတကာအကြား မလိုလားအပ်တဲ့ တင်းမာမှုတွေ ပေါ်ပေါက်နိုင်တယ်လို့လည်း ပြောပါတယ်။

တူရကီ ဝန်ကြီးချုပ် တေးရစ် အာဒိုဂမ်က (Tayyip Erdogan) ကတော့ ဒီလို စိုးရိမ်မှုတွေ လျော့နည်းသွားအောင် အခုလို ပြောဆိုပါတယ်။

အခု စစ်ဆင်ရေးဟာ တူရကီပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် စစ်ဆင်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် တေးရစ် အာဒိုဂမ်က ပြောပါတယ်။ ပီကေကေ သူပုန်တွေရဲ့ ထောက်ပို့ နဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ခံပံ့ပိုးပေး နေတာတွေကို ဖျက်ဆီးပစ်ပြီးရင် တူရကီတပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာပေးမယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အခုလို ကျုးကျော်မှုကြောင့် အီရတ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်နိုင်တယ်ဆိုပြီး တူရကီအပေါ် ဖိအားပေးတာတွေ ပိုပြီးများလာပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ကလည်း အခုလို အကြံပေးပြောဆိုပါတယ်။

“အီရတ်နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ အခြေအနေ တိုးတက်ဖို့ဆိုတာ တူရကီနိုင်ငံနဲ့ အားလုံးရဲ့ အကျိုးစီးပွား အတွက်ပါ။ ဒီတော့ အီရတ်ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်ချေ ဘာကိုမှ မလုပ်မိဖို့ စိတ်ထဲမှာ သတိရသင့်ပါတယ်။ အီရတ်ရဲ့ အခြေအနေဟာ တိုးတက်မှုတွေ ရှိလာနေပါတယ်။ ဒါပေမယ့် တည်မြဲတဲ့ အနေအထားတော့ မဟုတ်ပါဘူး အချိန်မရွေး ပျက်စီး ပြိုကွဲသွားနိုင်တဲ့ အနေအထားပါ။”

တူရကီဘက်ကတော့ အခု စစ်ဆင်ရေးဟာ လိုအပ်တဲ့ စစ်ဆင်ရေး ဖြစ်တယ်၊ လာမယ့် နွေဦး ကာဒ်လူမျိုးစု သူပုန်တွေဘက်က ထိုးစစ်ဆင်တာတွေ လုပ်လာမှာကို မျှော်လင့်ထားတဲ့အတွက် လက်ဦးမှု ယူတာလို့ ပြောပါတယ်။ ပီကေကေ သူပုန်အဖွဲ့ဝင် ၃,၀၀၀ လောက်အထိ အီရတ်နယ်ထဲက ကာဒ်လူမျိုးစုတွေ သီးခြားနေထိုင်တဲ့ နေရာတွေကို ခြေကုပ်ယူပြီး တူရကီဘက်ကို ထိုးစစ်ဆင်နေတယ် လို့လည်း တူရကီအစိုးရက ပြောပါတယ်။

ပီကေကေ သူပုန်အဖွဲ့ဟာ ကာဒ်လူမျိုးစုတွေ အဓိကနေထိုင်တဲ့ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ကိုယ်ပိုင်နယ်မြေအတွက် ၁၉၈၄ ခုနှစ်ကတည်းက လက်နက်ကိုင် တိုက်ခိုက်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ဆောင်းဦးပေါက်က တူရကီ စစ်သားတွေနဲ့ အရပ်သား ၅၀ လောက် ပီကေကေ သူပုန်အဖွဲ့ရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ပါတယ်။ အခုအချိန် အထိတော့ တူရကီဘက်က ကာဒ်လူမျိုးစုသူပုန်တွေကို ထိုးစစ်ဆင်နေတာတွေဟာ အမေရိကန် ထောက်လှမ်းရေး အကူအညီနဲ့ လေကြောင်းကပဲ အဓိက အကြီးအကျယ် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG