သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ပုဒ်မပြောင်းပြီး စွဲချက်တင်


မနှစ်က လောင်စာဆီဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက အခု အမျိုးသားညီလာခံကို နှောက်ယှက်မှုနဲ့ ပြောင်းလဲပြီး တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စတွေကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းဌာန သတင်းထောက် ဒေါ်အေးအေးမာက စုံစမ်းမေးမြန်းပြီး တင်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသား ၁၀ ဦးကို အမိန့် ကြော်ငြာစာ အမှတ် (၅/ ၉၆) ဥပဒေပုဒ်မ (၄) အရ တရားစွဲဆိုဖို့ အတွက် ရမန်ယူလိုက်ပါပြီ။ ဒီဥပဒေပုဒ်မနဲ့ ရမန်ယူလိုက်တာကြောင့် ဒီဥပဒေပုဒ်မတွေထဲမှာ ဘယ်လို အကြောင်းအချက်တွေ ပါဝင်သလဲဆိုပြီး ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းကို မေးမြန်းကြည့်တဲ့အခါမှာတော့ -

“(၅/၉၅) ဆိုတာက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၅-၉၆) ကို ပြောတာပေါ့နော်၊ သူ့ရဲ့တာဝန်ကို အရှည်ကောက် ပြောရင်တော့ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွဲပြောင်းပေးရေးနဲ့ အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောက်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေတဲ့။ အဲဒါက၊ အဲဒီ ဥပဒေက ၇ ရက် ၆ လ ၁၉၉၆ မှာ ထုတ်တာ။”

ဒီဥပဒေပုဒ်မနဲ့ အရေးယူမယ် ဆိုရင်တော့ ဘယ်လောက်ထိ ပြစ်ဒဏ်ပေးနိုင်ပါသလဲရှင့်။ -

“သူက တခုခု ဟောပြောတယ်ဆိုရင်၊ အမျိုးသားညီလာခံကို ဆန့်ကျင်တဲ့ သဘောမျိုး သက်ရောက်တယ် ဆိုတဲ့ပုဒ်မပေါ့၊ အဲဒီပုဒ်မ (၄) အရပေါ့၊ အဲဒီပုဒ်မ (၄) အရဆိုရင် သူက ဘယ်လို ပြဌာန်းထားသလဲ ဆိုတော့ ထောင်ဒဏ် အနည်းဆုံး ၅ နှစ်ကနေ အများဆုံး အနှစ် ၂၀ ထိ ချနိုင်တယ်။”

ကျမတို့ သိတာပေါ့နော်၊ ကျောင်းသားခေါင်းဆောင်တွေ ဖမ်းစဉ်တုန်းက လောင်စာဆီတွေ တက်တယ်၊ ကုန်ဈေးနှုန်းတွေ တက်တယ်၊ ဒီအတွက်ကြောင့် ကျောင်းသားတွေက လောင်စာဆီနဲ့ ကုန်ဈေးနှုန်းတွေ ကျဆင်းဖို့အတွက်ပဲ တောင်းဆိုခဲ့တာ မဟုတ်ဘူးလားရှင့်။ -

“ဒီလောင်စာဆီ ဈေးနှုန်းမြင့်တက်မှုအတွက် ကုန်ဈေးနှုန်းကျဆင်းဖို့ သူတို့ လမ်းလျှောက် ချီတက်တယ်။ ဒီကိစ္စတွေပဲ၊ အဲဒီကာလက ဖမ်းတာပဲလေ၊ ဒါပေမယ့် အဲဒါကြီးကို ဘယ်လောက်ထိ၊ ဒီဘက်ထိ ဆက်စပ်လာလဲလို့ မပြောတတ်သေးဘူး၊ လူဆိုးတွေကို ဂတ်လှည့်သလိုပေါ့၊ သူတို့ကျတော့ ပုဒ်မ လှည့်တဲ့သဘောပေါ့နော်။ ပုဒ်မနဲ့လှည့်ပြီး တမျိုး ပုဒ်မ တင်လိုက် ပြန်ရုတ်သိမ်းလိုက်၊ နောက် တမျိုးပုဒ်မ တင်လိုက် ပြန်ရုတ်သိမ်းလိုက်ပေါ့။ အဲဒီလိုသွားနေတာ။”

အခုလို ပုဒ်မတင်ဖို့ပေါ့နော်၊ ဥပဒေကြောင်းအရ လိုသလို လုပ်လို့ ရနိုင်ပါသလားရှင့်။ -

“ဒါကတော့ ရဲဖက်က သူ့ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာပဲလေ၊ ရဲဖက်က ဒီလိုပဲ ဒီပုဒ်မတခုနဲ့ သူ ရမန်ယူလိုက်တယ်၊ ဒီပုဒ်မတခုနဲ့ ပတ်သက်ပြီးသူတို့ စုံစမ်းစစ်ဆေးတာ မလုံလောက်ဘူးဆိုရင် နောက်ပုဒ်မတစ်ခုတင်၊ နောက်ပုဒ်မတခုနဲ့ ပြောင်းတပ်တာပေါ့၊ အဲဒီပုဒ်မနဲ့ သူက ၁၄ ရက် ပြည့်အောင် ထားပြီးတော့ ၁၄ ရက်ပြည့်တဲ့အချိန်မှာ၊ သို့မဟုတ် ၁လ ပြည့်အောင် ချုပ်မယ်ပေါ့၊ ရမန်ကြီး ၂၈ ပတ် တရားရုံး ရမန်ယူမယ်။ နောက်တခါ နောက်ပြန်ဆုတ်လိုက်၊ အဲဒီလိုသွားတာ။”

အခုဆိုရင် ပုဒ်မတွေပြောင်းတယ်၊ ပြောင်းတယ်ဆိုပြီးတော့ မကြာခဏ ကြားနေရတယ်၊ ဒီထဲမှာ ထင်ထင်ရှားရှား ပုဒ်မတွေ ပြောင်းခံရတဲ့သူတွေထဲက ဘယ်သူတွေရှိပါသလဲရှင့်။

“ကိုသန်းစိန်ကို ဗဟန်းအနောက်ပိုင်းခရိုင် တရားရုံးက ပြောတုန်းက ဘာလာပြောလဲ ဆိုတော့ သူ့ကို ညစ်ညမ်းစာပေ ဘာညာတောင် ပါတယ်။ (၂၉၂)၊ နောက် (၁၂၄-ဃ)၊ (၅၀၅-ခ)၊ နောက် (၁၄၃)၊ နောက် (၁၄၅)၊ နောက် (၁၄၇) ဆိုပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့ လူစုခွဲဖို့ အမိန့်ပေးပြီး နောက်ပိုင်းမှာ ရှိတဲ့ပုဒ်မတွေ၊ ဆန့်ကျင်တဲ့ အစုအဝေးမှာ ပါဝင်တာတွေ၊ နောက် အစိုးရနဲ့ လုံခြုံရေးကို ထိခိုက်ပျက်ပြားအောင် သွေးတိုးလှုံ့ဆော်တာတွေ၊ နောက်ပြီးတော့ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတာတွေ၊ ဒီလိုပုဒ်မတွေနဲ့ ယူလာပြီးတော့ နောက်ဆုံး (၅၀၅-ခ) ဆိုပြီး တရားသူကြီးကိုယ်တိုင် ပြောတယ်။ (၅၀၅-ခ) တခုတည်း ဖြစ်သွားပါပြီလို့ ပြောတယ်။ နောက် အခုကျတဲ့အခါ (၁၂၄-ဃ) တခုတည်း ဖြစ်သွားပါပြီ ဆိုတဲ့သဘောမျိုး ဆိုတော့ ဘယ်လို လုပ်မလဲ။ ပုဒ်မတွေက အဲဒီလိုပဲ လျှောက်ပြောင်းနေတဲ့သဘော ရှိတယ်။ အဲဒါ အမှန်ပဲ။”

ကိုသိန်းစိန် ဆိုတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦး ဖြစ်ပါတယ်။ အခု ပုဒ်မ ပြောင်းတာတွေလည်း ရှိသလို မတူတဲ့အချိန်ကာလ၊ မတူတဲ့ နေရာအသီးသီးမှာ ဖမ်းဆီးခံရ သူတွေကိုလည်း တစုတည်းထားပြီး ပုဒ်မ အမျိုးမျိုးတပ်တာတွေလည်း လုပ်နေတာကြောင့် ဥပဒေကြောင်းအရ ပြောမယ်ဆိုရင်တော့ ဒါဟာ သင့်လျော်မှု မရှိဘူးလို့လည်း ရှေ့နေတွေကတော့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG