သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ကြားသူများ ဖမ်းဆီးခံရမှု အိုင်အယ်အို(ILO) ဆွေးနွေးမည်


ဂျနီဗာအခြေစိုက် အိုင်အယ်အို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်က ကိုယ်စားလှယ်အဖွဲ့ဟာ အခု မြန်မာနိုင်ငံကို မနက်ဖြန်ရောက်ဖို့ရှိပြီး မြန်မာနိုင်ငံမှာ အိုင်အယ်အိုကို တိုင်ကြားလို့ ဖမ်းဆီး ခြိမ်းခြောက်ခံရမှုတွေရှိနေတုန်းပဲဆိုတဲ့ကိစ္စကို မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီအချိန်မှာပဲ အခုလို အိုင်အယ်အိုကို စာရေးတိုင်ကြားသူအချို့ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေ က ဖမ်းဆီးထိမ်းသိမ်းမှုတွေ ရှိနေပါတယ်။ ဒီအကြောင်းကို ဦးသားညွန့်ဦးက တင်ပြထားပါတယ်။

တကယ်ကတော့ မြန်မာနိုင်ငံတွင်း အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ရပ်တန့်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိုင်အယ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က မြန်မာစစ်အစိုးရကို စည်းရုံးတာတမျိုး တွန်းအားပေး ဖိအားပေးတဖုံ နည်းစုံသုံးနေတယ်လို့ ပြောရမှာပါ။ ဒီအတွက်လည်း အစိုးရကိုယ်တိုင်က ဒေသအာဏာပိုင်တွေကို အတင်းအဓမ္မလုပ်အားပေး ခိုင်းစေတာတွေ အသုံးမပြုဖို့ ကန့်သတ်တားမြစ်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဖိနှိပ် ကန့်သတ်မှုတွေ အားကြီးပြီး လွတ်လပ်မှုမဲ့တဲ့ မြန်မာနိုင်ငံလိုအဖို့ အခုလို အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု အဆုံးသတ်စေရေးဆိုတာ - အောက်ခြေလူထုထဲ တစုံတရာအာမခံချက်တွေ ပြောရေးဆိုခွင့်တွေ ပေးထားဖို့တော့လိုတယ်လို့ အိုင်အယ်အိုဖက်က ယူဆတဲ့ပုံပါ။ ဒါကြောင့်လည်း အိုင်အယ်အိုက ရန်ကုန်ရုံးထားပြီး တိုင်ကြားမှုတွေကို လက်ခံပေးသလို? အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်လို့ အိုင်အယ်အိုကို တိုင်ကြားသူ သတင်းပေးသူတွေကိုလည်း အာဏာပိုင်တွေက တုန့်ပြန်အရေးမယူပါဘူးဆိုတာကို မြန်မာစစ်အစိုးရနဲ့ အိုင်အယ်အိုအကြား ထပ်ဆင့်နားလည်မှု စာချွန်လွှာဆိုပြီး သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေဖက် ကတော့ အိုင်အယ်အိုကို တိုင်ကြားသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်နေတုန်းပဲ ကြားရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရန်ကုန် အိုင်အယ်အိုရုံး တာဝန်ခံ စတိဗ့် မာရှဲလ်က ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“အိုင်အယ်အိုတိုင်ကြားတဲ့ လူအတော်များများ ထိမ်းသိမ်းခံရတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ကျနော်တို့ ရထားပါတယ်။ ဒီလူတွေကိစ္စနဲ့ပတ်သက်လို့ အစိုးရနဲ့ ညှိုနှိုင်းဆောင်ရွက်နေပါတယ်။ ဂျနီဖာက အိုင်အယ်အို အမှုဆောင်ညွန်ကြားရေးမှုး မစ္စတာ ကာရီ တပ်ပရီယိုလာ ရောက်လာလို့ အစိုးရအာဏာပိုုင်တွေနဲ့ တွေ့ရင်လည်း ဒီကိစ္စတွေကို ဆွေးနွေးသွားမှာပါ။ အခုတော့ မစ္စတာ တပ်ပရီယိုလာ ခရီးစဉ်နဲ့ပတ်သက်လို့ အသေးစိတ်ညှိုနှိုင်းနေပါတယ်။”

မြန်မာအစိုးရနဲ့ အိုင်အယ်အိုအကြားချုပ်ဆိုထားတဲ့ ဒီ ထပ်ဆင့်နားလည်မှုစာချွန်လွှာဟာ အခုဆို သက်တမ်းကုန်တော့မှာပါ။ ဒီအတွက် ဒါကို သက်တမ်းတိုးသင့် မသင့် သဘောတူညီချက်အပေါ် စစ်အစိုးရက ဘယ်လောက်လိုက်နာသလဲဆိုတာကို အိုင်အယ်အို ကိုယ်စားလှယ်အဖွဲ့ ဆန်းစစ်သွား မှာလည်း ဖြစ်တယ်လို့ စတိဗ်မာရှဲလ်က ပြောပါတယ်။

“မစ္စတာ တပ်ပရီယိုလာကတော့ မနက်ဖြန်မနက်ဆို ရောက်ဖို့ရှိပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ အတော်များများလုပ်ပြီးတော့ မြန်မာအစိုးရနဲ့ အိုင်အယ်အိုအကြားချုပ်ဆိုထားတဲ့ ထပ်ဆင့် နားလည်မှု စာချွန်လွှာကို နောက်ထပ်သက်တမ်းတိုးရေးကိစ္စကို ဆွေးနွေးညှိုနှိုင်းမှာပါ။ ဒီအတွက်နဲ့ အခုလက်ရှိ အိုင်အယ်အိုနဲ့မြန်မာဆက်ဆံရေး ဆက်ရှိနိုင်ဖို့ကိုလည်း အစိုးရအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်သွားမှာပါ။ ”

မစ္စတာ တပ်ပရီယိုလာဟာ မြန်မာနိုင်ငံမှာ လေးရက်ကြာနေထိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံတွင်း ရှိနေစဉ်အတွင်း သံတမန်အသိုင်းအဝိုင်းတွေ ရန်ကုန်ကုလသမဂ္ဂဌာန တာဝန်ရှိသူတွေအပြင် လူထုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ဂျနီဖာက အိုင်အယ်အို ကိုယ်စားလှယ်အဖွဲ့ လာဖို့ရှိနေချိန်မှာပဲ အလုပ်သမားရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးသက်ဝေဟာ ပြီးခဲ့တဲ့အပတ်ကပဲ အာဏာပိုင်တွေရဲ့ ထိမ်းသိမ်းမှုကို ခံခဲ့ရပါတယ်။ သူ့ဇနီးဖြစ်သူ ဒေါ်သန်းသန်းက အခုလို အတည်ပြု ပါတယ်။

“၁၉ရက်နေ့က သူ့အမှုချိန်းကို သူသွားတယ်။ ဗဟန်းရဲစခန်းက ပြန်ချုပ်ထားတယ်။ အာမခံ ပြန်ရုတ်တဲ့ သဘောပေါ့နော်။ ပုဒ်မ ထပ်တိုးတာပေါ့။”

ဦးသက်ဝေဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တဦးရဲ့ တရားခွင်ကိုအသွား အိုင်အယ်အိုကို တိုင်ကြားတာကြောင့် အဖမ်းခံရသူတွေရဲ့ စာရင်းပါတဲ့ မှတ်တမ်းတခုနဲ့အတူ အဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် သူကို အာမခံပေးခဲ့ပြီးနောက် ရုံးချိန်းပြန်လာတဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ သူကို အာမခံပြန်ရုတ်သိမ်းပြီး ပုဒ်မသစ်တွေ ထပ်တိုး အရေးယူခဲ့ပါတယ်။ AHRC အာရှလူ့အခွင့်အရေးစောင့်ကြည်မှုအဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးကတော့ ဒါဟာ ဂျနီဖာက အိုင်အယ်အို ကိုယ်စားလှယ်အဖွဲ့နဲ့ မတွေ့နိုင်အာင် ဦးသက်ဝေကို ထိန်းသိမ်းလိုက်တဲ့သဘောပဲလို့ ရှုမြင်ခဲ့ပါတယ်။

“ILO ကို တိုင်းကြားတဲ့ ကိစ္စရပ်တွေမှာ ကူညီဆောင်ရွက်ပေးတဲ့လူတွေကို အာဏာပိုင်တွေက နေပြီးတော့ ဖမ်းဆီးအရေးယူထားတာ တော်တော်များများ ရှိပါတယ်။ ဥပမာ ဧရာဝတီတိုင်းမှာ လယ်သမားတွေ ကိစ္စ ဆောင်ရွက်ပေးတဲ့ ဦးအောင်ခင်ဘိုတို့ အုပ်စု၊ ဟင်္သာတက ကိုမြင့်လှိုင်တို့ ခြောက်ယောက်၊ သူရိန်အောင် အပါအဝင် ခြောက်ယောက်၊ နောက်ပြီးတော့ စုစုနွေး၊ ကိုဘိုဘိုထွန်း၊ နောက်ပြီးတော့ ဖမ်းလိုက် ပြန်လွှတ်လိုက်နဲ့ ကိုသန့်ဇင်ဦး၊ တော်တော်များများရှိပါတယ်။ အားလုံးစုစုပေါင်း အရေးယူခံရတဲ့သူ ၂၂ယောက်ရှိပါတယ်။ အဲဒီလို အရေးယူခံရတဲ့ သူတွေ မဟုတ်ဘဲနဲ့ ကျန်တဲ့လူတွေရဲ့ စီးပွားရေးတွေ ပိတ်ဆို့တာတွေ၊ အဲဒီလို ကိစ္စရပ်တွေမှာ ကူညီ ဆောင်ရွက်ပေးတဲ့ သူတွေရဲ့ တယ်လီဖုန်းတွေ ပိတ်ပစ်ခံရတဲ့ လူတွေရဲ့ စာရင်းတွေလည်း ပါတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အဲဒီလိုမျိုးကိစ္စရပ်တွေမှာ ILO ကို တရားဝင် ဆက်သွယ် ဆောင်ရွက်ပြီး တော့ အကြောင်းအချက်တွေကို ပေးပို့တဲ့ ကိစ္စရပ်တွေမှာ အာဏာပိုင်တွေက အရေးယူဆောင်ရွက်ဖို့၊ နောက်ပြီးတော့ လာတဲ့ ကိုယ်စားလှယ်တွေနဲ့ မတွေ့နိုင်ဖို့ အခုလိုမျိုးဆီမံဆောင်ရွက်တယ်လို့ ကျွန်တော်တို့ ထင်မြင်ယူဆပါတယ်။”

မြန်မာနိုင်ငံအတွင်းက ဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ မေးတာပါ။ အစိုးရအာဏာပိုင်တွေနဲ့ ILO အဖွဲ့အစည်းတွေနဲ့ MOU ချုပ်ထားတဲ့အခါကျတော့ ဒေသအာဏာပိုင် တွေက ဒီဥပဒေဖောက်ဖျက်တယ်ဆိုရင် ဒေသအာဏာပိုင်တွေကို ဥပဒေကြောင်းအရ ပြန်ပြီး အရေးယူလို့ရလား။

“ILOကနေပြီးတော့ အရေးယူနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အရေးယူနိုင်ဖို့ ဆိုတာကတော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အဓိက အကာအကွယ်ပေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိသေးတဲ့အတွက် ကျွန်တော်တို့မှာ ပြစ်မှုဆိုင်ရာ ဥပဒေကြောင်းအရသော် လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။”

ရှေ့နေဦးမင်းလွင်ဦးပြောတာပါ။ အိုင်အယ်အို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်အနေနဲ့ အခု မြန်မာနိုင်ငံတွင်း အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေ ဆက်ပြီးရှိနေဦးမယ်ဆိုရင် ဒီအမှုတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို ပို့သွားဖို့ဆိုပြီး အိုင်အယ်အိုအတွင်း ဆွေးနွေးမှုတွေရှိနေပါတယ်။ အခုလည်းပဲ မြန်မာနိုင်ငံလာရောက်မယ့် အိုင်အယ်အို အမှုဆောင် ညွန်ကြားရေးမှုးအနေနဲ့ တကယ်တမ်းပြီးခဲ့တဲ့ ထပ်ဆင့်နားလည်မှုစာချွန်လွှာအပေါ် မြန်မာ အာဏာပိုင်တွေဖက်က လိုက်နာမှုရှိမရှိဆိုတာကို ဆန်းစစ်သွားမှာဖြစ်ပြီး။ ဒီအပေါ်မှာ သက်တမ်း တိုးရေး မတိုးရေးကို ဆုံးဖြတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG