သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘား သမ္မတအဖြစ် ရာအူးလ် ကက်စထရိုကို ရွေးချယ် တင်မြှောက်


ကျူးဘားနိုင်ငံမှာ ရာအူးလ် ကက်စထရိုကို သမ္မတအဖြစ် ရွေးချယ်လိုက်ကြပါပြီ။ သူ့ရဲ့ အစ်ကို ဖြစ်သူ ဖီဒယ်လ် ကက်စထရိုက နှစ်ပေါင်း (၅၀)ခန့် သမ္မတအဖြစ် တာဝန် ယူခဲ့ ပြီးတဲ့နောက် ရာအူးလ် ကက်စထရိုကို ရွေးချယ် လိုက်တာပါ။ ဒီအကြောင်း အသေးစိတ်ကို Brian Wagner ကသတင်းပေးပို့ထားတာကို ဦးကျော်ဇံသာက အစီရင်ခံပေးပါတယ်။

အစ်ကိုဖြစ်သူ ဖီဒယ်လ် ကက်စထရိုဆီက အာဏာကို ညီဖြစ်သူ ရာအူးလ် ကက်စထရို ဆီကို လွှဲပြောင်းပေးအပ် လိုက်ပြီဖြစ်ကြောင်း ကျူးဘားနိုင်ငံအမျိုးသား လွှတ်တော်က အတည်ပြု ပြောကြားလိုက်ပါပြီ။ သမ္မတအပါအဝင် နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီဝင် (၃၁)ဦးကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့မှာပဲ ကျူးဘားအရာရှိတွေက ကြေညာခဲ့ကြတာပါ။ ရာအူးလ် ကက်စထရိုကလည်း ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ကျူးဘားကို ဦးဆောင်ခဲ့တဲ့ သူ့အစ်ကိုရဲ့ တာဝန်ကို သူဆက်လက် ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်း အဖွဲ့ဝင် (၆၁၄)ဦးပါဝင် အမျိုးသားလွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

“သူ့အပေါ်ကျရောက်လာတဲ့ တာဝန်ကို သူ လက်သင့်ခံကြောင်း သူ့အစ်ကို ကက်စထရိုနေရာမှာ လူစားထိုးဖို့ဆိုတာကတော့ ဘယ်တော့မှ ဖြစ်နိုင်မယ် မဟုတ်ကြောင်း” ရာအူးလ် ကက်စထရိုက ပြောကြားသွားပါတယ်။

အသက် (၇၆)နှစ်ရှိပြီဖြစ်တဲ့ ရာအူးလ် ကက်စထရိုဟာ သူ့အစ်ကို အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ (၂၀၀၆)ခုနှစ် ဂျူလိုင်လကတည်းက ယာယီ သမ္မတအဖြစ် ထမ်းဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက ဖီဒယ်လ် ကက်စထရိုရဲ့ စာတစောင်ကို ကျူးဘားနိုင်ငံပိုင် မီဒီယာတွေမှာ ထုတ်ပြန်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကောင်းကောင်း နလံမထူနိုင် သေးတဲ့အတွက် သူ့အနေနဲ့ သမ္မတအဖြစ်နဲ့ ပြန်လည် အရွေးခံတော့မှာ မဟုတ်တော့ဘူးလို့ ရေးသားထားတဲ့ စာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကို တနင်္ဂနွေနေ့က စတင်တဲ့အခါ ဖီဒယ်လ် ကက်စထရိုရဲ့ နာမည်ကို ခေါ်လိုက်တော့ ကိုယ်စားလှယ်တွေက လက်ခုပ်တီး သြဘာပေးခဲ့ ကြပါတယ်။ ဒါပေမဲ့ ရုပ်မြင်သံကြားမှာ လွှတ်တော်ကျင်းပနေပုံကို ပြသတဲ့အခါမှာတော့ သူရဲ့ ထိုင်ခုံ လပ်နေတာကို တွေ့ရပါတယ်။ အသက်(၈၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီဒယ်လ် ကက်စထရိုကို ခွဲစိတ်ကုသစဉ်က စပြီး လူမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။ ရာအူးလ် ကက်စထရိုကတော့ သမ္မတတာဝန်ကို ယာယီတာဝန် ယူရစဉ်ကတည်းက ကျူးဘားကွန်မြူနစ်နိုင်ငံကို အင်အား ကောင်းအောင်လုပ်ဖို့၊ စီးပွားရေး လုပ်ငန်းတွေ တိုးတက်ဖို့ မျှတတဲ့ ဝင်ငွေ၊ သာတူညီမျှရှိတဲ့ ဝင်ငွေရရှိဖို့အတွက် ဘယ်လိုလုပ်ကြမယ် ဆိုတာ ဆွေးနွေးကြဖို့ ဆော်သြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်ကတော့ ကျူးဘား အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို တောင်းဆိုလိုက်ပါတယ်။ ကျူးဘားပြည်သူတွေမှာ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်ရှိတယ်၊ သူ့အစ်ကို နှစ်ပေါင်း (၅၀)အကြာ မင်းဆိုးမင်းညစ်အုပ်စိုးမှုကို ခံပြီးတဲ့နောက် ကျူးဘားနိုင်ငံရဲ့ အနာဂတ်ရေးမှာ ပြည်သူတွေ ပါဝင်ဆွေးနွေးလုပ်ဆောင်ခွင့်ရှိတယ်လို့လည်း ပြောကြားသွားပါလေရဲ့ ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG