မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မကြာခင်ကျင်းပတော့မှာ ဖြစ်ပေမယ့် ဘာကိုဆန္ဒပေးရမှန်း မသိကြသေးတဲ့ ပြည်သူ
တွေ အများအပြားရှိနေပါတယ်။ ကျေးလက်တောရွာမှာ မဆိုထားနဲ့ ရန်ကုန်မြို့လို မြို့ကြီးမှာနေထိုင်သူတွေတောင် မသိကြသေးဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ရပ်ကွက်အာဏာပိုင်တွေက နိုင်ငံခြားသတင်းဌာနတွေက ပြောကြားချက်တွေ၊ တခြား
နိုင်ငံတွေက ပြောကြားချက်တွေကို မယုံဖို့ဘဲပြောပြီး နောက်နှစ်လအကြာမှာ ကျင်းပဖို့
ပြင်နေတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့တော့ ဘာမှရှင်းမပြတဲ့အပြင် မေးလို့လည်းမရဘူးလို့ ရန်ကုန်ဆင်ခြေဖုံးမှာနေထိုင်သူတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြ
ထားပါတယ်။
အခုလို ရပ်ကွက်အာဏာပိုင်တွေက ခေါ်ယူပြောဆိုတာနဲ့ပတ်သက်ပြီး မြို့ခံတဦးက
ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“သန်းကောင်စာရင်းလုပ်ပေးမယ်၊ မှတ်ပုံတင်လုပ်ပေးမယ်၊ မွေးစာရင်းလုပ်ပေးမယ်
ဆိုပြီး အကုန်လုံးခေါ်တယ်။ ခေါ်ပြီး ဟိုကျတော့ သူတို့က လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး
ပြောတယ်။ အရွေးမမှားကြဖို့၊ သူများပြောတာ မယုံကြဖို့၊ ဘေးနိုင်ငံပြောတာတွေ မယုံဖို့ပြောပြီးတော့ အဲဒီနေ့တရက်ပြီးသွားတယ်။ ဒီနေ့ ၁၈ နှစ်အထက် လူစာရင်းတွေ လိုက်ကောက်တယ်။ ရယက ကနေပြီး။ စာရင်းထဲထည့်မှာ တအိမ်ကို ကျားဘယ်နှစ်
ယောက်၊ မဘယ်နှစ်ယောက်၊ အဲဒါတွေ လိုက်ကောက်နေတယ်။ မဲပေးဖို့ရယ်လို့ မပြော
ဘူးဗျ။ လိုက်ကောက်တဲ့အခါ ဒီမှာ လူဦးရေဘယ်လောက်ရှိတယ်ဆိုတာ အိမ်တိုင်းကို လက်မှတ်ထိုးပေးရတယ်။ အိမ်ထောင်ဦးစီးကနေ။”
အခု ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးရမယ်လို့ လူတိုင်းက
သိကြရဲ့လား။
“တချို့ပြည်သူတွေ မသိဘူးဗျ။ ဘယ်လိုဆန္ဒခံယူပြီး ဘယ်လိုမဲပေးရမယ်ဆိုတာ ပြည်သူ
တွေက မသိဘူးဗျ။ သူတို့မှာ ချပြထားတဲ့ စာရွက်စာတမ်းလည်း မရှိဘူး။ ဟိုတလောက
ကြားတယ်၊ သတင်းစာထဲမှာပါတယ်ဆိုတာ။ ပြည်သူတွေက သတင်းစာဖတ်ချိန်လည်း
မရဘူးလေ။ မနက်ည အလုပ်ကိုပဲ ရှာဖွေပြီး စားသောက်နေရတယ်ဆိုတော့ တီဗွီရှိတဲ့ အိမ်ကျတော့လည်း တချို့က မကြည့်ဘူး။ တချို့ကျတော့လည်း တီဗွီမရှိတာများတယ်။ မကြည့်တဲ့အခါကျတော့ ဘာကိုစာရင်းကောက်ပြီး ဘာကိုထောက်ခံရမယ်ဆိုတာ
တချို့ကလည်း မေးတယ်။”
အခု ရပ်ကွက်ထဲမှာ သန်းကောင်စာရင်းကောက်တာတို့၊ ရပ်ကွက်ထဲက ခေါ်ပြီးပြော
တာတို့ တခြားနိုင်ငံတွေက ပြောတာတွေ မယုံကြဖို့တို့ ပြောတာတွေက အဲဒါတွေက ဘယ်မှာခေါ်ပြီးပြောတာလဲ။
“အဲဒါ ဓမ္မာရုံတွေမှာပေါ့။ ရပ်ကွက်ရုံးကျဉ်းရင် ဓမ္မာရုံ၊ ဓမ္မာရုံမရှိရင် ဘုန်းကြီးကျောင်း
တွေမှာ စုဝေးပြီးခေါ်တယ်။ ရပ်ကွက်တိုင်းကို ခေါ်ပါတယ်။ သူတို့က မှတ်ပုံတင်လုပ်
ပေးမယ်၊ သန်းကောင်စာရင်းလုပ်ပေးမယ်ဆိုပြီး ခေါ်ပြီးတော့ လူများတဲ့အချိန်မှာ
သူတို့က ဒါကိုချပြတယ်။ ပြည်သူတွေ လိုအပ်ချက်ကဘာလဲ၊ လိုအပ်တဲ့ဟာကို
တင်ပြပါ။ တင်ပြတဲ့ဟာကို သူတို့က မှတ်တမ်းတင်ရေးသွားတယ်။ ဒါပေမယ့် သူတို့ ပြောချင်တာကတော့ နောက်လာမယ့်ကိစ္စတွေမှာ ပြည်သူတွေအနေနဲ့ အရွေးမမှား
ကြဖို့၊ ဘေးလူပြောတာတွေ မယုံကြဖို့၊ သွေးထိုးတာတွေ မယုံကြဖို့၊ အနောက်နိုင်ငံ
ကြီးတချို့က ပြောတာတွေ မယုံနဲ့၊ နောက်ပြီး ဗွီအိုအေ၊ ဘီဘီစီ၊ အာရ်အက်ဖ်အေ
ဒါတွေပဲ သူတို့ချပြောတယ်။ သတင်းစာထဲကအတိုင်း ပြည်သူတွေကို နှိုးဆော်သွား
တာပေါ့။ အဲလိုပြောပြီး နောက် နှစ်ရက်ခြားလောက်မှာ သူတို့က အိမ်တိုင်းအိမ်တိုင်းကို
ရယက က ဦးစီးပြီး ၁၈ နှစ်အထက်တွေကို စာရင်းလိုက်ကောက်တယ်။”
အခုလိုမျိုး သူတို့ပြောတဲ့အချိန်မှာ ဘာကိုမဲပေးရမယ်ဆိုတာ သူတို့ ရှင်းမပြကြဘူး
လား။
“အဲဒါကိုတော့ သူတို့ ဘာမှအသေးစိတ်မပြောသွားဘူး။ ပြည်သူတွေ ဘာလိုအပ်ချက် ရှိလဲလို့မေးတဲ့အခါ တချို့ကျတော့ အမျိုးမျိုးပဲ၊ ရပ်ကွက်ထဲမှာ သူတို့လိုအပ်ချက်တွေ
ပြောတယ်။ ထူးခြားတာက ဒဂုံမြို့သစ်မြို့နယ် ၂၆ ရပ်ကွက်၊ ရွာမဘုန်းကြီးကျောင်းမှာ လုပ်တဲ့အချိန်မှာ ဘာလိုချင်လဲဆိုတော့ ကျနော်တို့က စစ်မှန်သောဒီမိုကရေစီ လိုချင်
တယ်ဆိုပြီး အဲလိုပြောတယ်။ အဲဒီအချိန်မှာ သူတို့က ကျနော်တို့လည်း ဒီလမ်းကြောင်း သွားနေပါတယ်လို့ ပြောတယ်။ ရပ်ကွက်ထဲမှာတော့ လူစုတဲ့နေရာမှာ ဒါတွေပဲပြော
တယ်။ အခုလက်ရှိ လိုက်ကောက်နေတဲ့လူတွေမေးလို့လည်း သူတို့က မဖြေဘူးလေ။
သူတို့မှာ တာဝန်အရ အပေါ်က အမိန့်ပေးလို့သာ လိုက်ကောက်နေရတာ။ သူတို့လည်း ဖြေပိုင်ခွင့်မရှိပါဘူး။ တချို့အိမ်တွေဆိုရင်လည်း မေးပါတယ်။ ဘာကြောင့်ကောက်
တာလဲဆိုပြီး။ သူတို့လည်း အပေါ်က ညွှန်ကြားချက်အရ ကောက်တာပါလို့ပဲ
ပြောတယ်။”
ဒဂုံမြို့သစ်မြို့ခံတဦး ပြောသွားတာပါ။