ဇော်။ ။ ဒေါ်ညိုညိုလွင်၊ ဘာဖြစ်လို့ ဒီနေ့အလုပ်လာတာနောက်ကျနေရတာလဲ
ညို။ ။ အော် ဟိုလေ ဟို - ဟာ ကျမက နောက်ကနေမေးလိုက်တော့ ဌာနမှုး အောင့်မေ့လို့ လန့်သွားတာပဲ၊ တိုးတိုးပြောပါဟာ အခန်းထဲက ဌာနမှုးကြားသွားအုံးမယ်၊ အလုပ် နောက်ကျ တာက ၉၁၁ နဲ့ စာရင်းရှင်းနေရလို့
ဇော်။ ။ ဟာ ၉၁၁ ရဲတွေ ခေါ်ရလောက်အောင် ဘာများ ပြသနာဖြစ်လို့လဲ
ညို။ ။ ကိုယ့်ပြဿနာမဟုတ်ပါဘူးရှင်။ သူများပြဿနာပါ။
ဇော်။ ။ သူများကိစ္စ သွားစပ်စု အဲလေ သွားကူညီတယ်ဆိုတော့ ကုသိုလ်ရတာပေါ့ဗျာ
ညို။ ။ ပြဿနာကလည်း မသေးဘူး ကိုဇော်ဝင်းလှိုင်ရေ ရုံးရောက် ဂတ်ရောက်မဖြစ်အောင် အတော်ပြောလိုက်ရတယ်၊ ဒါတောင် ရှေ့တပတ်ကျ ကလေးသူငယ်နဲ့ လူမှုစောင့်ရှောက်ရေး ဌာနကိုသွားရအုံးမယ်
ဇော်။ ။ အင်း ငါလဲမမေးပဲ ပြောအုံးမယ်၊ ငါကိုက သွားစမိတာမှားပါတယ်
ညို။ ။ ကျမပြောတာကြားရဲ့လား။
ဇော်။ ။ ဟုတ်ကဲ့ ကြားပါတယ်၊ ကျနော်က ညနေ အတွက်သတင်းတွေ စဉ်းစားနေလို့ပါ။
ညို။ ။ အော် အသံလွှင့်ဘို့ သတင်းက အသာထားပါအုံး။ အခုကျမပြောမဲ့ ကိစ္စကလည်း သတင်းထူးတပုဒ်ပဲ၊ မြန်မာဒုက္ခသည်မိသားစုတစုက (၉)နှစ်သား ကလေးကို သူ့အမေက ရိုက်တာလေ၊ ကလေးက ဒီမှာကျောင်းတက်နေပြီဆိုတော့ ကျောင်းက သင်ပေးထားတာတွေ အသုံးချပြီး ၉၁၁ ကိုဖုံးဆက်ခေါ်လိုက်တာ၊တခါထဲ ရဲတွေရောက်လာတာပေါ့ အမေရော အဖေရော ရိုးရီုးသားသား တိုင်းရင်းသား တွေ ဒီကိုရောက်တာကလဲ မကြာသေးဘူးဆိုတော့ ဒီက ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေ အခွင့် အရေးတွေကိုလည်း သိပ်ပြီး မသိကြသေးဘူးကိုး
ဇော်။ ။ အဲ့ဒါကို စပ်စပ်စုစု သွားရှေ့နေလိုက်ပေးနေတာပေါ့ ဟုတ်လား။
ညို။ ။ ရှေ့နေလိုက်တာမဟုတ်ပါဘူး ကိုဇော်ဝင်းလှိုင်ရယ်။ သူတို့က ဘာသာစကား အခက်အခဲနဲနဲရှိတော့ စကားပြန်လုပ်ပြီး သွားကူညီပေးတာပါ
ဇော်။ ။ အင်း သူက စကားပြန်သွားလုပ်ပေးတာတဲ့။ အော် ဟိုကခမြာတွေတော့ ရှေ့နေငှားမှ ထောင်လုံးလုံးကျ ဖြစ်တော့မှာပါပဲ
ညို။ ။ ကိုဇော်ဝင်းလှိုင် ဘာတွေစဉ်းစားနေတာလဲ၊
ဇော်။ ။ အော် မစဉ်းစားပါဘူး၊ မညိုက တော်တော်ကူညီတတ်သားပဲလို့ တွေးနေတာပါ။
ညို။ ။ အများအကျိုးဆောင်တော့ ကိုယ့်အကျိုးအောင်ပေါ့ မဟုတ်ဘူးလား။ ဒါနဲ့ ခုန ကိစ္စလေးနဲ့ ပတ်သက်လို့ ဆက်ပြောပါရစေအုံး၊ ကျမမှာလေ ရဲတွေကို ရှင်းပြလိုက်ရတာ မပြောပါနဲ့တော့၊ ယဉ်ကျေးမှုမတူတာရော။ ခလေးတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေး တွေ အကြောင်း ဗဟုသုတ မရှိလို့ပါဆိုတာရော ကိုယ့်တိုင်းပြည်က အခြေအနေတွေ ပြောပြီး ရှင်းပြပေးရတာပေါ့။ အမေလုပ်တဲ့သူကလည်း သူ့ကို ပြန်ပြောရမလား။ ဟိုဟာလုပ်ချင် ဒီဟာ လုပ်ချင်ပူဆာရမလား ဆိုပြီး တီးထည့်လိုက်တာလေ။ ခလေးက အရှိုးရာထင်သွားတာကိုး၊
ဇော်။ ။ဟာ ဒီမှာ ကလေးတွေကို ဒါမျိုးသွားလုပ်လို့ ဘယ်ရမလဲ။ ဒီမှာက ကလေးတွေကို ခေါ်တာတောင် Future President အနာဂတ်ရဲ့သမတ လို့ ခေါ်ကြတာမှတ်လား ။သူတို့ ဒီတိုင်းပြည်ထွက်မလာခင်က ဒီက ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအကြောင်း သင်တန်းတွေပါတွေ ပေးတာတော့ရှိတယ်မှတ်လား
ညို၊ ။ ရှိပေမဲ့ ကလေးဆိုတာ ရိုက်ဆုံးမရတယ်ဆိုတဲ့ စိတ်က အရိုးစွဲနေတော့ ဖြစ်တတ်တာ ပေါ့လေ။ ဒီမှာက ကလေးကို ရိုက်နှက်ဆုံးမဘို့မပြောနဲ့ မတရားအော်ဟစ်ငေါက်ငန်း လို့ တောင် မှမရတာ၊ ခလေးတွေကလည်း သူတို့ကို အဲ့ဒီလို လုပ်ခွင့်တွေ မရှိဘူးဆိုတဲ့ ဥပဒေ အခွင့်အရေးတွေကို သိနေတာကိုး၊ လူမှန်းသိကထဲက ၉၁၁ နှိပ်တတ်အောင် သင်ထားပေးတာ မှတ်လား၊
ဇော်။ ။ ဒီကကလေးတွေ ပြောတာဆိုတာကြည့်ရတာ မြန်မာ့ ယဉ်ကျေးမှု တွေ စရိုက် တွေ နဲ့တော့ မကိုက်ပါဘူးဗျာ။ လူကြီးကိုလည်း ပြန်အော်လိုအော်နဲ့
ညို။ ။ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ကိုယ့်ယဉ်ကျေးမှုကို ထိမ်းသိမ်းပြီးနေတာ တော့ ကောင်းတာပေါ့၊ ဒါမေမဲ့ ယဉ်ကျေးမှုနဲ့ အခွင့်အရေး ကွာတာတော့ သိရမယ်လေ၊ ခလေး တွေက ငါတို့မှ အခွင့်အရေးရှိတယ်ဆိုပြီး မြန်မာယဉ်ကျေးမှု ပျက်စီးအောင် လူကြီးမိဘကို ရိုင်းရိုင်းပြပြ ဆက်ဆံတာမျိုးတော့ လက်မခံသင့်ဘူးပေါ့။ ဒါပေမဲ့ ခလေးတွေ ကို သူ့အသိညာဏ်နဲ့သူ ဆုံးဖြတ်တတ်အောင် လုပ်ကိုင်တတ်အောင် အခွင့်အရေးပေးတာ လမ်းပြပေးတာတွေတော့ လုပ်ရမှာပေါ့။
ဇော်။ ။ ဟုတ်တော့ဟုတ်ပါတယ်လေ၊ မြန်မာလူမျိုးဆိုတာကလဲ အရာရာမှာ လူကြီးမိဘ ပြောတာအမှန်ဆိုတဲ့ အယူအဆရှိနေတော့ ခက်တာပေါ့လေ။ ခလေးမှားရင်လဲ နားဝင် ပြောပြောပြတာထက် ရိုက်တာက အရင်ကိုး။ ခလေးက ဘာအခွင့်အရေးမှ မတောင်းတတ်ကြ မတောင်းရဲကြတာများတယ်လေ။
ညို။ ။ ဟုတ်တယ် ဒီမှာဆို ကလေးတွေက သူတိုကအခွင့်အရေး။ သူတို့ရပိုင့်ခွင့် အကုန်လုံးကို သိနေတော့ လိုအပ်ရင် သမတတောင်ရက်ချိန်းတောင်းပြီး သွားတွေ့ သွားပြော၊ သွားအခွင့်အရေးတောင်း စောဒကတက်ရဲကြတာကိုး။
ဇော်။ ။ အခွင့်အရေးတောင်းတာတော့မပြောနဲ့ မညိုရေ။ ကျနော်တို့ ဗမာပြည်မှာက အခွင့်အရေးတောင်းရင်၊ စောဒကတက်ရင် မိဘတွေ က ခလေးတွေကို ရိုက်ပဲဆုံးမတာ ။ အုပ်ချုပ်သူ တွေကတော့ ခလေးတွေကို သေနတ် နဲ့ပြစ် ဆုံးမတာမှတ်လား။
ညို၊ ၊ အဲ့ဒါကြောင့်ကျမက မတူတာလေးတွေကို ပြောပြချင်တာပေါ့ ကိုဇော်ဝင်းလှိုင်ရယ်