မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒနဲ့ပတ်သက်လို့
ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးထက် အမျိုးသား
စီးပွားရေး အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ရမှာ
ဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့ တခြားရွေးချယ်စရာလမ်း မရှိတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး
နိုပတ်ဒ်ဒွန် ပတ်တာမာ (Noppadon Pattama) က
မနေ့က ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ရင် လူ့အခွင့်ရေး
ကိစ္စတွေထက် စီးပွားရေးကို ပိုပြီး ဦးစားပေးရလိမ့်
မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါ
တယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အရင်က အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမူရော၊ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဆက်ဆံရေးမူရော နှစ်ခုစလုံးကို ကျင့်သုံးခဲ့ပေမယ့် အလုပ်
မဖြစ်ခဲ့ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပတ်ဒ်ဒွန် ပတ်တာမာက ပြောဆိုပါတယ်။
အခု ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံအချင်းချင်း
ချဉ်းကပ်တဲ့မူကိုပဲ ကျင့်သုံးသွားမယ်လို့လည်း သူက ပြောဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ လာမယ့် မတ်လ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံကို
သွားဖို့ စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံကို သွားတဲ့အချိန်မှာ စစ်အစိုးရ ကြေညာထားတဲ့ ဖွဲ့စည်းပုံအတည်ပြုရေး လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ
ကော်မရှင် ဖွဲ့စည်းရေးဆိုင်ရာ အတွေ့အကြုံတွေကို ဆွေးနွေးမယ်လို့လည်း ပြောပါ
တယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ ကြားဝင်မစွက်ဖက်ရေးမူဟာ မလွဲ
မသွေ အသုံးပြုမယ့် အခြေခံမူဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီမူဝါဒဟာ အာဆီယံ အတွက်တင်မဟုတ်ဘဲ နိုင်ငံတကာနဲ့ ဆက်ဆံရေးအတွက်လည်း အလားတူပဲလို့
ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ နှောင့်နှေးနေတာတွေနဲ့
ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ ဘယ်လိုခံစားမိတယ်ဆိုတာ ပြောဖြစ်တဲ့အကြောင်း၊
ဒါပေမယ့်လည်း လူတွေက လူ့အခွင့်အရေးကိစ္စတွေကိုပဲ ပြောဆိုနေကြပေမယ့်
ထိုင်းနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေလို အခြားအကြောင်းအရာတွေလည်း ရှိနေသေးတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး
က ပြောပါတယ်။
လူတွေက ထိုင်းနိုင်ငံရဲ့မူဝါဒဟာ မျက်နှာနှစ်မျိုးနဲ့ လှေနံနှစ်ဖက်နင်းတဲ့ မူဝါဒဖြစ်တယ်
ဆိုပြီး ပြောဆိုဝေဖန်တာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားရေးမူဝါဒမှာ တရား
သေ ပုံသေနည်းနဲ့ သွားရတာ မဟုတ်တဲ့အကြောင်း၊ ထိုင်းရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တိုင်းပြည်ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ပြည်သူတွေရဲ့ စီးပွားရေးအကျိုးအမြတ်
အတွက် ဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။