သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ဆန္ဒခံယူပွဲ ဥပဒေကို ဝါရင့် နိုင်ငံရေးသမားက ဝေဖန်


မေလထဲမှာ ကျင်းပပြုလုပ်မဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် မြန်မာအစိုးရက ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအတည်ပြုရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေတရပ်နဲ့၊ ကျင်းပရေး ကော်မရှင် တရပ်ကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ဒီ ထုတ်ပြန်ခဲ့တဲ့ ဥပဒေဟာ တကယ်တော့ အဓိပ္ပါယ်အမျိုးမျိုးထွက်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စုံစမ်းထားသမျှကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုပေးနိုင်အောင် မေလထဲမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ ကျင်းပပေးဖို့အတွက် ကျင်းပရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်တာနဲ့ အတူ၊ အဲဒီလို ဆန္ဒခံယူပွဲ ကျင်းပရာမှာ လိုက်နာဖို့အတွက် ဥပဒေတရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဆန္ဒခံယူမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ မြန်မာလူထုကြားမှာ ရေရေရာရာ ဘာမှ မသိကြသေးတာ သိရပါတယ်။ အခြေခံဥပဒေ ဖွဲ့စည်းပုံကို လူထုနားလည် သဘောပေါက်အောင် ဆက်လုပ်ဖို့ လိုနေပေမယ့် ဘာမှ ပြောဆိုရှင်းပြပေးတာမျိုးတွေ မရှိတဲ့အပြင် တားမြစ်ချက်နဲ့ ပြစ်ဒဏ် သတ်မှတ်မှုတွေပါ ပါနေတာမို့ အဓိပ္ပါယ်အမျိုးမျိုး ထွက်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြတာပါ။ ဝါရင့်နိုင်ငံရေးသမားကြီး သခင် ချန်ထွန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“အခုမှ အခြေခံဥပဒေကို လုပ်မယ်ဆိုတော့ အနှစ် (၂၀)မှ ပေါ်လာတဲ့သဘော။ ပေါ်လာတဲ့ အခါမှာလည်း မိမိစိတ်ကြိုက် ပုဂ္ဂိုလ်တွေကို အမျိုးသားညီလာခံဆိုပြီး လုပ်ပြီး ရွေးခဲ့တယ်။ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဆိုပြီး အချက် (၁၀၄)ချက်ကို လုပ်လာတယ်။ ဒီဥပဒေက တိုင်းပြည်ကို အရင် ကြေညာရမယ်။ ကြေညာပြီးတော့မှ ဒီဥပဒေနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲကို လုပ်တဲ့ ကော်မရှင်ကို ခန့်တဲ့ ဥပဒေကို ထုတ်ရမယ်။ ပြီးတော့မှ အကြံပြုထားတဲ့ အခြေခံဥပဒေကို ထုတ်ရမယ်။ အခုဟာက အခြေခံဥပဒေကြမ်းက ဘယ်ဟာမှန်း မသိသေးခင် ဒါတွေက အရင်လုပ်လာတော့ တော်တော် ဆန်းဆန်းပြားပြား အဓိပ္ပါယ်ထွက်သွားတဲ့ သဘောပါ။ အခြေခံဥပဒေကို ကန့်ကွက်လာလို့ရှိရင် ထောင်သုံးနှစ်ချနိုင်မယ်၊ ဘာပြုမယ်၊ ညာပြုမယ်ဆိုတာတွေက အကုန်လုံးပါလာတယ်။ “မည်သူမဆို ပုဒ်မ (၂၄)တားမြစ်ချက် တရပ်ကို ဖောက်ပြန်ကြောင်း ပြစ်မှုထင်ရှားခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်” ဆိုပြီး အပြစ်ဒဏ်ကြီးနဲ့ တခါတည်း အကုန် သတ်မှတ်ပြီး လုပ်လိုက်တော့ အဓိပ္ပါယ်တွေ အမျိုးမျိုးကိုပဲ ထွက်နေတယ်။”

အရင်တုန်းက မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ခဲ့တာတွေမှာ စနစ်တကျလုပ်ဆောင်တာတွေ ရှိတာတောင်မှ ပြဿနာတွေနဲ့ ရင်ဆိုင်ရပြီး မြန်မာနိုင်ငံမှာ ဆုတ်ယုတ်မှုတွေ့လာခဲ့ရတယ်လို့လည်း သမိုင်းကို အခုလို လှန်ပြီး ပြောပြခဲ့ပါတယ်။

“(၄၇)ခုနှစ်တုန်းကတော့ အခြေခံဥပဒေ ရေးဆွဲဖို့ရာ၊ တိုင်းပြု ပြည်ပြု လွှတ်တော်ကို ရွေးကောက်တင်မြှောက်တယ်လေ။ အဲဒီ လွှတ်တော်ကနေပြီးတော့ အခြေခံဥပဒေရေးဆွဲဖို့ အမတ် (၁၁၁)ဦး ကနေပြီး ရှေ့နေချုပ်နဲ့ အဲဒီ ရှေ့နေချုပ်က တကမ္ဘာလုံး နိုင်ငံအသီးသီး လှည့်လည်ပြီး၊ အကုန်လုံးယူလာပြီး၊ သူက မူကြမ်းတင်ပြတယ်။ အမတ် (၁၁၁)ဦးက လိုအပ်တဲ့ ဆပ်ကော်မတီတွေဖြစ်တဲ့ ကျန်းမာရေးစပ်ကော်မတီအစရှိတာတွေကို ဖွဲ့ပြီးတော့မှာ မူကြမ်းကို ဆွေးနွေးတင်ပြရတာ။ အဲဒါကို (၁၁၁)ဦးက အတည်ပြုပြီးတော့မှ တိုင်းပြည်လွှတ်တော်ကို တင်ပြီး အတည်ပြုခဲ့ရတာ။ ဟိုတုန်းကတော့ လူထုကလည်း ဖဆပလအဖွဲ့ချုပ်က ဗိုလ်ချုပ်အောင်ဆန်းလုပ်သမျှကို အားလုံးက ထောက်ခံနေတဲ့ ကာလဖြစ်နေတော့ ဘာ ပြဿနာမှ မပေါ်ခဲ့ဘူး။ အဲဒီထဲမှာက (၁၀)နှစ်ပြည့်ရင် ခွဲထွက်မယ်ဆိုတဲ့ ပုဒ်မလေး ပါနေတော့ အခြေခံဥပဒေကို ခွဲထွက်ရေး ပုဒ်မ (၁၀)အရလုပ်ချင်လို့ ပြဿနာတွေ ပေါ်ပြီးတော့ (၆၂)ခုနှစ် မတ်လ ၂ရက်နေ့မှာ အာဏာသိမ်းမှုတွေ ပေါ်လာခဲ့တာ။ အာဏာသိမ်းမှုတွေ ပေါ်လာရာကနေပြီးတော့ လုပ်တဲ့ လုပ်ရပ်တွေက တိုင်းပြည်ကြီးမှာ စီးပွားရေး ပျက်တာတွေ၊ အမှားတွေ အများကြီးပေါ့။ နောက်ဆုံး မခံနိုင်လွန်းအားကြီးပြီးတော့ ၈၈ အရေးတော်ပုံဆိုတာ ပေါ်လာတာပဲ။ ဟိုတုန်းကတော့ တော်လှန်ရေး ကောင်စီက (၁၂)နှစ်၊ (၇၄)ခုနှစ်မှာ ပေါ်အောင်လုပ်ခဲ့တယ်လေ။ အခုဟာက အနှစ် နှစ်ဆယ်လောက်မှ ပေါ်လာတဲ့သဘော။”

အခုလို အနှစ် (၂၀)လောက်နီးပါး ရေးဆွဲပြီးခါမှ ထွက်ပေါ်လာခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းကို အတည်ပြုဖို့အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူရာမှာ နိုင်ငံတကာကနေ တိုက်တွန်းပြောဆိုနေတဲ့ တရားမျှတတဲ့၊ သိက္ခာရှိတဲ့ဆန္ဒခံယူပွဲတွေ၊ ရွေးကောက်ပွဲတွေ ဖြစ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။

အခြေခံဥပဒေနဲ့ ပတ်သက်ပြီးလည်း လွတ်လွတ်လပ်လပ်ဖြစ်ဖို့ လိုအပ်တဲ့အပြင် တရားမျှတမှုရှိဖို့၊ နိုင်ငံရေး အကျဉ်းသမားတွေ လွှတ်ပေးဖို့၊ နိုင်ငံတကာကနေ လာရောက်လေ့လာ ကြည့်ရှုခွင့်တွေ ပေးဖို့ လိုအပ်တယ်လို့လည်းထောက်ပြပါတယ်။

“အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ရှင်းပြတာမျိုးတွေ မရှိဘဲနဲ့ လုပ်မှာ ဖြစ်နေတယ်လေ။ လုပ်တဲ့ အချိန်ကျမှ ပြည်သူလူထုကရော ဘယ်လို သဘောထားကြမလဲဆိုတာက အခြေခံဥပဒေ အတည်ပြုပေးတော့မှပဲ သိရမယ်လို့ ယူဆတယ်။ သဘောအရ ပြောရမယ်ဆိုရင် လူတွေကို အခြေခံဥပဒေကို လွတ်လပ်စွာဆွေးနွေးခွင့်ပေးရမယ်။ မကြိုက်တာ ကြိုက်တာပြောခွင့်ပေးရမယ်။ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပြီးတော့၊ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ်။ ဒီလို တိုက်တွန်းချင်တယ်။ ဆန္ဒခံယူပွဲမှာ ကမ္ဘာ့ ကုလသမဂ္ဂက လာကြည့်ပြီး အတည်ပြု ထောက်ခံ၊ ပြီးတော့ ကမ္ဘာအရပ်ရပ်က မီဒီယာသမားတွေကိုရော၊ သတင်းစာဆရာတွေကိုရော လေ့လာခွင့်ပေးရမှာ။ အဲဒါမျိုးတွေ ပေးစေချင်တယ်။ (၂၀၁၀)ခုနှစ်မှာ အခြေခံဥပဒေ အရ ပြုလုပ်မယ့် ရွေးကောက်ပွဲ ကျရင်လည်း အဲဒီလိုပဲ လာစေချင်တယ်။”

တကယ်လို့ ဒီအခြေခံဥပဒေကို ပြည်သူလူထုကနေ ဆန္ဒခံယူပွဲမှာ ကန့်ကွက်ခဲ့ပတယ်ဆိုရင် ဘာတွေလုပ်မယ်ဆိုတာကို လုံး၀ ဖော်ပြထားတာမတွေ့ရဘူးလို့လဲ ပြောပါတယ်။

၉၀ခုနှစ် ရွေးကောက်ပွဲက နိုင်လာရင် ကိုယ့်ဟာကို အခြေခံဥပဒေဆွဲကြဆိုပြီး အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး စောမောင်ကနေပြီး ပြောခဲ့ပေမယ့် တကယ်ကျတော့ ၉၀ခုနှစ် ရွေးကောက်ပွဲက နိုင်လာတဲ့ ပုဂ္ဂိုလ်တွေက အခုထက်ထိ ရလာဒ်က အကောင်အထည်ဖော်လာတာမတွေ့ရဘူး။ အခုကျတော့လည်း တကယ်လို့ လူထုကနေပြီး အခြေခံဥပဒေကို ဆန္ဒမဲနဲ့ ပယ်ချလိုက်မယ်ဆိုရင် ဘာလုပ်မယ်ဆိုတာ ပြတ်ပြတ်သားသားမပါတော့ လူထုကတော့ စိုးရိမ်နေတာပေါ့လေ။ ဒါက သေချာကြေညာဖို့လိုတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG