သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ကျောင်းသားခေါင်းဆောင်တွေ ထောင်တွင်း တင်းကြပ်ခံနေရ


အင်းစိန်ထောင် တိုက်တွင်းကနေ ပြင်ပနဲ့ ဆက်သွယ်တဲ့ စာမိတာကြောင့် နိုင်ငံရေး အကျဉ်းသား တွေ အထူးသဖြင့် ထိမ်းသိမ်းခံထားရတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ထောင်တွင်း မှာ ပိုပြီး ကန့်သတ်မှုတွေ တင်းကြပ်မှုတွေ လုပ်လာတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ ဆက်နွယ်ပြီးတော့ အပြင်မှာ အဖမ်းအဆီးတွေ ရှိနေတယ်လို့လည်း ကြားရပါတယ်။ ဖြစ်တာကတော့ ပြီးခဲ့တဲ့ အပတ်တွင်းက အင်းစိန်ထောင် တိုက်အတွင်းမှာ ပြင်ပနဲ့ ဆက်သွယ်တယ် ဆိုတဲ့ စာကို ထောင်အာဏာပိုင်တွေက တွေ့ရှိသွားရာကနေ - အင်းစိန်ထောင် တိုက်အားလုံးမှာ အရင် ခွင့်ပြုထားတဲ့ တနေ့ တနာရီ လမ်းလျှောက်ခွင့်ကိုပါ ပိတ်လိုက်တာလို့ သိရပါတယ်။ ဒါအပြင် ထောင်တွင်းမှာ ဒီကိစ္စနဲ့ ဆက်နွယ်လို့ ခေါ်ယူစစ်ဆေးမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ပဲ ရုံးချိန်းရှိတာကြောင့် မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုသိန်းဆွေ ရဲ့ ဖခင် ဦးမြင့်ဆွေကိုမေးကြည့်တော့ သူတဆင့် ကြားရသမျှကို အခုလို ပြောပါတယ်။

“ပိတ်တော့ နဲနဲတော့ ကျပ်သွားတာပေါ့နော်။ တိုက်အားလုံးကို တင်းတင်းကျပ်ကျပ်ကို လုပ်ထားတာ။ စာမိတယ်လို့ သတင်းထွက်တာပေါ့။”

ဒါ့အပြင် ဒီရက်ပိုင်းထဲမှာပဲ ဖမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုမာကီးရဲ့ ညီဖြစ်သူ ကိုကက်နက်နဲ့ အခြားလူနှစ်ဦး ဖမ်းဆီးခံရမှုဟာ ဒီထောင်တွင်း စာမိမှုနဲ့ ပတ်သက်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ အတည်ပြုလို့တော့ မရပါဘူး။ စာက အပြင်က ဘယ်သူထံ ပို့သလဲ ဘယ်သူနဲ့ ဆက်သွယ်သလဲဆိုတာလည်း အသေးစိတ် မသိရသေး ပေမယ့် - ထောင်တွင်း အခုလို စာမိသူတွေထဲမှာတော့ ထိမ်းသိမ်းခံထားရတဲ့ ကိုမာကီး အပါအဝင် ၈၈မျိုးဆက်ကျောင်းသားအချို့ ပတ်သက်နေဖွယ်ရှိတယ်လို့ သိရပါတယ်။

တနင်္လာနေ့ကပဲ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုပြုံးချိုရဲ့ဖခင် ဦးဝင်းမောင်ကိုတော့ ထောင်တွင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အခြေအနေ သူကြားရသမျှ ဘယ်လိုရှိသလဲလို့ မေးကြည့်ပါတယ်။

“တိုက်ပိတ်ထားတဲ့ သဘောမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ အရင်ကလောက်တော့ အနေမချောင်ဘူး ပေါ့။ ကိုပြုံးချိုကတော့ သီးသန့်ဆိုတော့ သူတို့ကတော့ ပိုပြီးတော့ အနေချောင်တာပေါ့။ ကိုမြအေး တို့ဆိုရင် ပထမနေတဲ့ နေရာတွေက အသက်ရှူ ကြပ်တာတွေမျိုး အခက်အခဲတွေ့တယ်။ အဆောင် ကြီးကလည်း မျက်နှာစာ ပိတ်နေတဲ့အခါကျတော့ ဝိုင်းပြီး ပြောလိုက်တော့ အခုတော့ နေရာက ကောင်းသွားတယ်လို့ ပြောတယ်။ ထောင်မကြီးမှာ နေတဲ့သူကျတော့ အချိန်အကန့်အသတ် နဲ့ ထုတ် ပေးတယ်လို့ ပြောတယ်။ သီးသန့်မှာ နေတဲ့သူကျတော့ ထောင်မကြီးလောက်တော့ တင်းကျပ်မှု မရှိဘူးလို့ ပြောတယ်။”

အန်ကယ်တို့ သွားတွေ့တော့ရော တွေ့ရတာ အဆင်ပြေရဲ့လား။

“တွေ့ရတာကတော့ အဆင်ပြေပါတယ်။ အခါတိုင်းလိုပါပဲ။”

သူတို့ရော ဘာပြောသေးလဲ။

“ဘာမှ အခက်အခဲမရှိဘူးတဲ့၊ စိုးရိမ်စရာလဲ မရှိပါဘူးတဲ့။ ဒါက ဒီလိုပဲ သူတို့ လုပ်နေတာပဲတဲ့။”

တခြားတိုက်ပိတ်တယ်ဆိုတာတွေရော ကြားသေးလား။

“အဲဒါတော့ မကြားပါဘူး။ နောက်ထပ်ပြီး တစ်ယောက်၊နှစ်ယောက်ကို ထပ်ဖမ်းတယ်ဆိုတာပဲ ကြားပါတယ်။ ကိုမာကီးရဲ့ ညီတစ်ယောက်လဲ ဖမ်းခံရတယ်လို့ ကြားတယ်။ အဲဒါတော့ သိတယ်။”

၈၈မျိုးဆက်ကျောင်းသားတွေကို အခုအခါမှာ အမျိုးသားညီလာခံကို နှောက်ယှက်တဲ့ဥပဒေ ၅/၉၆ နဲ့ တရားစွဲဆိုထားတာပါ။ ယခင်ကစွဲဆိုထားတဲ့ ပုံနှိပ်အက်ဥပဒေ ၁၇/၂၀ ကိုတော့ ဖယ်လိုက်ပြန်ပါပြီ။ သူတို့ကို အခုလိုအမှုတွေနဲ့ တရာသူကြီးဆီကနေ ရမန် ချုပ်ရက် ယူတဲ့အခါမှာလည်း အချို့ပဲ တရားသူကြီး ရုံးရှေ့ထွက်ရပြီး အများစုကတော့ သူတိုရှိရာ တိုက်ခန်းရှေ့မှာပဲ ရမန်ချုပ်ရက်ကို လာဖတ်ပြတယ်လို့ သိရပါတယ်။

ဒီ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အခုလာမယ့် ဖွဲ့စည်းပုံဥပဒေမူကြမ်း ဆန္ဒခံယူပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပမှာ တောင်းဆိုနေကြပေမယ့် အဓိက ခေါင်းဆောင်တွေကိုတော့ ဆက်ပြီး ဖမ်းဆီးထားမယ့် အလားအလာရှိနေတယ်လို့ အကဲခတ်သူတွေကတော့ ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG