သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်အယ်အို တိုင်ကြားမှုစနစ်ထားရှိရေး နောက်ထပ် တနှစ်သက်တမ်းတိုးမည်


မြန်မာနိုင်ငံတွင်း အတင်းအဓမ္မလုပ်အားပေးခိုင်စေမှု ပပျောက်ရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ အိုင်အယ်အို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် အကြား ထပ်ဆင့်နားလည်မှုစာချွန်လွှာကို နောက်ထပ် တနှစ်သက်တမ်းတို့ဖို့ ယာယီသဘောတူညီချက် ရလိုက်ပါပြီ။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျနီဖာအိုင်အယ်အိုရုံး အမှုဆောင်ညွန်ကြားရေးမှုး ကယ်ရီတပ်ပီယိုလာနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ မနေ့က မြို့တော်သစ်နေပြည်တော်မှာ တွေ့ဆုံပြီးတဲ့နောက် အခုလို သဘောတူညီမှု ရခဲ့တာပါ။ ဒါပေမယ့်လည်း ဒါ အတည်ပြုဖြစ်ဖို့ကတော့ အိုင်အယ်အို အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ရန်ကုန် အိုင်အယ်အိုရုံးခွဲက တာဝန်ခံ စတိဗ့် မာရဲှလ်က အခုလို ပြောပါတယ်။

“မြန်မာအစိုးရနဲ့ အိုင်အယ်အိုအကြား ထပ်ဆင့်နားလည်မှုစာချွန်လွှာကို နောက်ထပ် ၁၂လ သက်တမ်းတိုးဖို့ကိစ္စကို နှစ်ဖက် နားလည်မှုရထားပါပြီ။ ဒီလို သက်တမ်းတိုးဖို့ကိစ္စကို လာမယ့် မတ်လ အိုင်အယ်အို အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကို တင်ပြသွားမှာပါ။”

မစ္စတာတယ်ပီယိုအနေနဲ့ အလုပ်သမားဒုတိယဝန်ကြီးဦးစီးတဲ့ ဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့ အတင်းအဓမ္မလုပ်အားပေးတိုက်ဖျက်ရေး အမျိုးသားရေးကော်မတီ တာဝန်ရှိသူတွေနဲ့ ကနဦးတွေ့ဆုံပြီး၊ ဒီနောက်တော့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ သီးခြားထပ်မံတွေ့ဆုံပြီးတဲ့နောက် အခုလို သဘောတူညီချက်တွေ ရခဲ့တာပါ။ အိုင်အယ်အို ကိုယ်စားလှယ်ဟာ အစိုးရတာဝန်ရှိသူတွေနဲ့ချည်းမဟုတ်ပါဘူး - အခြားသက်ဆိုင်သူတွေနဲ့ပါ အခု ခရီးစဉ်အတွင်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

“မစ္စတာ တယ်ပီယိုလား နယ်ပယ်အသီးသီးက လူအတော်များများနဲ့ တွေ့ခဲ့ပါတယ်။ သံတမန်အသိုင်းအဝိုင်းနဲ့တွေ့ပါတယ်။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု တိုင်ကြားတာတွေနဲ့ ပတ်သက်လို့ တိုင်ကြားသူတွေ တိုင်ကြားနိုင်အောင် ကြားဝင်ကူညီသူတွေနဲ့ တွေ့ဆုံပါတယ်။ လူ့အခွင့်အရေးကိစ္စ လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားမှုကိစ္စတွေကြောင့် ဖမ်းဆီးထိမ်းသိမ်းခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံပါတယ်။ သူဟာ အခု မနက်ဖြန်အထိ မြန်မာနိုင်ငံမှာ ရှိနေဦးမှာပါ။”

မြန်မာအစိုးရနဲ့ အိုင်အယ်အိုအကြား ချုပ်ဆိုထားတဲ့ ထပ်ဆင့် နားလည်မှုစာချွန်လွှာဟာ အခု သက်တမ်း တနှစ်ကုန်ဆုံးခဲ့ပါပြီ။ ဒါပေမယ့် ဒီသဘောတူညီချက်မှာပါသလို အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ပတ်သက်လို့ အိုင်အယ်အိုကို တိုင်ကြားသူတွေကို အရေးမယူပါဘူးလို့ အစိုးရဖက်က သဘောတူထားပေမယ့် - အိုင်အယ်အိုနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံနေရသူတွေလည်း ရှိပါတယ်။ ဒီအတွက်လည်း လာမယ့် အိုင်အယ်အို အုပ်ချုပ်ရေးညီလာခံမှာ ဒီစာချုပ်သက်တမ်းတိုးမတိုး ဆုံးဖြတ်ဖို့ အချက်အလက် အခြေအနေတွေ စုဆောင်းဖို့ အိုင်အယ်အို ကိုယ်စားလှယ်ရောက်ရှိလာတာဖြစ်တယ်လို့လည်း အိုင်အယ်အိုအရာရှိက ပြောပါတယ်။

“မစ္စတာ တယ်ပီယိုယာ အခုမြန်မာနိုင်ငံကိုလာရောက်တဲ့ အရေးကြီးတဲ့အကြောင်းရင်းတွေကတော့ ပထမအချက် - အိုင်အယ်အို မြန်မာအစိုးရ အကြား လက်ရှိ ဆက်စပ်လုပ်ကိုင် နေတာတွေနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဖို့ပါ။ အခုဒီအချက်ကတော့ အောင်မြင်စွာပြီးခဲ့ပါပြီ။ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပျက်နေတာတွေကို ကိုယ်တွေ့သိရှိ နားလည်နိုင်အောင်ပါ။ ဒီကနေ သူ့အနေနဲ့ အိုင်အယ်အို အုပ်ချုပ်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံကိစ္စကို ကိုင်တွယ်ဆောင်ရွက်သွားမှာပါ။”

မြန်မာစစ်အစိုးရဖက်ကတော့ သူတို့အနေနဲ့ နိုင်ငံတွင်းမှာ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုတွေ မရှိအောင် တိုက်ဖျက်သွားမယ်လို့ ပိုင်းဖြတ်ထားတဲ့အကြောင်း အာမခံပြောတယ်လို့ အိုင်အယ်အို အရာရှိက ပြောပါတယ်။ ဒါပေမယ့် နိုင်ငံတော်အဆင့်တင်မဟုတ်ပဲ ဒေသအဆင့် အများပြည်သူကြားမှာပါ ဒီအချက်က ကျယ်ပြန့်ဖို့ လိုတယ်လို့ မစ္စတာ စတိဗ် မာရဲှလ်က ယူဆပါတယ်။

“အရေးကြီးတဲ့အချက်ကတော့ မြန်မာလူထုအနေနဲ့ မြန်မာအစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ အခု အိုင်အယ်အိုနဲ့ချုပ်ဆိုထားတဲ့ ထပ်ဆင့်နားလည်မှုစာချွန်လွှာပါ အခွင့်အရေးတွေကို သိရှိနားလည်ဖို့လိုပါတယ်။ ဒါ့အပြင် ဒီဥပဒေနဲ့သဘောတူညီချက်ပါ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ဒေသအာဏာပိုင်တွေက သိရှိနားလည်ဖို့လိုပါတယ်။ ဒါဟာ ကျနော်တို့ အခုဆောင်ရွက်နေတဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။”

ဒေသအဆင့်အထိ ဒီဥပဒေတွေ စာချုပ်တွေကို ကောင်းကောင်းသဘောပေါက်လာအောင်လုပ်ဖို့ ဒီရည်ရွယ်ချက်ကို အိုင်အယ်အို ဖက်က တကယ်တမ်း ဆောင်ရွက်နိုင်ပါမလား မေးခွန်းရှိလာပါတယ်။ အိုင်အယ်အိုဖက်ကတော့ သူတို့ဟာ အစိုးရအာဏာပိုင်အဆင့်အဆင့် အောက်ခြေပိုင်းအထိ ဒီအတွက် ပူးတွဲဆောင်ရွက်သွားမယ်လို့ ပြောနေပါတယ်။

“အခုအချိန်မှာ အားလုံးရဲ့တာဝန်ကတော့ ဒီမူဝါဒတွေကို လက်တွေ့ အကောင်အထည် ဖော်ရေးပိုင်း လုပ်ဖို့ပါ။ ဒီအတွက် အစိုးရအာဏာပိုင်အဖွဲ့ အဆင့်အသီးသီးနဲ့ ကျနော်တို့ လက်တွဲ လုပ်ဆောင် သွားမှာဖြစ်ပြီး သူတို့မှာ လူထုကို အခွင့်အရေးပေးဖို့ ဥပဒေပါ တာဝန်တွေရှိတယ်ဆိုတာ သိအောင်လုပ်သွားပါမယ်။ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေ မြန်မာနိုင်ငံမှာ လုံးဝပပျောက်အောင် လက်တွေ့လုပ်ငန်းတွေလုပ်ဖို့ သူတို့လက်တွဲဆောင်ရွက်သွားပါမယ်။”

အခု သဘောတူညီချက်မှာ ပြီးခဲ့တဲ့စာချွန်လွာမှာ ပါပြီးသား မြန်မာနိုင်ငံဆိုင်ရာ အိုင်အယ်အို ကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံတွင်း လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိဖို့ဆိုတာပါဝင်ပါတယ်။ ဒီအချက်ဟာ စာမှာပါတဲ့အတိုင်းလည်း လက်တွေ့လုပ်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း မစ္စတာ စတိဗ်မာရဲှလ်က အပြုသဘောပြောသွားခဲ့ပါတယ်။ တကယ်ကတော့ အိုင်အယ်အိုနဲ့ ပတ်သက်လို့ တိုင်ကြားလို့ တိုင်ကြားနိုင်အောင် ကူညီလို့ ဖမ်းခံရတာတွေ ခြိမ်းခြောက်ခံရတာတွေ ဒီသတင်းတွေ ဒီနှစ်အတွင်းမှာကို ကြားနေရဆဲပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG