သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ခေါ်ယူပေးဘို့ ပါကစ္စတန်အနိုင်ရ ပါတီတွေ တောင်းဆို


ပါကစ္စတန် နိုင်ငံ ညွန်ပေါင်းအစိုးရအဖွဲ့အတွင်း လွှတ်တော်သစ်ကို အုပ်ချုပ်မယ်လို့မျှော်လင့်ရတဲ့ နိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ် ပူးတွဲအစည်းအဝေးကျင်းပနေပါတယ်။ ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူပေးဘို့လည်း ပါကစ္စတန် သမ္မတ ပါဗတ်ဇ် မူရှာရတ်ဖ်ကို အဲဒီနိုင်ငံရေးပါတီတွေက တောင်းဆိုလိုက်ပါတယ်။ သမ္မတ မူရှာရတ်ဖ်ကို ရာထူးက ဖယ်ရှားဘို့ အတွက် လိုအပ်တဲ့ လွှတ်တော်ရဲ့ အမတ်နေရာ သုံးပုံနှစ် နီးပါး သူတို့ အနိုင်ရထားတယ်လိုရလည်း ပါတီတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ဘယ်ရီ နယူးဟောက်စ် Barry Newhouse အစ္စလမ်မာဘတ်မြို့ကနေ သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေဖြစ်လာနိုင်တဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီသုံးခုက လွှတ်တော်အမတ်တွေ အစ္စလမ်မာဘတ်မြို့လယ် ဟော်တယ်တစ်ခုမှာ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ သူတို့က လွှတ်တော်ကို အမြန်ဆုံးခေါ်ပေးဘို့ သမ္မတ မူရှာရတ်ဖ်ကို တောင်းဆိုနေကြပါတယ်။ ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲအပြီး ခေါ်ယူမယ့် လွှတ်တော်ဟာ အခြေအတင် ငြင်းခုံမှုတွေနဲ့ တင်းမာမှုတွေ ရှိလာမယ့် လွှတ်တော်လို့လည်း မျှော်လင့်ရပါတယ်။

ပုဂ္ဂလိကပိုင် ပါကစ္စတန်နီ သတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်ချက်မှာ ပါကစ္စတန် မူဆလင် အဖွဲ့ချုပ် N ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဟောင်း န၀တ်ဇ် ရှရစ်ဖ် (Nawaz Sharif) က သမ္မတမူရှာရတ်ဖ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရပ်တည်တဲ့ သူ့ရပ်တည်ချက်အတိုင်း ဆက်ပြီးရပ်တည် ပြောဆို သွားပါတယ်။

“ဒီနေရာမှာရှိတဲ့ ကျနော့ မိတ်ဆွေတွေကိုယ်စား သမ္မတ မူရှာရတ်ဖ်ကို ကျနော် အကြောင်းကြား ချင်ပါတယ်။ ကျနော်တို့အနေနဲ့ လွှတ်တော်ခေါ်ယူဘို့အတွက် နောက်ထပ် တစ်ရက်တောင် ဆက်ပြီး မစောင့်နိုင်တော့ဘူးဆိုတာပါပဲ။”

ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ (၁ဂ) ရက် ရွေးကောက်ပွဲကို နောက်ဆုံး ရေတွက်တဲ့ အတည်ပြုချက် ထွက်မလာဘူးဆိုရင် သမ္မတအနေနဲ့ လွှတ်တော်ကို ခေါ်ယူခွင့်မရှိပါဘူး။ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲက မတ်လတစ်ရက်နေ့မှာ တရားဝင် တွေ့ဆုံပြီး တရား
ဝင်ကြေညာချက်ကို နောက်ပိုင်းမှာ ထုတ်ပြန်ဘို့ စီစဉ်ထားတယ်လို့ ဗီအိုအေကို ပြောပါတယ်။

မနေ့က တွေ့ဆုံခဲ့ကြတဲ့ လွှတ်တော်အမတ်တွေက ညွှန့်ပေါင်းအစိုးရအဖွဲ့အတွင်းမှာ သူတို့အနေနဲ့ အမတ်နေရာ ၁၇၁ နေရာ ရထားတယ်လို့ ပြောပါတယ်။ တသီးပုဂ္ဂလ အမတ်တွေလည်း အများအပြားပါဝင်ပါတယ်။ သမ္မတကို ရာထူးက ဖယ်ရှားနိုင်ဘို့ဆိုရင် ညွှန့်ပေါင်းအဖွဲ့ဝင် အမတ်တွေက ၁၈၂ နေရာ မဟာအများစုခေါ် လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံ ရရမှာဖြစ်ပါတယ်။

သမ္မတမူရှာရတ်နဲ့ မူရှာရတ်ဖ်ရဲ့ လက်ရှိ အာဏာရ ပါက္စတန် မူဆလင်အဖွဲ့ချုပ် Q ပါတီအပေါ် ဝေဖန် တိုက်ခိုက်သူတွေ ရွေးကောက်ပွဲ မတိုင်ခင်က စည်းလုံးညီညွတ်သွားခဲ့ပါတယ်။ အ၀ါမီ အမျိုးသားပါတီ ခေါင်းဆောင် အာဆ်ဖန်ဒိုင်ယာ ၀ါလီ (Asfandyar Wali) က သူတို့အနေနဲ့ ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံခဲ့ရပြီးနောက်ပိုင်း ဆုံးရှုံးခဲ့ရတာတွေကို မျှဝေခဲ့ကြတယ်လို့ ပြောပါတယ်။

ဘနာဇီယာ ဘူတိုဟာ ပြည်သူ့ပါတီ ကပါ၊ ဒါပေမယ့် သူမဟာ ပါကစ္စတန်နိုင်ငံမှာ သဘောထား မတင်းမာတဲ့ အစွန်းမရောက်တဲ့ ဒီမိုကရေစီ အင်အားစုတွေအားလုံးနဲ့ ထပ်တူ ထပ်မျှ ရှိနေပါတယ်။

ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အချိန်ကတည်းက မစ္စဘူတိုရဲ့ အမွေဆက်ခံဘို့နဲ့ သမ္မတ မူရှာရတ်ဖ်ကို ဆန့်ကျင်မှုတွေက ပါတီတွေအကြား ပေါ်လာခဲ့တဲ့ ကွဲလွဲချက်တွေအပေါ်မှာလည်း အရိပ်ထိုး နေခဲ့ပါတယ်။ အထူးသဖြင့် ပါက္စတန် အကြီးတန်း တရားသူကြီးချုပ်အရေးကိစ္စနဲ့ ပတ်သက်လို့ အတိုက်အခံပါတီတွေကြားမှာ ကွဲလွဲချက်တွေ ရှိခဲ့ပါတယ်၊

ပြီးခဲ့တဲ့လ နိုဝင်ဘာလက ပါကစ္စတန်နိုင်ငံမှာ အရေးပေါ် ဥပဒေကြေညာတဲ့အချိန်မှာ သမ္မတ မူရှာရတ်ဖ်က တရားရုံးချုပ်ကို ဖျက်သိမ်းပြီး ထိတ်တန်းတရားသူကြီးတွေကို ရာထူးက ဖယ်ရှား ခဲ့ပါတယ်။ ဒီလို ဖယ်ရှားခဲ့တာဟာ သူ့ရဲ့ အာဏာတင်းတင်းကြပ်ကြပ်ဆုတ်ကိုင်တာကို စိန်ခေါ်နေတဲ့ လွှတ်လပ်တဲ့ တရားစီရင်မှုကို ထိမ်းချုပ်ဘို့ အခုလို ဖျက်သိမ်းလိုက်တာဆိုပြီး ဝေဖန် တဲ့သူတွေက ပြောဆိုခဲ့ကြပါတယ်။

န၀တ်ဇ် ရှရစ်ဖ်ကတော့ တရားသူကြီးတွေကို အမြန်ဆုံး ရာထူးပြန်ပြီး ခန့်အပ်ဘို့ ပြောဆိုနေပါတယ်။ ဒါပေမယ့်လည်း အ၀ါမီ အမျိုးသားပါတီ ခေါင်းဆောင် အာဆ်ဖန်ဒိုင်ယာ ၀ါလီ ကတော့ ဒီကိစ္စကို ပါလီမန်ကပဲ ဆုံးဖြတ်ရမယ်ဆိုတဲ့ သဘောမျိုး ရည်ညွှန်းပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG