သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေဂျင်း အိုလံပစ်ကို သပိတ်မှောက်ရေး မြန်မာအတိုက်အခံများ ပြင်ဆင်


၂၀၀၈ ဘေဂျင်းအိုလံပစ်ပွဲကို အခုသြဂုတ်လမှာကျင်းပ တော့မှာမို့ တရုတ်အစိုးရဖက်က အကြီးအကျယ် ပြင်ဆင်နေချိန်မှာပဲ တဖက်မှာလည်း တရုတ်အိုလံပစ်ကို ဆန့်ကျင် ကန့်ကွက်မှုတွေ ပေါ်ပေါက်နေပါတယ်။ တိုက်ဆိုင်မှုတခုကတော့ ဘေဂျင်းအို လံပစ်ပွဲစတင်မယ့်နေ့ဟာ ၁၉၈၈ မြန်မာပြည်က ရှစ်လေးလုံး လူထုအုံကြွမှုကြီးရဲ့ အထိမ်းအမှတ် သြဂုတ်လရှစ် ရက်နေ့ဖြစ် နေတာပါပဲ။

ဘေဂျင်းအိုလံပစ်ကိုသပိတ်မှောက်ဆန့်ကျင်ရေးလှုန့်ဆော်ကြတဲ့သူတွေတွေထဲမှာ မြန်မာ့ ဒီမိုကရေစီ ရေး လှုပ်ရှားသူတွေလည်းပါ ပါတယ်။ မြန်မာစစ်အစိုးရကို တောက်လျှောက် ထောက်ခံ အားပေးနေပြီး စစ်လက်နက်ပစ္စည်းတွေပါ ရောင်းချနေတဲ့ တရုတ်အစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ မြန်မာစစ်အစိုးရကိုအရေး မယူနိုင်အောင် ဗီတိုအာဏာ သုံးပြီး အကာအကွယ်လည်း ပေးနေတာကြောင့် တရုတ်အိုလံပစ်ကိုကမ္ဘာကဝိုင်းပြီး သပိတ်မှောက် ဆန့်ကျင်ကြဖို့ မြန်မာပြည် တွင်းက ရှစ်ဆယ့်ရှစ်မျိုး ဆက်ကျောင်းသားများအဖွဲ့က ဖေဖေါ်ဝါရီလ၂၅ရက်နေ့မှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

နောက်တရက်မှာပဲတရုတ်အစိုးရဖက်ကတုန့်ပြန်လာတာက မြန်မာပြည် အပေါ်ထားတဲ့ တရုတ်အစိုးရရဲ့မူဝါဒတွေဟာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပုံစံနဲ့ ဆက်ဆံ နေတာဖြစ်ပြီး မြန်မာပြည်ဒီမိုကရေစီရေးအတွက်လည်းလိုလားတယ်လို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီလ ၂၆ရက်နေ့မှာတော့ အမေရီကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ US Campaign for Burma အဖွဲ့ကလည်း တရုတ်အိုလံပစ်ကိုသပိတ်မှောက်ဖို့ ထပ်ပြီးလှုန့်ဆော်လာပါတယ်။

“ကျွန်တော်တို့က အစိုးရတွေကို မလှုံ့ဆော်ပါဘူး။ အိုလံပစ် အားကစား သမားတွေကို လှုံ့ဆော်တာ မဟုတ်ဘူး။ ကျွန်တော်တို့က ပြည်သူတွေကို လှုံ့ဆော်တာ။ ပြည်သူတွေ အနေနဲ့ ကျွန်တော်တို့က တောင်းဆိုတာက တစ်အချက် အိုလံပစ်ရဲ့ ဖွင့်ပွဲ အခမ်းအနားကစလို့ ပိတ်ပွဲအခမ်းအနားထိ အဲဒီ အိုလံပစ်ပွဲ တလျှောက်လုံးကို တယ်လီဗီးရှင်းကနေ မကြည့်ကြဖို့။ အဲဒီနေ့တွေမှာ တယ်လီဗီးရှင်းကို ပိတ်ထားလိုက်ပေါ့။ အိုလံပစ် အစီအစဉ်လာတိုင်း တယ်လီဗီးရှင်းကို ပိတ်လိုက်ပေ့ါ။ ဒုတိယအချက် ကတော့ အိုလံပစ်နဲ့ ပတ်သက်တဲ့ အိုလံပစ် အထိန်းအမှတ် ပစ္စည်းတွေရောင်းချတာကို ဝယ်ယူ သုံးစွဲခြင်း မပြုကြဖို့။ အိုလံပစ်ကို စပွန်းဆာလုပ်ကြတဲ့ ကုမ္မဏီကထုတ်တဲ့ ပစ္စည်းတွေကို
မဝယ်ကြဖို့။”

“ကျွန်တော်ကလည်း အခုစပြီး စည်းရုံးနေကြပြီ။ ကျွန်တော်တို့ စည်းရုံးတဲ့ထဲမှာ Grassroot ပြည်သူတွေအပြင်၊ Celebrities လို့ခေါ်တဲ့ ဟောလီဝုဒ်က အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားတွေ၊ ဂီတပညာရှင်တွေ အားလုံးပါပါတယ်။ ဆိုတော့ မကြာခင်မှာပဲ ဒီထက်ပိုပြီးတော့ ထင်ရှားတဲ့ ပုဂ္ဂိုလ် ဒက်စမွန်တူးတူးနဲ့ ဂျိုဒီ ဝီလီလျှံတို့က ကျွန်တော်တို့နဲ့ ရပ်တည်ပြီးတော့ အိုလံပစ်ပွဲတော်ကို သပိတ်မှောက်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဲလိုဖြစ်အောင်လဲ ကျွန်တော်တို့က ဆက်ပြီး စည်းရှုံးနေအုန်းမှာ ဖြစ်တယ်။”

တရုတ်အိုလံပစ် ကိုဆန့်ကျင်ကန့်ကွက်နေကြတဲ့အထဲမှာ မြန်မာ့အရေးကိစ္စတင်မကပဲ ဆူဒန်နိုင်ငံ ဒါဖေါဒေသက အကြမ်း ဖက်မှုတွေ၊ လူတွေသိန်းနဲ့ချီသေဆုံးမှုတွေမှာ တရုတ်အစိုးရမှာ တာဝန် မကင်းပေမယ့် လုံလောက်တဲ့တာ ဝန်ယူမှုတွေမရှိ လို့ဆိုပြီး ဟောလီးဝုဒ်က ရုပ်ရှင်ဒါရိုက်တာ စတီဗင်စပီးလ်ဘတ်ခ်က အိုလံပစ်အနုပညာအကြံပေး တာဝန်ကနေ နှုတ်ထွက်လိုက်ပါတယ်။

ဟောင်ကောင်ကရုပ်ရှင် ဒါရိုက်တာ အင်ဒရူးလောဝေကောင်း ကလည်း ဟောလီးဝုဒ်ဒါရိုက်တာ စပီးလ်ဘတ်ခ်ရဲ့ကန့်ကွက်မှုကိုတုန့်ပြန်ပါတယ်။

“ကျွန်တော့အမြင်က အိုလံပစ်နဲ့နိုင်ငံရေးဘာမှမဆိုင်ဘူးလို့ထင်ပါတယ်။ အားကစားက အားကစားပါ။ နိုင်ငံရေးနဲ့မဆိုင်ပါဘူး။”

တရုတ်အစိုးရဘက်ကတော့ သူတို့လုပ်မယ့်အိုလံပစ်ကိုနိုင်ငံရေးအရအသုံးမချဖို့ပြောနေပါတယ်။

ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်တွေဖြစ်ကြပြီး မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံကြတဲ့ တောင်အာဖရိက က ခရစ်ယန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ အမေရိကန်နိုင်ငံက ဂျိုဒီဝီလျှံ တို့က လည်း တရုတ်အစိုးရရဲ့ ဆူဒန်နဲ့ မြန်မာနိုင်ငံအ ပေါ်ထားတဲ့မူဝါဒတွေမပြောင်းလဲရင် ဘေဂျင်း အိုလံပစ်ကို သပိတ်မှောက်မယ်လို့ပြောနေပါတယ်။

တရုတ်အစိုးရကတော့ ရှားရှားပါးပါးကျင်းပခွင့်ရတဲ့ ကမ္ဘာ့အိုလံပစ်ပွဲကို နာမည်မပျက်ရအောင် ကြိုးစား နေပါတယ်။

၁၉၈၀ခုနှစ်က ဆိုဗီရက်မှာကျင်းပခဲ့တဲ့မော်စကိုအိုလံပစ်ကိုအမေရိကန်ဘက်ကသပိတ် မှောက်ခဲ့ပြီး ၁၉၈၄ခုနှစ်အမေရီ ကန်မှာကျင်းပတဲ့ လော့စ်အိန်းဂျလိစ်အိုလံပစ်ပွဲကို ဆိုဗီယက်ဘက်က ပြန်ပြီး သပိတ်မှောက်ခဲ့ ကြတာရှိပါတယ်။

မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့တရုတ်အိုလံပစ်ဆန့်ကျင်ရေးကရော ဘယ်လောက်ထိ ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

“ကျွန်တော်တို့က ဖြစ်မယ်မဖြစ်ဘူးဆိုတာထက် ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ပေါ့။ တဖက်မှာလည်း တရုတ်အစိုးရကို ပျော့ပျော့ပြောင်းပြောင်းနဲ့ ချဉ်းကပ်နေမယ့်သူတွေရှိမယ်။ အပြုသဘောဆောင်ပြီး ချဉ်းကပ်နေကြအုန်းမှာပဲ။ တဖက်မှာလည်း ကျွန်တော်တို့က တရုတ်အစိုးရကို ဖိအားပေးဖို့လိုတယ်။ တဖက်က မေတ္တာရပ်ခံမယ့် လူလိုသလို၊ တဖက်က တရုတ်အစိုးရကို ဖိအားပေးပြီးတော့ ရှုံ့ချမယ့် လူလည်း လိုတယ်။ ကျွန်တော်တို့ကတော့ အဲဒီ လမ်းကြောင်းကို ရွေးထားတယ်။ ဆိုတော့ ၂ခုပေါ့။ တဖက်က ဖိအားပေးမယ်။ တဖက်က မေတ္တာရပ်ခံမယ်။ အဲဒီ ၂ခုကြားထဲမှာ အမေရိကန် ဦးဆောင်တဲ့ သံတမန်ရေးရာ ဖိအားပေးမှုတွေနဲ့ တွဲလိုက်မယ်ဆိုရင် တရုတ်အစိုးရအနေနဲ့ အိုလံပစ်ရဲ့ ဂုဏ်သိက္ခာကို သိက္ခာရှိရှိ ကျင်းပချင်တယ်ဆိုရင် အဲဒီလိုအချိန်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်ကို ထားတဲ့ သဘောထားကို ပြောင်းလဲဖို့ တစုံတရာ မျှော်လင့်ချက်တော့ ရှိတယ်လို့ ကျွန်တော်တော့ မြင်တယ်ဗျာ။”

တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရလက်ထက်မှာ စီးပွါးရေး ရင်းနှီးမြုတ်နှံမှုတွေ အများဆုံး လုပ်ထားတဲ့ နိုင်ငံတခုဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီရေးကိုလည်း ပြည်တွင်းရေး သက်သက် သဘောထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရခေါင်း ဆောင် တွေအပေါ်မှာလည်း လွမ်းမိုးမှုအရှိဆုံးနိုင်ငံဖြစ်တယ်လို့သုံးသတ်သူတွေက ပြောနေကြတော့ တရုတ်အစိုးရရဲ့ မြန်မာပြည် ဆိုင်ရာမူဝါဒတွေပြောင်းလဲခြင်းဟာ မြန်မာ့ ဒီမိုကရေစီရေးအတွက် အကျိုးသက်ရောက်မှုတွေ များလိမ့်မယ်လို့ တွက်ချက်မှုတွေလည်း ရှိနေတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG