သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတပ်ဖွဲ့တွေ အီရတ်ပိုင်နယ်ထဲက ပြန်ရုတ်သိမ်း


အီရတ်နိုင်ငံ မြောက်ပိုင်းကို ကျုးကျော်
ဝင်ရောက်ပြီး ကဒ်လူမျိုးစုသူပုန်တွေကို တစ်ပတ်ကြာ ထိုးစစ်ဆင်ခဲ့တဲ့ တူရကီတပ်ဖွဲ့တွေကို အီရတ်နယ်ထဲက ပြန်ရုတ်သိမ်း လိုက်ပြီလို့ တူရကီ စစ်တပ်က ပြောပါတယ်။ ကဒ်လူမျိုးစုသူပုန်တွေဟာ အီရတ်နယ်ကို ခြေကုတ်ယူပြီး တူရကီဘက်ကို ထိုးစစ်ဆင်ခဲ့တယ်လို့ တူရကီတပ်ဖွဲ့တွေက စွတ်စွဲပြောဆို ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက အီရတ်နယ်ထဲကို ကျုးကျော်တဲ့ တူရကီရဲ့ စစ်ဆင်ရေးကို အဆုံးသတ်ဘို့ ပြီးခဲ့တဲ့ရက် အနည်းငယ်အတွင်းမှာ ဖိအားတွေ ပေးခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက တူရကီကို ဖိအားပေးခဲ့တာပါ။ အစ္စတန်ဘူမြို့ကနေ ဒိုရီယန် ဂျုံးစ် (Dorian Jones) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ဆက်ပြီး တင်ပြပါလိမ့်မယ်။

သောကြာနေ့ မနက်ကပဲ အီရတ်မြောက်ပိုင်းက တူရကီတပ်ဖွဲ့အားလုံးကို ရုတ်သိမ်းလိုက်ပြီဆိုပြီး တူရကီစစ်တပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်ပြီးပြီလို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ နယ်ခြားဒေသမှာ တိုက်ခိုက်နေတဲ့ ကဒ်လူမျိုးစု သူပုန် သုံးရာထဲက အများစုကို သူတို့အသုံးအနုံးအရ သက်ဝင် လှုပ်ရှားလို့မရအောင် လုပ်လိုက်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

သူပုန်တွေရဲ့ လက်နက်သိုလှောင်ရုံတွေ၊ အမိန့်ပေးတဲ့ ခြေကုတ်စခန်းတွေအပါအဝင် ပစ်မှတ်ထားတဲ့ ထောက်ပို့နေရာ လေးရာကျော်ကို ဖျက်ဆီးတိုက်ခိုက်နိုင်လိုက်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ကဒ်လူမျိုးစုသူပုန်အဖွဲ့ဖြစ်တဲ့ ပီကေကေ ကာဒစ်ရှ်အလုပ်သမားပါတီ အဖွဲ့ဟာ အီရတ်နယ်ကို ခြေကုတ်ယူပြီး တူရကီတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ခဲ့တယ်လို့ တူရကီဘက်က စွတ်စွဲပြောဆိုခဲ့ပါတယ်။ တူရကီ ရုပ်မြင်သံကြားကနေ စစ်ထရပ်ကားတွေနဲ့ စစ်သုံးပစ္စည်းတွေ အီရတ်ကနေ တူရကီဘက်ကို ပြန်ပို့ပြီး တပ်တွေ ရုတ်သိမ်းနေတဲ့ ပုံတွေကို ပြသနေပါတယ်။

တူရကီအနေနဲ့ အီရတ်ကို ကျုးကျော်တာ ရုတ်သိမ်းဘို့ နိုင်ငံတကာက ပိုပြီး ဖိအားတွေ ပေးလာတဲ့ အချိန်မှာ အခုလို ရုတ်သိမ်း လိုက်တာဖြစ်ပါတယ်။ ကြာသာပတေး နေ့ကပဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က (Robert Gates) ဟာ တူရကီ နိုင်ငံရေးခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။ အီရတ်နယ်ထဲ ကျုးကျော်ထားတဲ့စစ်ဆင်ရေးကို အမြန်ဆုံး အဆုံးသတ်ဘို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ လက်ရှိ စစ်ဆင်ရေးဟာ အချိန်တိုနိုင်သမျှ တိုတိုနဲ့ ပစ်မှတ်တွေကိုလည်း တိတိကျကျ အဖြစ်နိုင်ဆုံး တိုက်ခိုက်ရမယ်လို့ ယုံကြည်ပါတယ်။

တူရကီစစ်တပ်ကတော့ စစ်ဆင်ရေးကို အဆုံးသတ်လိုက်တာဟာ စစ်ရေး သန့်သန့် ဆုံးဖြတ်ချက်အရဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ဖိအားကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဝေဖန်ဆန်းစစ် သူတွေကတော့ အခုလို နယ်ခြားကျော် စစ်ဆင်ရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ပံ့မှုက အရေးကြီးတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကပဲ အမေရိကန်ပြည်ထောင်စုဟာ ကဒ်လူမျိုးစုသူပုန်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ တူရကီကို ပေးခဲ့ပါတယ်။ တူရကီအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ လျော့သွားအောင် သံတမန်ရေးအရ ကူညီဆောင်ရွက်ပေးခဲ့တာတွေလည်း ရှိပါတယ်။

ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုဘက်က ကျုးကျော်မှုကို အဆုံးသတ်ဘို့ ပြောခဲ့သလို အချိန်ကြာလာတာကို စိတ်ရှည်ရှည်နဲ့ ဆက်လက်ခွင့်ပြုတဲ့ပုံ မရတော့ပါဘူး။ တူရကီစစ်တပ်ကတော့ အခုစစ်ဆင်ရေးဟာ ၁၉၈၄ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လက်နက်ကိုင် တိုက်နေတဲ့ သူပုန်တွေရဲ့ ခြိမ်းခြောက်မှုတွေကိုတော့ အပြီးသတ် ဖယ်ရှားတာမျိုး မလုပ်နိုင်ဘူးဆိုပြီး ဝန်ခံပြောဆိုပါတယ်။

ပီကေကေ သူပုန် အဖွဲ့တွေကို ရှစ်နှစ်ကြာ တိုက်ခိုက်နေတဲ့ အငြိမ်းစား တူရကီ စစ်ဗိုလ်ချုပ်ကြီး ဟယ်လ်ဒန် ဆိုမာဇ်တပ်ခ် (Haldun Solmazturk) ကတော့ စစ်ဆင်ရေးရဲ့ အဓိက ဦးတည်ချက်က စစ်ရေးထက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ စစ်ဆင်ရေးကို ပိုပြီး ဦးစားပေးတယ်လို့ ပြောပါတယ်။

အသေအပျောက် အကျအဆုံးကြောင့် ဘယ်လို သက်ရောက်မှုတွေ ရှိလာမယ်ဆိုတာကို ဖေါ်ပြဘို့ကတော့ သိပ်ကို ခက်ခဲလွန်းပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုက ကြီးကျယ်တဲ့ ထိုးစစ်တစ်ခုပါ။ တိုက်ပွဲတော်တော်များများမှာ ကျနော်တို့က လူတွေကို တိုက်ခိုက်တာမဟုတ်ပါဘူး၊ သူတို့ကို စိတ်ပိုင်းဆိုင်ရာ အရ ထိုးစစ်ဆင်တာပါ။ ဒီလို ထိုးစစ်မျိုးက လူတွေရဲ့ စိတ်ကို အကြီးအကျယ် ထိအောင် တိုက်နိုင်တဲ့ ထိုးစစ်ဆင်မှုပါ။

ဒါပေမယ့်လည်း လေ့လာသုံးသပ်သူတွေကတော့ ဒီ ထိုးစစ် ဘယ်လောက်အောင်မြင်တယ်ဆိုတဲ့ အဓိက အကဲဖြတ်ချက်တွေက လာမယ့် သတင်းပတ်တွေမှာ သိရလိမ့်မယ်လို့ ပြောပါတယ်။ နွေဦးရာသီရောက်လာပြီး နှင်းတွေ အရည်ပျော်သွားပြီး ရာသီဥတု ကောင်းလာတဲ့အချိန်ဆိုရင် ကဒ်လူမျိုးစုသူပုန်တွေက တောင်ထူထပ်တဲ့ နယ်ခြားကိုကျော်ပြီး တူရကီတပ်ဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်လေ့ရှိပါယ်။ အခု အီရတ်နယ်ထဲ ကျုးကျော်မှု အဆုံးသတ်သွားပြီဆိုပေမယ့် တူရကီအပေါ် နိုင်ငံတကာ ဖိအားကတော့ ဆက်ပြီး ရှိနေအုံးမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်ကတော့ တူရကီနိုင်ငံကို သွားရောက်နေတုန်း ပဠိပက္ခတွေကို စစ်ရေးအရတင်မဟုတ်ဘဲ နိုင်ငံရေးအရလည်း ဖြေရှင်းဘို့ အလေးအနက်ပြောဆိုနေပါတယ်။ တူရကီ နိုင်ငံပေါင်းစည်းဘို့ အပြင်းအထန် ဆန္ဒရှိနေတဲ့ ဥရောပ အဖွဲ့ဝင် နိုင်ငံတွေကလည်း တူရကီမှာရှိတဲ့ ကဒ်လူမျိုးစုတွေအကြား ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဘို့ တောင်းဆို နေပါတယ်။ ဒီလို ပြောင်းလဲမှုတွေဟာ သူပုန်တွေကို ထောက်ခံမှုအားနည်းသွားအောင် လုပ်တဲ့နည်းလမ်းတွေလို့လည်း ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG