ညို။ ။ ကိုကျော်ကျော်သိန်း
ကျော်။ ။ ဘာတုန်း မညို သူများတွေအလုပ်ရှုတ်နေတုံး ဘာလာစပ်စုအုံးမလို့လဲ။
ညို။ ။ စပ်စုမလို့မဟုတ်ပါဘူးရှင်၊ သိချင်တာလေး တခုရှိလို့ပါ။
ကျော်။ ။ ဗွီအိုအေ ကလို့မပြောရဘူး၊ စပ်စပ်စုစု မေးတာကိုများ နားထောင်ကောင်းအောင် သိချင်တာလေးရှိလို့ပါရှင့်တို့ ဘာတို့လုပ်နေသေးတယ်။
ညို။ ။ ကဲပါ ကိုကျော်ကျော်သိန်းရယ် သူများ မေးချင်တာတောင် မေ့သွားတယ်။
ကျော်။ ။ ကဲ မေးမေး- ဘာမေးမှာလဲ၊ သူများတွေအလုပ်များရတဲ့ကြားထဲ။
ညို။ ။ အမေရိကန်သမ္မတ ဘုရှ် လစာဘယ်လောက်ရလဲ သိလားဟင်၊ ကိုကျော်ကျော် သိန်း စီးပွားရေးကဏ္ဍ ထုတ်လွှင့်နေတာဆိုတော့ သိမလားလို့ပါ။
ကျော်။ ။ ဟဲဟဲ ပညာလာစမ်းတာပေါ့လေ ဟုတ်လား၊ ကျော်ကျော်သိန်းတို့က ဘယ်ဘက် က စမ်းစမ်း၊ ညာဘက်က စမ်းစမ်း ညို။ ။ အရိုးတွေကြီးပဲမှတ်လား၊ ဟဲဟဲ အလကားစတာပါ၊ သိရင်လည်း ပြောပြပါအုံး သမ္မတ ဘုရှ်ကြီး လစာဘယ်လောက်ရလဲလို့။ကျော်။ ။ သမ္မတဘုရှ် လစာသိတော့ ဘာလုပ်မလို့တုန်း။
ညို။ ။ အော် တခြားနိုင်ငံက ခေါင်းဆောင်တွေရဲ့ လစာနဲ့ နှိုင်းယှဉ်ကြည့်မလို့ပါ
ကျော်။ ။ တော်တော်ကိုး စပ်စုတယ်၊ အမေရိကန်သမ္မတက တနှစ်ကို လစာ ဒေါ်လာ လေးသိန်းရတယ်တဲ့၊ တနှစ်ကို ၄သိန်း ဆိုတော့ တလကို သုံးသောင်းကျော်လောက်ရတာပေါ့
ညို။ ။ ဒါ အမေရိကန် အစိုးရဝန်ထမ်းတွေရဲ့ အမြင့်ဆုံးလစာပဲဖြစ်မှာပဲနော်
ကျော်။ ။ ဟုတ်မှာပေါ့ သူက သမ္မတပဲဟာသူထက် လစာများတဲ့ အစိုးရဝန်ထမ်းတော့ ဘယ်ရှိပါ့မလဲ၊ တခြား ကုမ္ပဏီသူဌေးတွေ ၊ စီးပွားရေးသမားတွေ၊ အဆိုတော်တွေ ရုပ်ရှင် မင်းသား မင်းသမီးတွေ ကတော့ သူထက်အများကြီးပိုရတာပေါ့၊ ဒီမှာက ဒီမိုကရေစီနိုင်ငံ ဆိုတော့ ကိုယ်ကျိုးစားရင် ကျိုးစားသလို အကျိုးခံစားရပဲလေ။
ညို။ ။ ဒါပေမဲ့ အမြတ်ခွန်ပြန်ဆောင်ရတာကလည်း မနည်းဘူးမှတ်လား။
ကျော်။ ။ အမြတ်ခွန်ဆိုတာကတော့ ဘယ်နိုင်ငံမှာမဆိုရှိတဲ့ ဥပဒေပဲဟာ၊ ကိုယ့်ရဲ့ဝင်ငွေပေါ် မှာ မူတည်ပြီး ကိုယ့်တိုင်းပြည်အတွက် ပြန်ပေးရတာပေါ့၊ ဒါပေမဲ့ မတရားကောက်ခံတာမျိုး၊ တရားမဝင် ကောက်ခံတာမျိုးတွေတော့ လုပ်လို့မရဘူး
ညို။ ။ အမြတ်ခွန်အကြောင်းရောက်သွားတာနဲ့ စောစောကပြောနေတဲ့ သမ္မတတွေလစာ အကြောင်းတောင် ပျောက်သွားပြီ၊ ကိုကျော်ကျော်သိန်းက အမေရိကန်သမ္မတ ရဲ့လစာ သိတယ် ဆိုတော့ နိုင်ငံခေါင်းဆောင်တွေထဲမှာ ဘယ်သူက လစာအများဆုံး လဲဆိုတာရော သိလား။
ကျော်။ ။ အင်း - အဲ့ဒါက ---
ညို။ ။ ဟဲဟဲဘယ်ဘက်က စမ်းစမ်းဆို-
ကျော်။ ။ ဟုတ်တယ်လေ၊ ခဏစောင့် အင်တာနက်ထဲမှာ ရှာပေးမယ်။
ညို။ ။ ရှာမနေနဲ့ ကျမသိတယ်၊ တရားဝင် ထုတ်ပြန်တဲ့ စာရင်းတွေအရတော့ စင်္ကာပူ နိုင်ငံက ဝန်ကြီးချုပ် လီလျှောင်လုံးက အများဆုံးပဲသိလား၊ တနှစ်ကို ဒေါ်လာ နှစ်သန်း ကျော်တောင် ရတယ်။
ကျော်။ ။ ဟုတ်လို့လား၊ စင်္ကာပူဒေါ်လာလား။
ညို။ ။ စင်္ကာပူဒေါ်လာမဟုတ်ဘူး၊ အမေရိကန်ဒေါ်လာ၊ အမေရိကန် ဒေါ်လာ ၊တနှစ်ကို ၂ သန်းပဲ ထားပါအုံး၊ တလကို ဒေါ်လာ ၁သိန်း ၇ သောင်းလောက်ရတယ်နော်၊ သူပြီးရင် ဒုတိယအများဆုံးရတဲ့ သူက အိုင်ယာလန်ဝန်ကြီးချုပ်ပဲ ၊ သူကအမေရိကန်သမ္မတထက် တနှစ်ကို ဒေါ်လာ လေးထောင်ကျော် လောက်ပိုရတယ်လေ၊ တတိယအများဆုံးရတဲ့သူကတော့ စောစောက ကိုကျော်ကျော်သိန်းပြောတဲ့ အမေရိကန် သမ္မတ ဘုရှ်ပဲ၊ ဒါပေမဲ့ စာရင်းထဲမှာ မပါတဲ့ နိုင်ငံတွေလည်း အများကြီးရှိတယ်၊ မြန်မာပြည်က ဗိုလ်ချုပ်မှုးကြီး ဘယ်လောက်ရလဲဆိုတာလဲ စာရင်းထဲမှာ မတွေ့ဘူး
ကျော်။ ။ သိနိုင်တဲ့သူတယောက်ယောက်ကိုမေးကြည့်ရင်မကောင်းဘူးလား။
ညို။ ။ အင်း သူလဲ စပ်စုတတ်လာပြီးပဲ၊ ကျမက ဒီအကြောင်းတွေကို သူတေသနလုပ်နေတဲ့ ဦးဌေးအောင်ကို မေးထားပြီးပြီ၊ ဒီမှာနားထောင်ကြည့်။
ဦးဌေးအောင်။ ။မြန်မာ့တပ်မတော်ရဲ့ အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်မှုးကြီးက တလကို ၁၂သိန်းရတယ်၊ ဒေါ်လာနဲ့ဆိုရင်တော့ဘာမှသိပ်ရှိတာမဟုတ်ဘူးလေ၊ ဒါပေမဲ့လို့ တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေကတော့ မြန်မာပြည်မှာပေါ့လေ။ အကောင်းဆုံးဆိုတဲ့ စည်းစိမ်တွေကို ခံစားနေတာကိုတွေ့တယ်၊ နောက်တခုက ဗိုလ်ချုပ်မှုးကြီးရဲ့ သမီး မကြာသေးခင်က မင်္ဂလာဆောင် တာ ကို ကြည့်မယ်ဆိုရင်လည်း ဒီငွေလောက်နဲ့ပေါ့လေ သူတို့အနေနဲ့က စိန်တွေ၊ ရွှေတွေ တိုက်တွေ၊ကားတွေ လိုလေသေးမရှိ ပြည့်စုံနေတာကိုတွေ့ရတယ်။
ညို။ ။ ကြားတယ်နော် ကိုကျော်ကျော်သိန်း။ ဗိုလ်ချုပ်မှုးကြီးက တလကို မြန်မာကျပ်ငွေ ၁၂ သိန်းပဲရတာတဲ့ ဒါပေမဲ့ အများကြီးတော့သုံးနိုင်တယ်တဲ့။
ကျော်။ ။ အေးဗျ ၊ စဉ်းစားကြည့်ရင် ဟုတ်တော့လဲဟုတ်တာပဲနော်၊ သုံးစွဲနေတယ်ဆိုတာ ပြောမယ်ဆိုရင် --- ဟာ - တော်ပြီ တော်ပြီ ခဏနေရင် အသံလွှင့်ရတော့မှာ အလုပ်ဆက်လုပ် တော့မယ် ဒေါ်စပ်စုရေ နောက်မှ ဆက်ဆွေးနွေးကြတာပေါ့။
ညို။ ။ ဟုတ်ပါပြီ ကိုကျော်ကျော်သိန်းရယ်၊ ကျမက မတူတာလေးတွေကို ပြောပြချင်လို့ပါရှင်။