စင်ကာပူရောက် မြန်မာနိုင်ငံသားတွေဟာ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံဆန္ဒခံယူပွဲကို ကန့်ကွက်ဖို့နဲ့ လာမယ့်ဆန္ဒခံယူပွဲမှာလည်း ဖွဲ့စည်းပုံကန့်ကွက်မဲထည့်ကြဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီကနေပဲ စင်ကာပူမှာ မြန်မာအစိုးရဆန္ဒခံယူပွဲကို ဆန့်ကျင်တယ်ဆိုတဲ့ သဘောထားလက်မှတ်တွေ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ စုပေါင်း ရေးထိုးနေကြပါတယ်။ ကိုသားညွန့်ဦးက ဆက်လက်တင်ပြပေးပါမယ်။
စင်ကာပူမှာရှိတဲ့ မျိုးချစ်မြန်မာများအဖွဲ့က ဦးစီးပြီးတော့ ဒီလှုပ်ရှားမှုကို လုပ်နေတာပါ။ ဒီအဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုဝင်းကျော်ကနေ သူတို့ လှုပ်ရှားမှုလုပ်နေတဲ့နေရာကနေ အခုလို ရှင်းပြထားပါတယ်။
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲလုပ်မှာကို ဒီမှာရှိတဲ့ ကျနော်တို့ မြန်မာတွေကနေ ဒါကို ဆန့်ကျင်ကန့်ကွက်တယ်။ သူတို့တဖက်သတ် ရေးထားတဲ့ဟာကို ကျနော်တို့အနေနဲ့ လုံးလုံး လက်မခံနိုင်ဘူး။ ဒီအတွက် ကျနော်တို့ ဒီမှာ လက်မှတ်တွေ ထိုးထားတယ်။ သူတို့အလိုကျ ဆွဲထားတဲ့ ဥပဒေတွေက ပြည်သူတွေအတွက် အကျိုးမပြုနိုင်လို့ လုံးလုံးဆန့်ကျင်တယ်။”
အခု လူဘယ်နှစ်ယောက် လက်မှတ်ရထားပြီလဲ။
“လူအင်အား သုံးရာလောက် ရနေပြီ။ မနက်ဖြန်လဲ ဆက်လုပ်သွားမယ်။”
ဘယ်လောက်အထိ ရမယ် ခန့်မှန်းထားသလဲ။
“လေးထောင်လောက် အထိ မှန်းထားတယ်။”
စင်ကာပူမှာက မြန်မာနိုင်ငံသား ဘယ်လောက် ရှိမလဲ။
“လက်ရှိ စင်ကာပူမှာ မြန်မာနိုင်ငံသား ငါးသောင်းအထက်ရှိပါတယ်။ - - လေးထောင်နဲ့ ငါးထောင် ကျနော်တို့ မှန်းထားတယ်။”
စင်ကာပူကို တရားဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဆန္ဒမဲပေးနိုင်အောင် သံရုံးဖက်မှာရော ဘာတွေ ပြင်ဆင်မှုရှိသလဲ။
“လောလောဆယ် သူတို့ဖက်က ဘာမှ မလုပ်သေးဘူး။ သူတို့ဖက်က အဲဒီလို လုပ်လာရင် ကျနော်တို့အစီအစဉ်အရ - ကျနော်တို့တွေလည်း ဆန္ဒ(မဲ) ဗုံးတွေ ထောင်ပြီး တနေနေရာမှာ ကျနော်တို့ ကြိုးစားပြီးလုပ်မယ်။ ကျနော်တို့တွေရဲ့ ကန့်ကွက်မဲတွေကို သူတို့ကိုတော့ မပေးဘူး ဒါပေမယ့် Public ကိုတော့ ကျနော်တို့ Announce လုပ်မယ်။ ကြေညာချက်ထုတ်မယ်။ ကျနော်တို့ဖာသာ ကျနော်တို့ ဆန္ဒမဲခံယူမယ်၊ မဲဗုံးဖွင့်ပြီး ပြည်သူတွေကို Announce လုပ်ဖို့ အစီအစဉ်ရှိတယ်။ - - တရားဝင်အများရှေ့မှာ ဖောက်ချပြီးတော့ တရားဝင်ကြေညာချက်ထုတ်မယ်။ ရှေ့အစီအစဉ်ပေါ့။ လောလောဆယ်ကတော့ ဒီ လက်မှတ်ရေးထိုးထားကို စုဆောင်းနေတဲ့အဆင့်ပဲရှိပါတယ်။”
အခု ဘယ်နေရာမှာ လုပ်နေတာလဲ
“ပန်နယ်ဆိုးလား ပလာဇာ တတိယထပ်မှာ ကျနော်တို့ လုပ်နေတာပါ။ ဒီအစိုးရကို အားလုံးနာကျည်းနေကြတယ်။ သူတိုရဲ့ဆန္ဒအလျှောက်ကို လာကြတယ်၊ ကျနော်တို့ အင်တိုက်အားတိုက် စည်းရုံးစရာမလိုတဲ့အခြေအနေမျိုးရောက်နေပြီ။ ဒီတော့ လူထုရဲ့ဆန္ဒခံယူပွဲအတွက်လည်း အများကြီးမျှော်လင့်ထားပါတယ်။ ကန့်ကွက်မဲပေးနိုင်ဖို့မျှော်လင့်ထားတယ်။ အားလုံးလဲ ပေးကြမှာပါ။”
စင်ကာပူအာဏာပိုင်တွေဖက်ကရော ဒါနဲ့ပတ်သက်လို့ အနှောက်အယှက်ပေးတာ၊ တစုံတရာ ဟန့်တားတာတွေရှိသလား။
“လောလောဆယ်တော့ မလာသေးဘူး။ ဒါပေမယ့် ဒီမှာစောင့်နေတဲ့ လုံခြုံရေးတွေကတော့ မင်းတို့ပါမစ်ရသလား ဘာလားတော့ မေးသွားတယ်။ ဒါပေမယ့် ကျနော်တို့ ပြေရာပြေကြောင်းရှင်းပြထားတဲ့အတွက် ဒီက လုံခြုံရေးကတော့ ဘာမှ မပြောသွားဘူး။ အခုအချိန်အထိပေါ့နော်။”
စင်ကာပူရောက် မြန်မာနိုင်ငံသားတွေက အခုလို စစ်အစိုးရရဲ့ဆန္ဒခံယူပွဲဆန်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်နေသလိုပဲ ထိုင်းနိုင်ငံမှာတော့ မြန်မာနိုင်ငံသွေးစည်းညီညွတ်ရေးအဖွဲ့ BLSO ကနေ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ဒီဖွဲ့စည်းပုံကို ကြိုတင် ဆန်ကျင်ကန့်ကွက်မဲပေးဖို့ လှုံဆော်နေပါတယ်။ ဒီလက်မှတ်တွေကို စုပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ထံ ပေးပို့သွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
ဒီတော့ မြန်မာအစိုးရရဲ့ဖွဲ့စည်းပုံဆန္ဒခံယူပွဲမှာ မြန်မာစစ်အစိုးရက နိုင်ငံတွင်းမှာ သူ့ကော်မရှင်နဲ့ သူမဲရုံနဲ့လုပ်နေသလို တပြိုင်နက်တည်း ပြည်ပမှာလဲ ဒီမိုကရေစီလှုပ်ရှားသူတွေဖက်က သူ့မဲရုံနဲ့သူ အစိုးရဖွဲ့စည်းပုံကို ဆန်ကျင်သွားမယ့် လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောရမှာပါ။