သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကမ်းမြှောင်ကို အစ္စရေး တိုက်ခိုက်၊ ပါလက်စတိုင်း ငါးဆယ်နီးပါး သေဆုံး


ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးဘက်က
ဝင်ရောက်စီးနင်း တိုက်ခိုက်တဲ့အတွက် အနည်းဆုံး ပါလက်စတိုင်း လူမျိုးငါးဆယ်နီးပါး အသတ်ခံခဲ့ရပါတယ်။ သေဆုံးတဲ့သူတွေထဲက တဝက်လောက်က စစ်သွေးကြွတွေဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အရပ်သားတွေပါ။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါလက်စတိုင်း အရာရှိတွေက အစ္စရေးကို ပြင်းပြင်းထန်ထန် ရှုတ်ချပြစ်တင်ပါတယ်။ ဒီတိုက်ခိုက်မှုက အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုအပေါ် အရိပ်ထိုး ရိုက်ခတ်မှုတွေလည်း ရှိနေပါတယ်။ ဂျေရုစလင် မှာရှိတဲ့ ဗွီအိုအေဗျုရိုကနေ ရောဘတ် ဘာဂါ (Robert Berger) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

ဂါဇာကမ်းမြှောင် မြောက်ပိုင်း ဘက်ကို အစ္စရေးဘက်က တင့်ကားတွေနဲ့ဝင် လေကြောင်းကနေ စပြီး တိုက်ခိုက်လိုက်တာနဲ့ လူတွေ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ အစ္စရေးတောင်ပိုင်းကို ရော့ခ်ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာတွေကို အစ္စရေးဘက်က လက်တုန့်ပြန်လိုက်တာပါ။ အစ္စရေးဘက်က ဝင်ပြီး စီးနင်းလိုက်တာနဲ့ အစ္စရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေအကြား ဂါဇာကမ်းမြှောင်ဒေသ နယ်ခြားမြို့တွေဖြစ်တဲ့ ဘိတ် ဟန်နွန် (Beit Hanoun) နဲ့ ဂျာဗားလယား (Jabalya) မြို့တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ဒီမြို့တွေက အစ္စရေးဘက်ကို ရော့ခ်ကက်တွေနဲ့ ပစ်လေ့ရှိတဲ့ နေရာတွေပါ။ ဒီ စီးနင်းမှုဟာ ဒီလပိုင်းတွေအတွင်း အစ္စရေးရဲ့ အနက်ရှိုင်းဆုံး ကျုးကျော်မှုဖြစ်တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

စစ်သွေးကြွတွေဘက်က လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံလုပ် ဂရက်ဒ် ရော့ကက်တွေနဲ့ အစ္စရေးမြို့ဖြစ်တဲ့ အာရှ်ကလုံ (Ashkelon) မြို့ဘက်ကို ပိုပြီးတော့ ပစ်ခတ်လာနေပါတယ်။ အာရှ်ကလုံ (Ashkelon) ဟာ လူပေါင်းတစ်သိန်းလောက်နေတဲ့ အစ္စရေးမြို့ပါ၊ စစ်သွေးကြွတွေဘက်က ရှေ့တန်းစစ်မျက်နှာကို အဲဒီမြို့အထိ တိုးချဲ့လိုက်တာပါ။ အခုအချိန်အထိတော့ ပါလက်စတိုင်းဘက်က ရောက်ခ်ကက်တွေက ဆက်ဒီရော့ (Sderot) လို့ခေါ်တဲ့ မြို့သေးလေးဘက်ကိုပဲ ချိန်ပြီး ပစ်ခတ်တာများပါတယ်။

ဂါဇာကို ထိန်းချုပ်ထားတဲ့ဟားမတ်စ် အစ္စလမ်မစ် စစ်သွေးကြွအဖွဲ့တွေက အာရှ်ကလုံမှာ စည်းတားထားတဲ့ မဖြတ်သန်းရ အနီရောင်စည်းကို ကျော်ပြီးဝင်လာခဲ့တာလို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေးဘက်က ဆန်းစစ်သုံးသပ်သူ ဒန် ရှယူဖ်တန် (Dan Sheuftan) က ဒီအချိန်ဟာ လက်အိပ်တွေကို ချွတ်ပြီး ဟားမတ်စ်အဖွဲ့ကို ရင်ဆိုင်ရမယ့်အချိန် ထိန်းထိန်းသိမ်းသိမ်းလုပ်နေစရာမလိုဘူးတော့ဘူးလို့ ပြောပါတယ်။

အစ္စရေးဘက်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့ အဲဒီ ဒေသက ဘယ်သူ့ကို မဆို၊ ဒီလို ပစ်ခတ်တိုက်ခိုက်တယ်လို့ သံသယရှိရတဲ့သူ၊ တိုက်ခိုက်မှုမှာ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ပါဝင်ပတ်သက်တဲ့သူတွေကို သတ်ဖြတ်ရပါလိမ့်မယ်။ တကယ်လို့ အပြစ်မဲ့တဲ့သူတွေ အသတ်ခံခဲ့ရမယ်ဆိုရင် ဒါကတော့ စစ်ဖြစ်နေတဲ့ကာလအတွင်းမှာ ကြုံရတာပဲလေ။ ကျနော်တို့ဘက်မှာဆိုရင် အသတ်ခံရတဲ့သူတွေဟာ အပြစ်မဲ့တဲ့သူတွေ ချည်းပါပဲ။

ဟားမတ်စ်စစ်သွေးကြွတွေဟာ အစ္စရေးကို အသိအမှတ်ပြုဖို့ ငြင်းဆိုထားသလို အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချဖို့ ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျွန်လမှာ ဟားမတ်စ်အဖွဲ့က ဂါဇာကို ထိန်းချုပ်လိုက်ပြီး အနောက်နိုင်ငံတွေ ထောက်ခံပံ့ပိုးထားတဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (Mahmoud Abbas) ရဲ့ ဖတ်သာ အဖွဲ့တွေကို တိုက်ထုတ်ခဲ့ပါတယ်။ သမ္မတ မာမွတ်အာဘတ်စ်က သူနဲ့ ဟားမတ်စ်အဖွဲ့ မတူပေမဲ့ အခု အစ္စရေးက ဂါဇာကို ဝင်သိမ်းတာကိုတော့ ရှုတ်ချပါတယ်။ အစ္စရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာတွေကို ရပ်ဆိုင်းပစ်မယ်လို့လည်း ခြိမ်းခြောက်ပြောဆိုနေပါတယ်။ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ရမ်မာလာ (Ramallah) မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရိတ်ဒ် အယ်လ် မာလ်ကီ (Raid al- Malki) က စကားပြန်ကနေတဆင့် အခုလို ပြောပါတယ်။

အခု အစ္စရေးဘက်ကကျုးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ရဲရင့်တဲ့ ပါလက်စတိုင်းလူမျိုးတွေကို တမင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်ပါ၊ ဒီ ရာဇဝတ်မှုတွေဟာ စစ်ရာဇဝတ်မှုဖြစ်တယ်။ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်။ ဒီထက် မလျော့ပါဘူးလို့ ပြောဆိုသွားတာပါ။

အစ္စရေးဘက်ကတော့ ရော့ခ်ကက်တွေနဲ့ ဆက်ပြီး ပစ်ခတ်တိုက်ခိုက်နေမယ်ဆိုရင် ဂါဇာကမ်းမြှောင်ကို လေကြောင်းကနေရာ မြေပြင်ကရော အင်အားအပြည့်သုံး အစွမ်းကုန် ထိုးစစ်ဆင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေက အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ဒီနှစ်ကုန် ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရဘို့ ကြိုးပမ်းနေတာတွေကို လမ်းကြောင်းလွဲသွားစေနိုင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဖို့ ရှေ့သီတင်းပတ်အတွင်းမှာ အရှေ့အလယ်ပိုင်း ဒေသကို သွားရောက်ဘို့ စီစဉ်ထားပါတယ်။ အစ္စရေးဘက်ကို ရော့ခ်ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ကွန်ဒိုလီဇာရိုက်စ်က ရှုတ်ချပါတယ်။ တချိန်တည်းမှာ အစ္စရေးဘက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်ဘို့လည်း သူမက အစ္စရေးကို တိုက်တွန်းလိုက်ပါတယ်။
XS
SM
MD
LG