သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖို့တ်ဝိန်းမြို့ မြန်မာ့အရေး ညီလာခံ စစ်အစိုးရကို ချဉ်းကပ်ရေး နည်းနာတွေ အဆိုပြု


နိုင်ငံတကာမှာရှိကြတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေအနေနဲ့ ပိုပြီး ညီညွတ်ကြဖို့နဲ့ စစ်အစိုးရအပေါ် ဖိအားပေးတဲ့တစ်ချိန်တည်းမှာ အကျိုးခံစားခွင့်တွေ ပေးမယ့် ချဉ်းကပ်နည်းမျိုးကိုပါ သုံးဖို့ အမေရိကန်ကို ခေတ္တရောက်နေတဲ့ NCUB ခေါင်းဆောင်တွေက တိုက်တွန်း လိုက်ကြပါတယ်။ အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့မှာ မနေ့က စတင်ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီရေး လုပ်ငန်းစဉ် တတိယ အကြိမ် ညီလာခံမှာ အဲဒီလို တိုက်တွန်းသွားကြတာပါ။ ဖို့တ်ဝိန်းမြို့ အခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက အခုလို သတင်းပေးပို့ထားပါတယ်။

ဒီညီလာခံမှာ ပြောဆိုဆွေးနွေးတဲ့ နယ်စပ်ကလာတဲ့ ခေါင်းဆောင်တွေအားလုံးက ဒီမိုကရေစီအင်အားစုတွေအကြား ညီညွတ်ရေးကို အဓိက ထားပြီး ပြောဆိုသွားကြပါတယ်။ အန်အလ်ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်အောင်က အခုလို ပြောပါတယ်။

အားရလောက်အောင် ညီညွတ်တဲ့ ညီညွတ်ရေး အဆင့် မဟုတ်ပေမဲ့ အာဏာရှင်စနစ်ကို နှစ်ဖက်ရင်ဆိုင်တိုက်မယ်ဆိုရင်တော့ ဒီ ညီညွတ်မှုစွမ်းအားက အဆုံးအဖြတ်ပေး အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ညီညွတ်ရေးကို ပြန်ကြည့်ရင် ဘုံရန်သူကို မမေ့ဖို့ လိုပါတယ်။ ဘုံရန်သူကို သိတဲ့နေ့ဟာ ညီညွတ်ရေး အားကောင်းလာတဲ့နေ့လို့ ကျနော်မြင်ပါတယ်။

ဒီကနေ့ ညီလာခံမှာ အဖွင့်စကားပြောတဲ့အထဲမှာ အန်စီယူဘီ ကိုယ်စားလှယ်အဖြစ်လာတဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက စောဒေးဗစ်သာကပေါ၊ ကေအန်ပီပီ ကရင်နီတိုးတက်ရေးပါတီက ရီမွန်ထူး အန်စီယူဘီ ကိုယ်စားလှယ် ခွန်ဥက္ကာ၊ ဒီခေါင်းဆောင်တွေအားလုံး ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကနေဒါနဲ့ ဥရောပဘက်က ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုလည်း ညီလာခံလာတက်တာကို ကျနော် ဒီနေ့ တွေ့ရပါတယ်။

ညီလာခံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကတော့ မနက်ဖြန်ကျမှ ချမှတ်မှာဖြစ်ပါတယ်။ ဒီညီလာခံကနေ အဝေးရောက်မျိုးချစ်တွေ ညီညွတ်လာမယ်လို့ ဦးတင်အောင်က ပြောပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ စစ်အစိုးရအပေါ် ချဉ်းကပ်မှုတွေမှာ အန်စီယူဘီ ကိုယ်စားလှယ် စောဒေးဗစ်သာကပေါက စစ်အစိုးရကို တဖက်ကလည်း အခွင့်အရေးတွေ၊ အကျိုးခံစားခွင့်တွေ ပေးပြီး တဘက်ကလည်း ဖိအားပေးရမယ်၊ တွန်းတာနဲ့ ဆွဲတာကို တပြိုင်တည်း လုပ်ရမယ်လို့ ပြောပါတယ်။ မုန့်ကြီးကြီးလည်း ကျွေးရမယ်၊ ဒုတ်ကြီးကြီးလည်း ပေးရမယ်လို့ အခုလို သုံးနှုံးပြောဆိုသွားပါတယ်။

မုန့်ကြီးကြီးဆိုတာက အီးအန်စီ တိုင်းရင်းသား လူမျိုးများကောင်စီက ချဉ်းကပ်မှုမျိုး နအဖကို မဝေဖန်ဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြသနာတွေ ဖြေရှင်းမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ရလဒ်တွေ၊ အကျိုးခံစားခွင့်တွေ အဓိက ထောက်ပြပြီး ချော့မော့ချဉ်းကပ်တဲ့နည်း ကို ကျင့်သုံးသွားမယ်။ ကျနော်တို့ အန်စီယူဘီအနေနဲ့တော့ စစ်အစိုးရကို နည်းမျိုးစုံနဲ့ တွန်းဖို့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ သံတမန်ရေးအရ ပိုပြီးတော့ နိုင်ငံတကာက အပြစ်ဒဏ်ခတ်နိုင်ဖို့ ကျနော်တို့က ကြိုးစားသွားမှာပါ။

အန်စီယူဘီ ကိုယ်စားလှယ် အဖြစ် ညီလာခံ လာတက်တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက စောဒေးဗစ်သာကပေါ ပြောဆိုသွားတာပါ။

XS
SM
MD
LG