သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလီးဝုဒ် မြန်မာ့ ညနေခင်း၊ ဒီမိုကရေစီရေး ပံ့ပိုးဖို့ အနုပညာရှင်တွေကို တိုက်တွန်း


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုကို
ဝိုင်းဝန်းထောက်ခံကြဖို့ ဟောလီးဝုဒ်မှာရှိတဲ့ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်တွေ၊ အနုပညာရှင်တွေကို မြန်မာ့အရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။ ဟောလီးဝုဒ်ရှိတဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လီးစ်မြို့မှာ Burma Evening in Hollywood ဟောလီးဝုဒ်က မြန်မာ့ ညနေခင်း ဆိုတဲ့ အခမ်းအနားတစ်ခု မကြာခင် နာရီပိုင်းအတွင်းမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီအခမ်းအနားကို ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သူ မခင်ဖြူထွေးကို အခမ်းအနားနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားပါတယ်။ အခမ်းအနားကို ဦးစီးကျင်းပတဲ့သူတွေ၊ အဖွဲ့အစည်းတွေနဲ့ အခမ်းအနားအကြောင်းကို မခင်ဖြူထွေးက အခုလို ပြောပြပါတယ်။

ဒီအခမ်းအနားကို အဓိက စီစဉ်ကျင်းပတာကတော့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အခြေဆိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ U.S Campaign for Burma အဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Human Rights Action Center က ကမကထလုပ် ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲကို ကျင်းပနိုင်ရေး တာဝန်ခံ စီစဉ် ပေးတဲ့သူကတော့ နာမည်ကြီး ဟောလီးဝုဒ်မင်းသမီး အန်ဂျယ်လ်လီကာ ဟူစတန် (Anjelica Huston) နဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ဂျင်မီ မဲလ်လာ (Jimmy Miller) တို့က တာဝန်ခံ စီစဉ်ပြီး စပွန်ဆာလုပ်ခဲ့တာပါ။ ဒီပွဲကို ဦးစီး ဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ U.S Campaign for Burma အဖွဲ့က ဂျယ်ရမီ ဝူဒမ် (Jeremy Woodrum) က နိုင်ငံတကာကနေ မြန်မာ့အရေး ကို ပိုပြီးထောက်ခံ အားပေးလာအောင် အခုလို စီစဉ်တာလို့ ပြောပါတယ်။ ဒီ ဟောလီးဝုဒ်မှာရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ တစ်ခုခု ပြောမယ်ဆိုရင် ဒီမှာရှိတဲ့ နိုင်ငံရေးသမားတွေ ပြောတာနဲ့မတူဘူး၊ ဟောလီးဝုဒ်သရုပ်ဆောင်တွေက မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုတာတွေက ပိုပြီး ထိရောက်တာတွေ ရှိတဲ့အတွက် အခုလို စည်းရုံးလှုပ်ရှားတာလို့ ပြောပါတယ်။

ဒီအခမ်းအနားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ ဒန်အယ်ဒ်လာ (Dan Adler)၊ ရမ်ဘို အပိုင်းလေး ရုပ်ရှင်နဲ့ နာမည်ကြီးနေတဲ့ ဂျုလီဘန့်ဇ် (Julie Benz) မက်ထ်ဘာရိုးဇ် (Matt Burrows) ဆူဇီ ကန်မရွန် (Suzy Cameron) တို့အပါအဝင် အခြား သရုပ်ဆောင်တွေ တော်တော်များများ တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ အဆိုတော် ဒန်မီယန် ရိုက်စ် (Damien Rice) ရဲ့ တေးဂီတ အထူးဖျော်ဖြေပွဲလည်း အစီအစဉ် ရှိပါတယ်။

ဒီပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်သူတွေထဲက နောက်တစ်ဦးဖြစ်တဲ့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Human Rights Action Center က ဒါရိုက်တာ ဂျက်ခ် ဟေးလီ (Jack Healey) ကတော့ ဒီပွဲကနေ မြန်မာနိုင်ငံအရေးကို လူတွေပိုပြီး အာရုံစိုက်လာမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေရဲ့ အကြမ်းမဖက်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေအပေါ် နိုင်ငံတကာက ငွေကြေးအရရော၊ နည်းပေါင်းစုံနဲ့ ပိုပြီးထောက်ခံမှု ပေးလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ပြောပြသွားပါတယ်။

XS
SM
MD
LG