အီရတ်နိုင်ငံကို အလည်ရောက်သွားတဲ့ အီရန်သမ္မတ အမ္မာဒီနီဂျတ်ဒ် က သူ့ခရီးက အရင်က ရန်သူဖြစ်ခဲ့တဲ့ နှစ်နိုင်ငံအကြား ဆက်ဆံရေး လမ်းသစ်ဖွင့် ပေးနိုင်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။
ဘဂ္ဂဒက်မြို့ကို ဒီကနေ့ ရောက်သွားတဲ့ အီရန်သမ္မတ မာမွတ် အမ္မာဒီနီဂျတ်ဒ် ဟာ ချက်ခြင်းဆိုသလိုပဲ အီရတ်သမ္မတ ဂျလာတလာဘာနီ နဲ့ စတင် ဆွေးနွေး ပါတယ်။
ဆွေးနွေးပွဲအပြီး သမ္မတ နှစ်ဦး ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အီရန်သမ္မတ က သူတို့ရဲ့ ဆွေးနွေးပွဲဟာ အလွန်ကို အပြုသဘော ဆောင်တဲ့အကြောင်း၊ သမ္မတ နှစ်ဦးအကြား ကိစ္စရပ်များ အပေါ် အပြန်အလှန် နားလည်မှုများ ရှိကြတဲ့အကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ဆက်ဆံရေး တိုးမြှင့် သွားကြဖို့ ပိုင်းဖြတ်ထားကြတဲ့အကြောင်း ရှင်းလင်း ပြောဆို သွားပါတယ်။
ဖွံ့ဖြိုးတဲ့ အင်အားကြီးတဲ့ ညီညွတ်တဲ့ အီရတ်နိုင်ငံက လူတိုင်းအတွက် အကျိုးရှိစေလိမ့်မယ်လို့ အီရန်သမ္မတ အမ္မာ ဒီနီဂျတ်ဒ် က ပြောဆိုပါတယ်။ အီရန်နိုင်ငံကို အုပ်စိုးနေတဲ့ ဘာသာရေး ပညာရှင်များအား ဆန့်ကျင်တဲ့ မူဂျာဟစ်ဒင်း အယ်လ်ဟတ်ခ် အဖွဲ့ကို အီရတ်နိုင်ငံက နှင်ထုတ်ဖို့ ကျိုးစားနေပါတယ်လို့ အီရတ်သမ္မတ တလာဘာနီ က ဆိုလိုက်ပြီး အဲဒီအဖွဲ့ဟာ အကြမ်းဖက်အုပ်စု ဖြစ်လို့ အီရတ်နိုင်ငံမှာ ရှိနေတာဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူးလို့လည်း ဆက်လက် ပြောဆိုပါတယ်။