သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ ပထမခြေလှမ်းအဖြစ် ထိုင်းအထက်လွှတ်တော် ရွေးကောက်ပွဲကျင်းပ


ထိုင်းနိုင်ငံက မဲဆန္ဒရှင်တွေဟာ အထက် လွှတ်တော်အမတ်ဦးရေ တဝက်ကို ရွေးချယ်ဘို့အတွက် တနင်္ဂနွေနေ့မှာ မဲဆန္ဒပေးခဲ့ကြပါတယ်၊ ဒါဟာ ထိုင်းနိုင်ငံမှာ ၂၀၀၆ ခုနှစ် စက်တင်ဘာလက စစ်အာဏာ သိမ်းပြီးတဲ့နောက် ပါလီမန် ဒီမိုကရေစီစံနစ် ပြန်လည် ဖေါ်ဆောင် နိုင်ဘို့အတွက် နောက်ဆုံး အဆင့် လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီး ချုပ်ဟောင်း တက်ခ်ဆင်ရှင်နဝပ် ဒီတပတ်ထဲမှာ ထိုင်းနိုင်ငံကို ပြန်ရောက် လာပြီးတဲ့နောက် စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ပြုလုပ်ခဲ့ကြရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတဲ့အကြောင်း ဘန်ကောက်မြို့က Ron Corben သတင်းပေးပို့ ထားတာကို မညိုညိုလွင် က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ စက်တင်ဘာနောက်ပိုင်း စစ်တပ်ကခန့်ထားတဲ့ အစိုးရကနေ ဦးစီးရေးဆွဲပြီး လူထုက ဆန္ဒခံယူပွဲနဲ့ အတည်ဖြစ်လာခဲ့တဲ့ ဒီဖွဲ့စည်းပုံအသစ်အရ ဆိုရင်တော့ အခု အထက် လွှတ်တော် အမတ် နေရာ (၁၅၀) မှာ ရွေးကောက် ခံရသူတွေရော ခန့်အပ်ခံရသူတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

ခန့်အပ်ခံရသူတွေထဲမှာတော့ အငြိမ်းစားစစ်ထွက်တွေ အငြိမ်းစားရဲအရာရှိတွေ ပြီးခဲ့တဲ့လွှတ်တော်က အမတ်ဟောင်းတွေအပြင် လူနည်းစု ကိုယ်စားလှယ် တွေလည်း ပါဝင်ကြပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ် ထိုင်းဖွဲ့စည်းပုံ ဥပဒေအရ ဆိုရင်တော့ ဒီအထက် လွှတ်တော် အမတ်အားလုံးဟာ ရွေးချယ်ခံ ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။

ဒါပေမယ့်လည်း ဒီလိုရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်မှာ ပါလီမန်ထဲ အပြန်အလှန် အာဏာထိန်းညှိဆောင်ရွက်နိုင်မှု လုံလုံလောက်လောက်မရှိဘူးလို့ သုံးသပ်သူတွေက ဝေဖန်ထားပါတယ်။

အခု ဒီကနေ့ ပြီးဆုံးခဲ့တဲ့ ရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံမှာ ပါလီမန်စနစ် နိုင်ငံရေးကို ပြန်သွားနိုင်ဖို့ ကြိုဆိုရမယ့် အဆင့်တရပ်ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ချုလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ကျွမ်းကျင်သူ ပန်နိတန် ဝါတာနာရာဂွန် (Panitan Wattanayagorn) က အခုလို ပြောပါတယ်။

“အခုအခြေအနေမှာတော့ ဒီမိုကရေစီပုံမှန်ပြန်ဖြစ်လာပြီ၊ နိုင်ငံရေးစနစ်ဟာလည်း ပုံမှန်အခြေအနေ ကို တဖြည်းဖြည်း ပြန်သွားနေတဲ့ အနေအထားမျိုး အတော်လေး ကျေကျေနပ်နပ် ခံစားရပါတယ်။”

အောက်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပြီး နှစ်လအကြာမှာပဲ အခု ဒီတနင်္ဂါနွေနေ့ အထက်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှင်နဝပ် ကို လိုလားထောက်ခံသူတွေက အာဏာရခဲ့ပါတယ်။ မစ္စတာ တက်ခ်ဆင်ဟာလည်း ဒီနောက်တော့ အခုအပတ်အတွင်းပဲ ပြည်ပ ကနေ ပြန်ရောက်လာခဲ့ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ကတည်းက ပြည်ပမှာ တိမ်းရှောင်နေတာပါ။

အခုတော့ မစ္စတာ တက်ခ်ဆင်က နောက်ခံပေးထားတဲ့ ဝန်ကြီးချုပ် ဆာမတ် ဆွန်ဒရာဝေဟာ ၆ ပါတီ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်နေပါပြီ။ အထက်လွှတ်တော်ဟာ ရွေးကောက်ခံပုဂ္ဂိုလ်တွေနဲ့ အပြည့်အဝဖွဲ့စည်းနိုင်ဖို့ရာ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲနိုင်ဖို့ လုပ်သွားမယ်လို့ မစ္စတာ ဆမတ် ကတော့ ပြောနေပါတယ်။

မစ္စတာ တက်ခ်ဆင်နဲ့ သူရဲ့ အရင် ထိုင်းရတ်ထိုင်းပါတီ အဖွဲ့ဝင် ၁၁၀ ဟာ နိုင်ငံရေးမှာ ငါးနှစ်မပါရဘူးဆိုပြီး အပိတ်ခံထားရပါတယ်။ ၂၀၀၆ ခုနှစ် ဧပြီလ ရွေးကောက်ပွဲ အတွင်း နိုင်ငံရေးကလိမ်ကျမှုတွေ လုပ်ခဲ့တယ်လို့ အပြစ်တွေ့ရှိရတဲ့နောက် အခုလို အရေးယူခံရတာပါ။ ဒါ့အပြင် သူ ဝန်ကြီးချုပ် တာဝန်ယူနေစဉ်မှာပဲ အဂတိလိုက်စားမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ စွဲချက်တွေကို မစ္စတာ ထဆင်ဟာ ပြန်လည် ရင်ဆိုင်နေရပါတယ်။

အခု ရွေးကောက်တဲ့ အထက်လွှတ်တော်ဟာဆိုရင် တရားသူကြီးတွေနဲ့ အစိုးရဋ္ဌာနတွေအပေါ် စုံစမ်းရေးအရာရှိ Ombusdmen တွေလည်း ခန့်ထားနိုင်တဲ့ အာဏာရှိထားပါတယ်။ ဒီအတွက်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ အမှုတွေ တင်လာပြီဆိုရင် အစိုးရပေါ်လစီတွေကို ပြန်လည်စုံစမ်း စစ်ဆေးတာ ဝန်ကြီးအဖွဲ့ဝင်တွေကို ရာထူးက ဖယ်ရှားနိုင်တာ စတဲ့ လုပ်ပိုင်ခွင့်တွေ လုပ်နိုင်တဲ့ လူတွေကို ခန့်ထားနိုင်တဲ့ အာဏာရတယ်လို့ ပြောရမှာပါ။

XS
SM
MD
LG