သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေမျောဒုက္ခသည် ၇၁ ဦး သီရိလင်္ကာရေတပ် ကယ်တင်


ဘင်္ဂလားပင်လယ်အော်ထဲမှာ စက်လှေပျက်ပြီး သီတင်း ၂ ပတ်လောက် မျောနေကြတဲ့ မြန်မာနိုင်ငံသားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၁ ယောက်ကို ဒီနေ့မနက်အစောပိုင်းက သီရိလင်္ကာရေတပ်က ကယ်ဆယ်ခဲ့ရပါတယ်။ ရက်ပေါင်းများစွာ ပင်လယ်ထဲမှာ
မျောနေစဉ် စားစရာတွေပြတ်လပ်ပြီး စက်လှေပေါ်မှာပါလာသူ တော်တော်များများ
လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်
သတင်းထောက် ဦးမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီလို စက်လှေနဲ့မျောပါနေတဲ့သူတွေဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့တည်းက ဘင်္ဂလား
ဒေ့ရှ်နိုင်ငံ ကော့က်ဇ်ဘဇားမြို့ကနေ ထွက်ခဲ့ကြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်
နေ့မှာ စက်ပျက်ပြီးတဲ့နောက် ပင်လယ်ထဲမှာ ၁၃ ရက်ကြာ မျောပါနေခဲ့တာပါ။ မနေ့က သီရိလင်္ကာရေတပ်က ငါးဖမ်းစက်လှေတွေကနေတဆင့် သတင်းရတဲ့အတွက် ဒီနေ့
မနက် ၈ နာရီလောက်မှာ သွားရောက်စစ်ဆေးပြီး ကယ်တင်ခဲ့တာဖြစ်တယ်လို့ သီရိ
လင်္ကာရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကွန်မင်ဒါ ဒတ်စ်ဆန် နာယတ်က ပြောပါတယ်။

“ကျနော်တို့ကယ်တင်လိုက်တာ စုစုပေါင်း ၇၁ ယောက်ဖြစ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံ
သား ၅၀ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁ ယောက် ပါဝင်တယ်။ သူတို့တွေကို သီရိ
လင်္ကာနိုင်ငံ အရှေ့ဘက်ကမ်းခြေ ရေမိုင် ၁၅၀ အကွာက ကယ်တင်ခဲ့တယ်။ အဲဒီ
နောက် ထရင်ကိုမာလီကျွန်းက ရေတပ်အခြေစိုက်စခန်းကို ခေါ်ယူခဲ့ပြီး ရဲလက်ကို လွှဲပြောင်းပေးလိုက်တယ်” လို့ ပြောသွားတာဖြစ်ပါတယ်။

ပင်လယ်ထဲမျောပါနေသူတွေဟာ စတင်ထွက်လာကြတုန်းက စုစုပေါင်း ၉၁ ယောက်
ဖြစ်ပြီး လမ်းခရီးမှာ မြန်မာပြည်သား ၁၇ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
၃ ယောက် အစာရေစာပြတ်လပ် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ကယ်တင်ထားတဲ့သူတွေကို သီရိလင်္ကာရေတပ်က ဆေးဝါးကုသပေးထားပြီး သူတို့ဟာ သိပ်အားနည်းနေကြတယ်လို့ အခြားအမည်မဖော်လိုတဲ့ ရေတပ်အရာရှိတဦးက
ပြောပါတယ်။

ထရင်ကိုမာလီကျွန်းကိုရောက်တဲ့အခါ သူတို့တွေကို ရဲလက်အပ်နှံလိုက်ပြီး နိုင်ငံခြား
ရေးဝန်ကြီးဌာနက သက်ဆိုင်ရာသံရုံးတွေဆီကို အကြောင်းကြားထားပါတယ်။ သီရိ
လင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ဆက်သွယ်ရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး မစ္စတာ
ဟာ့တ်ဆန်က ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းထားတယ်လို့ အခုလိုပြောပါတယ်။

“ဒီလိုဆက်သွယ်ပေမယ့် မြန်မာသံရုံးက ဘာမှ တိတိကျကျ အကြောင်းပြန်တာ မရှိ
သေးဘူး” လို့ ပြောသွားတာပါ။

အခုလို ပင်လယ်မှာ မျောပါနေသူတွေဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံမှာ အလုပ်
သွားရောက်လုပ်ကိုင်ဖို့ ထွက်လာသူတွေဖြစ်ကြောင်း သီရိလင်္ကာရေတပ်ရဲ့ အင်တာ
နက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မလေးရှားနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့
ပင်လယ်ကို ဖြတ်လာသူတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာခေါ် မူဆလင်
ဘာသာဝင်တွေ အများစု ဖြစ်ကြပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်းက တကောပါမြို့နယ်အတွင်းကို ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်ဘာသာဝင်တွေ ရောက်လာခဲ့တယ်လို့ အဲဒီ
ဒေသမှာ အခြေစိုက်ထားတဲ့ လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးထူးချစ်က အခုလို
ပြောပြပါတယ်။

“အဓိက လှေနဲ့လာတာက ၁၀၄ ယောက်လို့ပြောတယ်။ အဲဒါက ၂၉ ရက်နေ့ ညကြီး သန်းကောင်မှာပေါ့။ လှေကကမ်းကပ်ပြီး သူတို့ကိုချပြီးတာနဲ့ လှေက ပြန်ထွက်သွား
တယ်။ ထွက်သွားတော့ သူတို့ဘာသာသူတို့ အုပ်စုလေးတွေ၊ ငါးယောက်တအုပ်၊ ဆယ်ယောက်တအုပ် ကျနော်တို့ရုံးနားမှာပဲမိတာ၊ ဟိုတခါလိုပဲ။ ခုတော့ ၆၀ ကျော်
မိသွားပြီ။ Beach ကတော့ တကောပါထဲက ခစ်ခတ် Beach ပေါ့။”

အဲလို ဖမ်းဆီးခံရသူတွေအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေး ၈ ယောက် ပါဝင်
တယ်လို့ ပြောပါတယ်။ သူတို့ဌာနရဲ့ မှတ်တမ်းအရ ယခင်နှစ် ဒီဇင်ဘာလကနေ အခု
အချိန်ထိ စုစုပေါင်း ရိုဟင်ဂျာတထောင်ကျော်လောက် ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဦးထူးချစ်က ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာလို့ခေါ်တဲ့ မူဆလင်ဘာသာဝင်တွေဟာ မြန်မာ
စစ်အစိုးရက လယ်မြေသိမ်းဆီးတာ၊ ဘာသာရေးအရဖိနှိပ်တာနဲ့ လွတ်လွတ်လပ်လပ်
သွားလာပြီး စီးပွားရှာဖွေခွင့်မပြုတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်
အခုလို ထွက်ပြေးလာကြတာဖြစ်တယ်လို့ ပြောကြပါတယ်။

XS
SM
MD
LG