သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ် စစ်အစိုးရ အဆင်သင့်မရှိသေး


ထိုင်းဝန်ကြီးချုပ်သစ် ဆမတ်ဆွန်ထရာဝေး
(Samak Sundaravej) ဟာ ဝန်ကြီးချုပ်
တာဝန်ယူခဲ့ပြီးနောက် အစဉ်အလာအရ
အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ ခရီးလှည့်လည်နေရာမှာ မြန်မာနိုင်ငံကို
တော့ အခုခရီးစဉ်တခေါက်မှာ သွားနိုင်မယ့်
အလားအလာ မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေး
ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ မစ္စတာ
ဆွန်ထရာဝေးဟာ ဒီနေ့ ကမ္ဘောဒီးယားနိုင်ငံ
ကို ရောက်ရှိနေပြီး မနက်ဖြန်မှာ ဗီယက်နမ်
နိုင်ငံကို သွားဖို့ရှိပါတယ်။ အခုလို အိမ်နီးချင်း
နိုင်ငံတွေဆီ နှုတ်ဆက်တဲ့ခရီးစဉ်အတွင်း
မြန်မာနိုင်ငံဆီ ဘာကြောင့်မသွားနိုင်ရလဲဆိုတဲ့အကြောင်း အသေးစိတ်ကို
ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သူ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အသက် ၇၂ နှစ်အရွယ် ထိုင်းဝန်ကြီးချုပ်သစ် ဆမတ်ဆွန်ထရာဝေးဟာ အခုနှစ်
စောစောပိုင်း ဇန်နဝါရီလက ရာထူးတာဝန် စတင်ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံခြား သတင်းထောက်တွေနဲ့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတရပ်မှာ သူ့အနေနဲ့ အိမ်နီး
ချင်း အာဆီယံနိုင်ငံများကို နှုတ်ဆက်ဖို့ ခရီးထွက်ဖို့ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

“ကျနော့်အနေနဲ့ အာဆီယံ ၉ နိုင်ငံကို သွားရောက်လည်ပတ်ဖို့ တာဝန်ရှိပါတယ်” လို့
ထိုင်းဝန်ကြီးချုပ်က ပြောသွားတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်က လောနိုင်ငံကို နိုင်ငံခြား
ရေးဝန်ကြီးသစ် နိုပဒွန် ပတ်ထမ (Noppadon Pattama) နဲ့ ခရီးထွက်ခဲ့ရာမှာ ဒီနေ့ ကမ္ဘောဒီးယားကတဆင့် မနက်ဖြန်မှာ ဗီယက်နမ်ကို သွားရောက်ဖို့ရှိတယ်လို့ သိရ
ပါတယ်။

ကနဦးကတော့ ထိုင်းဝန်ကြီးချုပ်သစ်ဟာ လောနိုင်ငံအပြီး မြန်မာနိုင်ငံကို သွားရောက်
ဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ခုလက်ရှိခရီးစဉ်မှာတော့ မြန်မာနိုင်ငံကို
သွားရောက်ဖို့ အဆင်မပြေသေးဘူးလို့ မြန်မာစစ်အစိုးရက အကြောင်းကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြန်ကြားရေးအကြီးအကဲ ခွန်ချင်နာရွန်းက ပြောပါတယ်။

“ကျနော်တို့သိရတာကတော့ ဒီဘက်က သွားဖို့ရက်အတိအကျ သတ်မှတ်ဖို့ကြိုးစားတဲ့
အခါ မြန်မာဘက်က ဒီအချိန်ဟာ အဆင်မပြေသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။
ဒါကြောင့် ခရီးစဉ်ကို ပြောင်းလိုက်ရပြီး ခုထက်ထိတော့ ရက်အတိအကျ မသတ်မှတ်ရ
သေးပါဘူး” လို့ ပြောခွင့်ရက ပြောသွားတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ် ဆမတ်အနေနဲ့ ပြီးခဲ့တဲ့သောကြာနေ့ လောနိုင်ငံကို ခရီးမထွက်မီ နာရီအနည်းငယ်အလိုက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာဟေးလ် (Christopher Hill) နဲ့ ဘန်ကောက်မှာ တွေ့ဆုံ
ခဲ့ပါတယ်။ ထိုစဉ်က မစ္စတာဟေးလ်က မြန်မာစစ်အစိုးရထံကို အမေရိကန်ပြည်ထောင်
စုက ပါးလိုက်တဲ့အမှာစကား ပြောခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီး
ဆူပါရာ နာပွန်နန်က သတင်းထောက်တွေကို ပြောခဲ့ပေမယ့် အသေးစိတ်အချက်
အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပါဘူး။

မြန်မာနိုင်ငံရဲ့ အနီးဆုံး အိမ်နီးချင်းလည်းဖြစ်၊ အဓိကကုန်သွယ်ဘက် နိုင်ငံလည်းဖြစ်တဲ့
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ အမေရိကန်ရဲ့
အမှာစကားကို ပြောဆိုနိုင်ဖို့ အလားအလာရှိတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဌာနက
ဆိုပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် ဖိအားပေးစေချင်ပါ
တယ်။ အဲဒီအကြောင်းလည်း ထည့်သွင်းပြောကြားနိုင်ဖို့ ရှိပါတယ်” လို့ ခွန်ချင်နာရွန်း
က ပြောသွားတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ်အနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေး
မှူးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်သင့်တယ်လို့ နိုင်ငံခြားသတင်းထောက်တွေကို ကောက်ချက်ချ ပြောကြားဖူးပါတယ်။ ဒါ့အပြင် မြန်မာ့ အရေးကိုလည်း မြောက်ကိုရီးယား ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲပုံစံမျိုး ဖြေရှင်းပေးဖို့
သူ့ရဲ့ ပီပီပီပါတီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုအတွင်း ခွန်ဆမတ်က
ပြောကြားခဲ့ဖူးတာ ရှိပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် နိုပဒွန်ပတ်ထမကတော့ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်
ထားရှိတဲ့ ပေါ်လစီဟာ လူ့အခွင့်အရေးထက် ထိုင်းနိုင်ငံ အကျိုးစီးပွားကို ဦးစားပေးဖို့
ရှိပြီး ပြည်တွင်းရေး ဝင်မစွက်ရဆိုတဲ့ အာဆီယံရဲ့မူကို လက်ကိုင်ထားဖို့ရှိတယ်လို့ ဆိုခဲ့
ပါတယ်။ ဒါပေမယ့် စင်ကာပူမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း
အဝေးပွဲမှာတော့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကိုပါ ဂယက်ရိုက် လာပြီဖြစ်တဲ့အတွက် ပြောစရာရှိတာကိုတော့ ပြောရမယ့်အနေအထားမှာ ရှိတဲ့အပြင် ထိုင်းနိုင်ငံအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် အတည်ပြုစဉ်က ပြည်လုံးကျွတ် လူထု
ဆန္ဒခံယူပွဲ အောင်မြင်စွာကျင်းပခဲ့တဲ့ နည်းစနစ်ကိုလည်း မြန်မာစစ်အစိုးရနဲ့ မျှဝေဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။

XS
SM
MD
LG