သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက်သီးလေးသီးက ဆန္ဒခံယူပွဲ ပြက်လုံးထုတ်


နိုင်ငံကျော် သီးလေးသီးရဲ့ ဆေးရောင်စုံအငြိမ့်
အဖွဲ့က ပြည်ပခရီးစဉ်တွေ လိုက်လံဖျော်ဖြေ
နေရာမှာ အခုနောက်ဆုံး ဂျပန်နိုင်ငံကပွဲမှာ
တော့ လက်ရှိနိုင်ငံရေး၊ လူမှုရေး အခြေအနေ
တွေကို ထည့်သွင်းဖျော်ဖြေခဲ့တာမို့ အထူး လူကြိုက်များခဲ့တယ်လို့ ပရိသတ်တွေက
ပြောကြပါတယ်။ တနင်္ဂနွေနေ့တုန်းက ဂျပန်
နိုင်ငံမှာ ဖျော်ဖြေခဲ့တဲ့ ပွဲနဲ့ပတ်သက်လို့
အကြောင်းစုံကို သီးလေးသီးအငြိမ့်အဖွဲ့နဲ့ ဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ ကိုအောင်လွင်
ဦးက တင်ပြပေးထားပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ သီးလေးသီးရဲ့ ဆေးရောင်စုံအငြိမ့်ပွဲမှာ မကြာခင် မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိစ္စ အပါအဝင် လက်ရှိ
နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေကို သရော်ပြက်လုံးထုတ်ခဲ့တာကြောင့်
ပရိသတ်တွေကြားမှာ အားပေးမှုတွေ ရခဲ့ကြတာပါ။ ဒီလို ထူးခြားတဲ့ပြက်လုံးတွေ
ကြောင့် သီးလေးသီးအငြိမ့်ပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အားပါးတရ
ကြည့်ရှုခဲ့ကြတဲ့ အကြောင်းကိုတော့ တိုကျိုမြို့က ဒီပွဲကို ကိုယ်တိုင်ကြည့်ရှုခဲ့တဲ့ မြန်မာ
နိုင်ငံသား ကိုခင်မောင်ထွတ်က အခုလို ပြောပြပါတယ်။

“ပြက်လုံးအသစ်တွေနဲ့ သူတို့ တင်ဆက်တယ်။ တခန်းရပ်ပြဇာတ်တခုလည်း တင်ဆက်
တယ်။ တခြားနိုင်ငံတွေမှာလည်း သူတို့ မလုပ်ဖူးသေးဘူးလို့ပြောတယ်။ လက်ရှိဖြစ်နေ
တဲ့ သတင်းတွေကို ဦးစားပေးပြီးပြက်တယ်။ မေလမှာကျင်းပမယ့် ပွဲကြီးအတွက်ကို သရော်ထားတဲ့ဟာတွေပေါ့။ ပရိသတ်ကတော့ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့
အားပေးကြတာ တွေ့ရတယ်။ လူကလည်း ရှစ်ရာဆန့်တဲ့ရုံ ပြည့်ခါနီးပဲ။ အားလုံးက
တော့ နိုင်ငံရေးအပေါ် နိုးနိုးကြားကြား၊ တက်တက်ကြွကြွနဲ့ တွေ့ရတာကတော့ ဝမ်းသာ
စရာပေါ့။ ပွဲအစပွဲအဆုံးတော့ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ပဲ ပြီးသွားတယ်။”

ဒီလို ထူးထူးခြားခြား ဖျော်ဖြေခဲ့တဲ့အထဲက ပရိသတ်တွေ အားပါးတရရှိခဲ့ကြတဲ့ ပြက်လုံး
သစ်တွေက ဘာတွေများပါလဲ။ နိုင်ငံကျော် လူရွှင်တော်တဦးလည်းဖြစ်၊ ဆေးရောင်စုံ
အငြိမ့်ကို ဦးဆောင်သူတဦးလည်းဖြစ်တဲ့ ကိုဂေါ်ဇီလာကို မေးကြည့်ပါတယ်။

“အဓိက ကျနော်တို့ဦးတည်တာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲနဲ့၊ လူထုမသိဘဲနဲ့၊
မတင်ပြဘဲနဲ့ လူထုဆန္ဒခံယူပွဲကြီးလုပ်တာ ဘာအဓိပ္ပာယ်လဲ၊ ဘာသဘောလဲပေါ့။
ဒီဖွဲ့စည်းပုံလည်း အသေးစိတ်မသိရဘဲနဲ့ ကျနော်တို့က ဘယ်နားမှာ ဘယ်မဲကို
သွားထည့်ရမှာလဲ။ အဲဒါတွေကို အဓိကထားပြီး ပြက်တယ်။ ဟိုဘက်ကလူတွေကလည်း ဘယ်လိုပုံစံမျိုးနဲ့ ပြန်ရှင်းလဲဆိုတော့ အဲဒါအတွက် မပူပါနဲ့၊ စိတ်လည်း မဆင်းရဲကြပါနဲ့။ ဒီလူထုဆန္ဒခံယူပွဲမှာ တက်တက်ကြွကြွသာ မဲပေးကြပါ။ မဲပေးတာတောင် အားလုံး စိတ်
ဇဝေဇဝါ မဖြစ်ရအောင် မဲပုံးတောင် တပုံးပဲထားပေးထားမယ်။ အဲဒီတပုံးက ဘာလဲ
ဆိုတော့ ထောက်ခံမဲတပုံးပဲ ထားပေးထားမယ်။ အဲဒါမျိုးတွေ ကျနော်တို့ ကစ်သွားတာ
ပေါ့။

“နောက် မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ ကျော်ရှိတယ်။ အဲဒီထဲမှာ အမာခံအင်အား
တွေ၊ အဖွဲ့အစည်းတွေ အားလုံးစုလိုက်တဲ့အခါ သန်း ၃၀ နီးပါးလောက်ရှိတယ်။ ကျန်တဲ့
ဟာတွေတော့ စည်းရုံးလို့ရရင်ရ၊ မရရင် အတိုက်အခံတွေ ထောင်ထဲထည့်၊ အဲဒါမှမရ
ဘူးဆိုရင်တော့ ကျန်တာတွေကို အရူးနဲ့သံဃာတော်တွေဆိုပြီး စာရင်းပြလိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ်နိုင်မယ်။ အဲဒါမျိုးတွေကို ကျနော်တို့ အဓိကထားပြီး ပြက်သွားတာ
ပေါ့။”

အလားတူ ပရိသတ်တွေ သဘောကျနှစ်ခြိုက်ကြတဲ့ ပြက်လုံးတခုကတော့ အခုတလော သတင်းတွေထဲမှာ ကြားနေရတဲ့ တရုတ်နိုင်ငံက အိုလံပစ်အားကစားပွဲတော်နဲ့
ပတ်သက်တဲ့ ပြက်လုံးတခုပါ။ ဆေးရောင်စုံအငြိမ့်အဖွဲ့က နောက်ထပ် လူရွှင်တော်တဦး
ဖြစ်တဲ့ ကိုစိန်သီးကတော့ …

“အခုဆိုရင် တရုတ်နိုင်ငံမှာကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲမှာ ကျနော်တို့ မြန်မာ
နိုင်ငံက ဝင်ပြိုင်မှာ။ ဝင်ပြိုင်မယ့်နေရာမှာ ကျနော်တို့နိုင်ငံက ရွှေရမှာ ၂ ခုရှိပါတယ်။
ရွှေက ကျိန်းသေပေါက်ရမှာပါ။ တခုက ပြေးခုန်ပစ်မှာ ရွှေရပါလိမ့်မယ်။ နောက်တခုက
တော့ သေနတ်ပစ်မှာ ရွှေရပါလိမ့်မယ်။ ဘာကြောင့် သေနတ်ပစ်မှာ ရွှေရမလဲဆိုရင်
သူက ပစ်တာက ဘုန်းကြီးနဲ့ ပြည်သူကိုပစ်တာ၊ ထိသွားတော့ ဂျပန်ကြီးကို ထိသွားလို့ပါ
ပဲ။ ပြေးခုန်ပစ်ကတော့ သူတို့က နောက်က တုတ်တွေနဲ့လိုက်ရိုက်ရင် ကျနော်တို့က
ပြေးကြ၊ လွှားကြ။ အရင်တုန်းက ရိုးရိုးတန်းတန်းပြေးရင် ဘာမှမဖြစ်ဘူး။ အခုဟာက
နောက်က တုတ်တွေနဲ့လိုက်ရိုက်တော့ ဝရုန်းသုန်းကားပြေးကြတော့ ဘယ်လောက်ကြီး
ပဲမြင့်နေပစေ လွှားကနဲ လွှားကနဲပဲ ခုန်နိုင်တယ်။”

ဒီလို သီးလေးသီးရဲ့ ပြက်လုံးတွေကို ပရိသတ်တွေက နှစ်ခြိုက်သဘောကျကြတယ်
ဆိုပေမယ့် အာဏာပိုင်တွေဘက်ကတော့ သူတို့ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ပြောဆိုတာ
တွေရှိရင် မကြာခဏဆိုသလို အပြစ်ပေး အရေးယူလေ့ ရှိတာပါ။ အခုဆိုရင်လည်း
မေလထဲမှာ အစိုးရက ကမကထလုပ်ကျင်းပမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ပတ်သက်
လို့ ဥပဒေတရပ် မကြာခင်ကဘဲ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒီဆန္ဒခံယူပွဲတွေကို ထိခိုက်
ပျက်ပြားအောင်လုပ်ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေနဲ့ အပြစ်ပေး အရေးယူမယ်လို့
တောင် ပြောဆိုထားတာပါ။ ဒီလိုအခြေအနေမျိုးမှာ အခုလို ပြက်လုံးတွေကြောင့် အန္တရာယ်မရှိနိုင်ဘူးလား။ လူရွှင်တော် ကိုစိန်သီးကတော့ …

“ကျနော်တို့က အနုပညာသမားတွေ၊ ဘယ်သူ့ဘယ်သူကိုမှ ကျနော်တို့က သာစေ၊
နာစေ ကျနော်တို့စိတ်ထဲမှာ မရှိပါဘူး။ မရှိတဲ့အတွက် ကျနော်တို့သည် ကျနော်တို့ အနု ပညာလမ်းကြောင်းကို ကျနော်တို့လုပ်တယ်။ ပြည်သူတွေ ခံစားနေရတာကို ကျနော်တို့
က မကြည့်ရက်ဘူး။ ဒါကြောင့် ပြည်သူတွေဘက်ကနေ ကျနော်တို့ မားမားမတ်မတ်
ရပ်တည်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ပြည်သူတွေက မွေးဖွားလာတဲ့ ပြည်သူတယောက်၊ အဲဒါကြောင့် ပြည်သူတွေရဲ့ နားတွေ၊ ခြေထောက်တွေ၊ လက်တွေ
ဟာ ကျနော်တို့ အနုပညာသမားတွေပါပဲ။ ဒါကြောင့် ကျနော်တို့က ဘာမှမတွေဝေပါ
ဘူး။ ကျနော်တို့ဆုံးဖြတ်တာကိုလည်း ကျနော်တို့ ရဲရဲတင်းတင်း လုပ်တာပါပဲ။”
လူရွှင်တော် ကိုစိန်သီး ပြောပြခဲ့တာပါ။

သီးလေးသီးရဲ့ ဆေးရောင်စုံအငြိမ့်အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ပြည်ပခရီးစဉ်
တွေမှာ လိုက်လံကပြဖျော်ဖြေနေခဲ့တာဖြစ်ပြီး အခု ဂျပန်နိုင်ငံ ခရီးစဉ်မတိုင်ခင်မှာ
လည်း ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ ဖျော်ဖြေမှုတွေ လုပ်ခဲ့
တာပါ။ မကြာခင်မှာတော့ ဥရောပနိုင်ငံဘက်ကို လှည့်လည်ပြီး မြန်မာနိုင်ငံသား ပရိသတ်တွေအတွက် ဖျော်ဖြေဖို့ အစီအစဉ်တွေလည်း ရှိနေတယ်လို့ အငြိမ့်အဖွဲ့သား
တွေက ပြောပြကြပါတယ်။

XS
SM
MD
LG