သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖို့ဒ် ဝိန်းမြို့ ညီလာခံတွင် ဖယ်ဒရယ်အစိုးရ ဖွဲ့စည်းရေး အဓိကထား ဆွေးနွေး


အမေရိကန် ပြည်ထောင်စု အင်ဒီရားနားပြည်နယ် ဖိုတ်ဝိန်း မြို့မှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ကနေ ဒီမိုကရေစီ ရေး လုပ်ငန်းလမ်းစဉ် တတိယအကြိမ် ညီလာခံကို ကျင်းပ နေကြပါတယ်။ ဒီညီလာခံမှာ မြန်မာ့ဒီမိုကရေစီ ကြိုးပမ်း ရာမှာ ပိုပြီးတော့ အထောက်အကူ ဖြစ်စေဖို့အတွက် ဖယ်ဒရယ် အစိုးရတရပ်ဖွဲ့စည်းဖို့အရေး အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက် ကိုတော့ မကြာခင် ချမှတ်မှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိုတ်ဝိန်းမြို့ကို လူကိုယ်တိုင် သွားရောက်ပြီး သတင်းယူနေတဲ့ ဦးကျော်ကျော်သိန်းကို မေးမြန်း ဆက်သွယ်ထား ပါတယ်။

ဖယ်ဒရယ်အစိုးရတရပ်ဖွဲ့စည်းရေးဆိုတဲ့အချက်က အရေးကြီးတဲ့အချက်လားရှင့်။

“ညီလာခံထဲမှာ ဆွေးနွေးနေကြတာကတော့ လက်ရှိအခြေအနေဟာ သောင်မတင်ရေမကျ အခြေအနေအတိုင်း နေလို့မရတော့ဘူး။ ခြေလှမ်းသစ်လှမ်းရမယ်။ စစ်အာဏာရှင်ကို ယှဉ်ပြိုင်နိုင်မယ့် အစိုးရတဖွဲ့လိုနေပြီ။ အခုလောလောဆယ်မှာ ဖယ်ဒရယ် အခြေခံဥပဒေဟာလည်း အဆင်သင့်ဖြစ်နေပြီ။ အခြေအနေဟာ အရေးတကြီးဖြစ်နေတာကြောင့် တကယ့်ကို ပီပြင်တဲ့ အစိုးရသစ်တဖွဲ့လိုအပ်ပြီးတော့ ဒီလိုအပ်ချက်အပေါ်မှာ ဆုံးဖြတ်ချက်ချပေးပြီး သုံးလနဲ့ ခြောက်လအတွင်းမှာ အကောင်အထည်ဖော်ဖို့လည်း အကြံပြုထားတယ်လို့ ဆွေးနွေးပြောဆိုကြပါတယ်။ ဒီညီလာခံကနေပြီးတော့လည်း အစိုးရသစ်တရပ်ဖွဲ့စည်းရေး ထောက်ခံတဲ့ အသံ ကျယ်ကျယ်လောင်လောင် အသံထွက်ပေးဖို့လည်း တိုက်တွန်းပါတယ်။ အဲဒီလို တိုက်တွန်းတဲ့ ဦးနွယ်အောင်က ဘာကြောင့် ဖဒရယ်အစိုးရတရပ်ဖွဲ့စည်းရေးက အရေးကြီးလဲဆိုတာကို အခုလိုရှင်းပြပါတယ်။”

“ကျွန်တော်တို့ လောလောဆယ်မှာ ဘာကြောင့် ခြေလှမ်းသစ်လှမ်းဖို့လိုလည်းလို့ အဓိက ပြောရ လို့ရှိရင် စစ်အာဏာရှင်တွေဟာ မကြာခင်ပဲ referendum လုပ်ပြီး ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ သူတို့ သက်ဆိုးကို တရားဝင် ရှည်ဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်တဲ့အတွက် ကြောင့်မိုလို့ ကျွန်တော်တို့ NCGUBရဲ့ အကြံ့ပေး အဖွဲ့အနေနဲ့ သုံးသပ်ပြီးတော့ တင်ပြတဲ့ အချက်ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေး အခြေအနေအရ ဖဒရယ်အစိုးရ ပုံသဏ္ဍာန်ရှိတဲ့ အစိုးရ၊ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ပါဝင် မယ်။ တရားဝင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေလည်း ပါဝင်တဲ့ ပီပြင် တဲ့ အစိုးရတဖွဲ့လိုအပ်နေပြီလို့ ကျွန်တော်တို့က ဖိုတ်ဝိန်းညီလာခံမှာ လာရောက်ပြီးတော့ တင်ပြတာ ဖြစ်ပါတယ်။ နောက် ဒီအဆိုကိုလည်း အားလုံးက ဝိုင်းပြီးတော့ စဉ်းစားပေးဖို့ ကျွန်တော်တို့ ပန်ကြား ထားတာဖြစ်ပါတယ်။”

ဒီဖဒရယ်အစိုးရအဖွဲ့ကို ဖွဲ့လိုက်ရင် လက်ရှိ ရှိနေတဲ့ NCGUB လို့ခေါ်တဲ့ ညွှန့်ပေါင်း အစိုးရကရော ဘယ်လိုဖြစ်သွားမလဲရှင့်။

“အခုညီလာခံထဲမှာ ပြောဆိုတဲ့အထဲမှာ စစ်အစိုးရကို ယှဉ်တိုက်နိုင်မယ့် အစိုးရတရပ်ရှိဖို့လိုနေတယ်။ NCGUBကို တိုင်းရင်းသားခေါင်းဆောင်တွေပါဝင်ပြီးတော့ ပိုအားကောင်းမယ့် အစိုးရတရပ်ဖွဲ့စည်းဖို့၊ ၆လအတွင်း လုပ်ဆောင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ MPUကနေပြီး ဆုံးဖြတ်ချက်ချထားတယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NUCB ရဲ့ တွဲဖက်အတွင်းရေမှူး ဦးမြင့်သိန်းက ပြောသွားပါတယ်။”

ဦးမြင့်သိန်းက NCGUB ရဲ့ အခန်းကဏ္ဍ ဘယ်လို ဖြစ်သွားမလဲဆိုတာကိုရှင်းပြပေးပါမယ်။

“ ကျွန်တော်တို့ သိသလောက်က NCGUB ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရဆိုတာ ရှိနေအုံးမှာပဲဖြစ်ပါတယ်။ အမျိုးသားညွှန့်ပေါင်းအစိုးရကိုသာ ပိုပြီး အားကောင်းလာတဲ့ အဖွဲ့ ဖြစ်အောင်သာ ဖန်တီးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲဝင်တဲ့ ပုံစံသစ်တစ်ခုကို လုပ်ဆောင် သွားလိမ့်မယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။”

ဒီညီလာခံကို NCGUB က ကိုယ်စားလှယ်တွေရော တက်ရောက်သေးလား။

“မတက်ပါဘူး။ ဒီနေ့ရော မနေ့ကရော ဒီညီလာခံကို NCGUB က ကိုယ်စားလှယ်တွေ တယောက်မှ မတက်ရောက်ဘူး။ ဒါပေမဲ့ ဒီညီလာခံကို စုစည်း ကျင်းပတဲ့ ကောင်မတီဝင်တွေကို မေးကြည့်တဲ့ အခါမှာတော့ ဒီညီလာခံက ပထမအကြိမ်၊ ဒုတိယအကြိမ်တွေမှာလည်း NCGUB နဲ့ NCUBက နိုင်ငံရေး ဦးဆောင်မှုကို ခံယူပြီးတော့ ကျင်းပတာလို့ သူတို့ ပြောခဲ့တာရှိတယ်။ ဒီညီလာခံမှာလည်းပဲ အဲဒီလို အလားအလာ သဏ္ဍာန် ပုံစံမျိုးပဲ ညီလာခံကျင်းပတဲ့ ကော်မတီဝင်တွေက ပြောပါတယ်။”

တကယ့်လက်တွေ့မှာကျတော့ရော အခုလက်ရှိဆွေးနွေးနေကြတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစု အဖွဲ့တွေအနေနဲ့ ဖယ်ဒရယ် အစိုးရတရပ်ကို ဖွဲ့စည်းနိုင်တဲ့ အနေအထားရောရှိရဲ့လား။

“ဒီညီလာခံမှာတော့ ဖယ်ဒရယ်အစိုးရဖွဲ့စည်းရေးဆိုတာကို တိုက်ရိုက်လုပ်မှာ မဟုတ်သလို ဒီညီလာခံ ကနေပြီးတော့ ဖယ်ဒရယ်အစိုးရ ဖွဲ့စည်းရေးကို ထောက်ခံပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးကလည်း တိတိပပကျဖို့ကလည်း မသေချာဘူးခင်ဗျ။ အခုလက်ရှိကိုပဲ အခြေခံဥပဒေကို အတည်ပြုပေးဖို့ ဆိုတာတွေကို အခြေအတင် ဆွေးနွေးကြတာတွေကို တွေ့ရပါတယ်။ ဖယ်ဒရယ် အစိုးရ ဖွဲ့စည်းရေးဆိုတာ လက်တွေ့မှာ ဖြစ်လားမဖြစ်လားဆိုတာကတော့ အခုလက်ရှိတော့ မပြောနိုင်သေး ပါဘူး။”

ဒီညီလာခံတက်ရောက်တဲ့ သူတွေထဲမှာ ဖယ်ဒရယ်အစိုးရဖွဲ့စည်းရေးကို ဆန့်ကျင်တဲ့ သူတွေရဲ့ အကြောင်းပြချက်က ဘာပါလဲ။

“ဒီညီလာခံထဲမှာတော့ ဖယ်ဒရယ်အစိုးရဖွဲ့စည်းရေးကို ဆန့်ကျင်တယ်လို့ တိတိပပပြောတဲ့သူ မတွေ့ရ ပါဘူး။ ပြောတဲ့သူတွေရဲ့ လေသံကို ဖမ်းကြည့်ရတာကတော့ ဖယ်ဒရယ်အစိုးရ ဖွဲ့စည်းရေးကို ထောက်ခံပါတယ်လို့ တိတိပပပြောပေမယ့် ကန့်ကွက်တယ်လို့ ပြောတဲ့ လေသံမျိုးအခုချိန်ထိ မတွေ့ရသေးဘူး။ လက်ရှိNCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွှန့်ပေါင်းအစိုးရကို တိုက်ရိုက် ဆန့်ကျင်တိုက်ခိုက်တဲ့ သဘောထားမျိုးတွေ၊ အပြောအဆိုမျိုးတွေလည်း မတွေ့ရပါဘူး။ ဒါပေမယ့် ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းအပါအဝင်၊ ကိုယ်စားလှယ်တွေ တစ်ယောက်မှ ညီလာခံကို လာရောက်မတက်တဲ့အတွက် ဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။”

NCGUB က သဝန်လွှာပို့တာရောရှိလား။

“မရှိပါဘူး။”

ညီလာခံမှာ နောက်ထပ် အရေးကြီးတဲ့ ဆွေးနွေးမှုတွေရောရှိသေးလား။

“NCUB ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ ဦးမောင်မောင်က နယ်စပ်ကနေပြီးတော့၊ အင်တာနက်ကနေတဆင့် တိုက်ရိုက်စကားပြောတာတွေ့ရပါတယ်။ ဦးမောင်မောင် ပြောသွားတဲ့ အထဲမှာတော့ အားလုံးဟာ တသားတည်း မဖြစ်ပေမယ့် အခုလက်ရှိလုပ်ဆောင်နေတဲ့ အပေါ်မှာ အားလုံးပါဝင် ပတ်သက်ပြီးတော့ ညှိ ညှိနှိုင်းနှိုင်းလုပ်နေတာဖြစ်တယ်လို့ ပြောသွားပါတယ်။ ဆိုလိုတာကတော့ ဖယ်ဒရယ် အခြေခံဥပဒေပေါ်ပေါက်ရေး၊ ဖယ်ဒရယ်အစိုးရတရပ်ဖွဲ့စည်းရေး စသဖြင့် အခုလက်ရှိလုပ်နေတာတွေကို NCGUB အပါအဝင် အားလုံး သိတယ်၊ ဆွေးနွေးနေတယ်လို့ ဆိုလိုပုံရပါတယ်။”

“ညနေပိုင်းမှာတော့ ဖယ်ဒရယ် အခြေခံဥပဒေအတည်ပြုရေး ဆွေးနွေးပွဲတခုနဲ့ မေလမှာ လုပ်မယ့် လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ရှေ့ဆက်ဘာတွေ လုပ်ကြမလဲဆိုတာကို အစုနှစ်စုခွဲပြီး ဆွေးနွေးကြ ပါတယ်။ ညီလာခံကနေပြီး တောင်အာဖရိက အာဖရိက အမျိုးသားကွန်ကရက်လို အဖွဲ့အစည်းမျိုး ဖွဲ့စည်းရေး ထောက်ခံတင်ပြတဲ့ ဆုံးဖြတ်ချက်နဲ့ အခြေခံဥပဒေ မူကြမ်း၊ လူထုဆန္ဒခံယူပွဲကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုလည်း ချမယ်လို့လည်း ညီလာခံစီစဉ်တဲ့သူတွေစီကနေသိရပါတယ်။”

ဒီညီလာခံကို တက်တဲ့ လူဦးရေနဲ့ အဖွဲ့အစည်း ဘယ်လောက်ရှိသလဲ။

“လူဦးရေကတော့ တစ်ရာ ပတ်ဝန်းကျင်ရှိပါတယ်။ မနေ့က ခန့်မှန်းကြည့်ရသလောက် ၁၅၀လောက် ရှိပါတယ်။ အဖွဲ့အစည်းကတော့ နယ်စပ်ဒေသက အဖွဲ့အစည်း အတော်များများတွေ့ရပါတယ်။ ABSDFနဲ့ NCUBက ခေါင်းဆောင်တွေ တော်တော်များများ ပါပါတယ်။ KNPPတိုင်းရင်းသား ခေါင်းဆောင်တွေ့ပါတယ်။ WLB အမျိုးသမီးများအဖွဲ့ချုပ်က ခေါင်းဆောင်တွေ့ပါတယ်။ ဥရောပက လှုပ်ရှားသူတွေ လာတာတွေ့ရတယ်။ CANADA က လူတွေကိုလည်း တွေ့ရတယ်။ သာသန ဥသျှောင် အဖွဲ့က သံဃာတော်တွေ လာတာကိုလည်း တွေ့ရပါတယ်။ အမေရိကန်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေ လာတာကိုလည်းတွေ့ရပါတယ်။

XS
SM
MD
LG