သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး အမေရိကန်ပြည်ထောင်စု မျှော်လင့်ဆဲ


သဘောထားအလယ်အလတ်ရှိတဲ့ ပါလက်
စတိုင်းသမ္မတ မာမွတ်အာဘတ်စ်
(Mahmoud Abbas) အစ္စရေးတို့နဲ့ ငြိမ်းချမ်း
ရေး ဆွေးနွေးပွဲဆီပြန်လာဖို့ ကြိုးစားဆောင်
ရွက်တဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza
Rice) ဟာ သမ္မတ အာဘတ်စ်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ညှိနှိုင်းရေးလုပ်ငန်း
စဉ် ပြန်စတင်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့
မစ္စရိုက်စ်ဟာ အစ္စရေးဝန်ကြီးချုပ် အီဟွတ်
အိုလ်မာ့တ် (Ehud Olmert) အပြင် တခြား ထိပ်တန်းအစ္စရေးအရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ဂျေရုစလင်ကနေ ဗွီအိုအေသတင်းထောက် ဂျင်မ်တီပယ်လ် (Jim Teeple) သတင်း
ပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းစစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အစ္စရေး တပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် ပါလက်စတိုင်း ၁၂၀ ကျော် တနင်္ဂနွေနေ့မှာ သေဆုံးခဲ့
ရပြီးနောက် ပါလက်စတိုင်းသမ္မတ မစ္စတာအာဘတ်စ်ဟာ အစ္စရေးတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။

အစ္စရေးမြေပြင်တပ်တွေကို ဂါဇာဒေသကနေ တနင်္လာနေ့က ရုပ်သိမ်းခဲ့ပေမယ့် အစ္စရေးတောင်ပိုင်းက မြို့ရွာတွေကို ဒုံးကျည်တွေနဲ့ ဆက်ပြီးပစ်ခတ်နေတဲ့ စစ်သွေးကြွ
တွေကိုတော့ အစ္စရေးတို့က ဝေဟင်ကနေ ဆက်ပြီးတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်ကတော့ သူ့အနေနဲ့ နှစ်ဖက်စလုံး
က ဒုက္ခရောက်ရသူတွေအတွက် ပူပန်မိကြောင်း မစ္စတာအာဘတ်စ်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“အခုတလောပေါ်ပေါက်နေတဲ့ တိုက်ခိုက်မှုတွေအပေါ်မှာ ကျမတို့ အထူးကို စိုးရိမ်ပါ
တယ်။ အပြစ်မဲ့ပြည်သူ အများအပြား ကြားကနေ ဓားစာခံ ဖြစ်ရပါတယ်။ ဂါဇာဒေသမှာ
နေထိုင်တဲ့ အပြစ်မဲ့ပြည်သူတွေအရေးနဲ့ပတ်သက်ပြီး ကျမတို့ရဲ့ ပူပန်မှုကို ပြောပြတာပါ။ ဒါတင်မကပါဘူး၊ အစ္စရေးက အပြစ်မဲ့လူထုလည်း ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာ၊ ဒီတိုက်ခိုက်မှုတွေရပ်တန့်ဖို့ အင်မတန်အရေးကြီးတယ်ဆိုတာကိုလည်း ပြောခဲ့ပြီးပါပြီ။”

တချိန်တည်းမှာပဲ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် မစ္စတာအာဘတ်စ်
ဦးဆောင်တဲ့ သဘောထားအလယ်အလတ်ရှိတဲ့ အစိုးရအဖွဲ့နဲ့ အစ္စရေးအကြား ပြုလုပ်
နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မထိခိုက်စေချင်ကြောင်းလည်း မစ္စရိုက်စ်က
ပြောပါတယ်။

“ကျမတို့လုပ်လက်စအလုပ်ကို အာရုံစိုက်ပြီး ဆက်လုပ်ဖို့လိုပါတယ်။ ကျမတို့ ကြိုးစား နေတဲ့အလုပ်ကလည်း လွယ်လွယ်ကူကူနဲ့ အောင်မြင်မှာတော့ မဟုတ်ပါဘူး။ ဒီနှစ်ကုန်
ပိုင်းမှာ ပါလက်စတိုင်းပြည်နယ်ထူထောင်ဖို့ဆိုတာကို ဦးတည်မယ့် သဘောတူညီချက်
မျိုး ရအောင်လုပ်ဆောင်ရမှာပါ။”

ဒီကိစ္စဟာ အောင်မြင်နိုင်မယ်လို့ သူယုံကြည်ကြောင်း မစ္စရိုက်စ်က ပြောနေပေမယ့် မစ္စတာအာဘတ်စ်ကတော့အစ္စရေးတို့နဲ့ ညှိနှိုင်းနေတဲ့ စကားဝိုင်းကို ခပ်မြန်မြန်
ပြန်လာမယ့်ပုံမျိုး ဘာတခုမှ မပြောပါဘူး။ ဂါဇာမှာနေထိုင်နေတဲ့ အရပ်သားတွေကို အစ္စရေးတပ်ဖွဲ့တွေ သတ်ဖြတ်နေတာဟာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ဆင်ခြေ
ပေးလို့မရဘူးလို့ ပါလက်စတိုင်းခေါင်းဆောင်က ပြောပါတယ်။

မစ္စတာ မာမွတ်အာဘတ်စ် ပြောသွားတာက ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းနဲ့ ဂါဇာ ကမ်းမြောင်ဒေသမှာ ရေရှည်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရှိသင့်တယ်၊ ဒါမှ
ဒီနှစ် ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။ ပြီးတော့ နှစ်ဖက်စလုံးရဲ့လုံခြုံရေးက ညှိနှိုင်းယူမှရမှာပါ။ အင်အားသုံးဖြေရှင်းလို့မရဘူးလို့ သူက ဆက်ပြောပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဂါဇာကမ်းမြောင်ဒေသဟာ ဟားမတ်စ်အဖွဲ့
အုပ်ချုပ်တဲ့ အစွန်းရောက် အစ္စလမ်ဝါဒီဒေသတခု ဖြစ်နေပြီး ဒုံးကျည်နဲ့တိုက်ခိုက်နေ
တာ ရပ်မပစ်ဘူးဆိုရင်တော့ အစ္စရေးမြေပြင်တပ်တွေ ဂါဇာကို ပြန်ဝင်ရောက်ရလိမ့်
မယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကပဲ ပြောပါတယ်။ အစ္စရေးကို ဒုံးကျည်နဲ့ပစ်ခတ်နေတဲ့ ဟားမတ်စ်စစ်သွေးကြွတွေနဲ့ တခြားပါလက်စတိုင်း စစ်
သွေးကြွအုပ်စုတွေကတော့ အပစ်အခတ်ရပ်ဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် အစ္စရေးတို့နဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တတိယအုပ်စုနဲ့ ဆွေးနွေးမှုလုပ်ခဲ့တယ်လို့ ဟားမတ်စ်ခေါင်းဆောင် မာမွတ်ဇာဟာ (Mahmoud Zahar) က မနေ့ကပဲ ပြောသွား
ပါတယ်။

တချိန်တည်းမှာပဲ အိမ်ဖြူတော်မှာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ (Abdullah) နဲ့တွေ့ဆုံတဲ့ အမေရိကန်သမ္မတ ဘုရှ် (Bush) ကတော့ အစ္စရေး-ပါလက်စတိုင်း သဘောတူညီ
ချက်တခုကို သူ့သမ္မတသက်တမ်းမကုန်ဆုံးခင် ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း
ပြောပါတယ်။

“ဆယ်လဆိုတာ နည်းတဲ့အချိန်ကာလမဟုတ်ပါဘူး။ အချိန်သိပ်မရှိတော့ဘူးလို့ ထင်ရ
ပေမယ့် သဘောတူညီချက်တခု ရဖို့ရာတော့ လုံလောက်တဲ့အချိန်ကာလပါ။”
ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ ဆွေးနွေးပွဲအပြီးမှာ သမ္မတဘုရှ်က သတင်းထောက်တွေကို ပြောသွားတာပါ။

အစ္စရေးဝန်ကြီးချုပ် အီဟွတ်အိုလ်မာ့တ်နဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်တို့
ဟာ ငြိမ်းချမ်းရေးရရှိဖို့ တာဝန်ယူဆောင်ရွက်မယ်ဆိုတာကို အပြည့်အဝယုံကြည်ထား
ကြောင်းလည်း သမ္မတဘုရှ်က ပြောသွားပါတယ်။

XS
SM
MD
LG