သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဖောင်းပွမှုနဲ့ ပြုပြင်ပြောင်းလဲရေး တရုတ်လွှတ်တော် အာရုံစိုက်


တရုတ်ပြည်ရဲ့ အဓိက ဦးစားပေး လုပ်ငန်းတွေဟာ ငွေကြေး ဖေါင်းပွနေတာကို ထိန်းချုပ်ဖို့နဲ့ သာမန် ပြည်သူတို့ရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်က နှစ်ပတ်လည် တရုတ်အမျိုးသား ကွန်ဂရက်မှာ ပြောကြားလိုက်ပြီးတော့ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှုနဲ့ ဗျူရိုကရေစီ ယန္တယား မကျစ်မလစ် ဖြစ်နေတာတွေကို ထိရောက် သွက်လက်မှုဖြစ်ပေါ်စေဖို့ကို လည်း ပြောလိုက်ပါတယ်၊ ဒီအကြောင်း ဗွီအိုအေသတင်းထောက် စတက်ဖနီ်ဟိုး ဘေဂျင်းမြို့တော် ကနေ သတင်းပို့ ထားတာကို ဦးရော်နီငြိမ်းက တင်ပြထားပါတယ်။

“ ဟုတ်ကဲ့ပါ၊ အခု တရုတ် အမျိုးသား ကွန်ဂရက် အစည်းအဝေးမှာ ဝန်ကြီးချုပ်ဝန်ကျားပေါင်ရဲ့ ပထမဦးဆုံးသော ပြောကြားမှုက လမ်းညွှန်မှုပါ၊ သူပြောသွားတာကတော့ (၂၀၀၈)ခုနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း (၈)ရာခိုင်နှုန်း ရရှိဖို့ကို စီမံကိန်း ချထားတယ်၊ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကို ၄.၈ ရာခိုင်နှုန်းထက်ပိုပြီး ဈေးတွေ မတက်ရအောင် သတ်မှတ်နိုငိဖို့ အစိုးရက လုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ် ဝန်ကျားပေါင်က ပြောပြသွားတာပါ၊ တရုတ်ပြည်မှာ မြေဈေး၊ အိမ်ဈေး၊ စားသောက်ကုန်ဈေး အားလုံးဟာ သိသိသာသာ တက်နေပြီးတော့ အဓိက စားသောက် ကုန်ဖြစ်တဲ့ ဝက်သားနဲ့ ကောက်ပဲသီးနှံဟာလည်း ရှားပါးပြတ်လတ်နေပြီး ဝယ်လိုအားက ရောင်းနိုင်အားထက် အဆမတန် များပြားနေပါတယ်၊ သာမန် ပြည်သူလူထုကြီးရဲ့ လူနေမှုဘဝကို မြှင့်တင်ဖို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ အငြိမ်းစား ပင်စင် စနစ် စတာတွေကို ပြုပြင ်ပြောင်လဲရေး အစိုးရက လုပ်ဆောင်လိုတဲ့ ဆန္ဒရှိတယ်လို့ ဝန်ကြီးချုပ်ဝန်ကျားပေါင်က ဆိုပါတယ်၊ နောက်ထပ် အစိုးရရဲ့ တာဝန်ကတော့ ဖေါင်းပွနေတဲ့ အစိုးရဝန်ကြီးဌါနတွေရဲ့ အရေအတွက်ကို လျှော့ပစ်ပြီး ဝန်ကြီးဌါန တခုစီကို ကြီးကြီးမားနဲ့ ထိထိရောက်ရောက် ပြင်ဆင် ဖွဲ့စည်းဖို့ပဲ ဖြစ်ပါတယ်၊ တရုတ်နိုင်ငံရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်တွေ တိုးတက်ဖို့ အတွက် ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချဖို့၊ စွမ်းအင်သုံးစွဲမှုလျှော့ချဖို့နဲ့ ခေတ်မမှီတော့ဘဲ ပတ်ဝန်းကျင် လေထု အကြီးအကျယ် ဖြစ်စေတဲ့ စက်ရုံတွေ ပိတ်ပစ်ဖို့ကို ဝန်ကြီးချုပ် ဝန်ကျားပေါင်က ဂတိပေးသွားပါတယ်၊

ပတ်ဝန်းကျင်ထိမ်းသိမ်းမှုဟာ တရုတ်နိုင်ငံရဲ့ အရေးပေါ်ဆောင်ရွက်ရမယ့် ကိစ္စရပ်ဖြစ်လာတာက တော့ တရုတ်ဟာ လာမယ့်အားကစားလ နွေရာသီအိုလံပစ်ပွဲတော်ရဲ့ အိမ်ရှင်နိုင်ငံဖြစ်နေလို့ပါ၊ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လေထု အညစ်ညမ်းဆုံး နိုင်ငံတွေ ထဲမှာပါဝင်နေပြီးတော့ အိုလံပစ်ပွဲမတိုင်ခင် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုတိုးတက်ရေးကို တရုတ်က အာမခံ ထားတာဖြစ်ပါတယ်၊ တိုင်ဝမ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဝန်ကျားပေါင် ပြောတာကတော့--

“ထိုင်ဝမ်က လွတ်လပ်ရေး ကြေငြာမှာကို တရုတ်က ဆက်လက် ကန့်ကွက်တယ်လို့ ပြောကြား သွားတာပါ၊ တိုင်ဝမ်ဟာ တရုတ်နိုင်ငံ ဗဟိုအစိုးရကို ပုန်ကန်ခြားနားနေတဲ့ ပြည်နယ်တခုအဖြစ်နဲ့ တရုတ်နိုင်ငံရဲ့ ပိုင်နက်တခုအဖြစ်သာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရတို့က တရားဝင် သတ်မှတ်ထားတာ ဖြစ်ပါတယ်၊ တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် လွှတ်တော်အစည်းအဝေးကို မတ်လ(၁၄)ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပြီးတော့ ဒီအစည်းအဝေးကနေ တရုတ်နိုင်ငံရဲ့ (၂၀၀၈- ၂၀၀၉) ခုနှစ် ရသုံး ဘဏ္ဍာရေး ခန်းမှန်းခြေ ငွေစာရင်းရေးဆွဲပြီး တရုတ်နိုင်ငံရဲ့ ခေါင်းဆောင် သစ်တွေကိုလည်း ရွေးချယ်သွားမှာ ဖြစ်ပါတယ်၊ တရုတ် သမ္မတဟူဂျင်းတောင်နဲ့
ဝန်ကြီးချုပ် ဝန်ကျားပေါင်တို့ကို ဒုတိယ(၅)နှစ်သက်တမ်းအတွက် သမ္မတနဲ့ ဝန်ကြီးချုပ်အဖြစ်နဲ့ ဆက်လက် တင်မြှောက်ဖို့ ဒီအစည်းအဝေးကနေ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်ခင်ဗျာ၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG