သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၉၀ ရွေးကောက်ပွဲ အန်အယ်လ်ဒီ တရားစွဲတာ စစ်အစိုးရပယ်ချ


၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ရွေးကောက်ပွဲရဲ့ ရလာဒ်ကို အခုအချိန်ထိ အကောင်အထည်ဖေါ်ဖို့ မြန်မာ စစ်အစိုးရ က တာဝန်ပျက်နေတယ် ဆိုပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၉)ရက်နေ့က NLD ပါတီဘက်ကနေ မြန်မာစစ်အစိုးရကို တရားရုံးချုပ်မှာ တရားစွဲဆိုခဲ့ပါတယ်၊

ဒါပေမယ့်လည်း တရားရုံးကနေ နာရီပိုင်းအတွင်းမှာပဲ NLD ရဲ့ စွဲဆိုချက်ကိုပယ်ချခဲ့ပါတယ်၊ ဒိကိစ္စနဲ့ ပတ်သက်ပြီး တော့ NLD က ဒီကနေ့ပဲ ကြေငြာချက်တစောင်ထုတ်ပြန်လိုက်ပြီးတော့ မြန်မာပြည်က တရားစီရင်မှု ရှိနေတာကို ထောက်ပြခဲ့ပါတယ်၊ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ကြီး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ မနက်ဖန်မှာ မြန်မာပြည်ကို ရောက်ရှိမလာလင်ဘဲ NLD ဘက်က ကြေငြာ ချက် ထွက်လာခဲ့တာပါ၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး NLD ပါတီက ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းကို ကျနော်ဆက်သွယ်မေးမြန်းထားပါတယ်၊ ဆရာရေ၊ ဆရာတို့ ဒီကနေ့ ကြေငြာချက် ထုတ်ရတဲ့အကြောင်းအရင်းကိုရှင်းပြပေးပါခင်ဗျ၊

“ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့က အစိုးရ အပေါ်မှာ တရားစွဲတယ်၊ စွဲဆိုလွှာကို ကျနော်တို့ တရားရုံးချုပ်မှာ ထပ်တင်ပါတယ်၊ ကိစ္စကတော့ (၉၀) ခုနှစ်က ရွှေးကောက်ပွဲလုပ်တယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့လည်း ကြေငြာပြီးပြီ၊ အဲဒီ အခြေအနေမှာ ရွေးကောက်ပွဲ ဥပဒေနဲ့ ကျနော်တို့ အမိန့်အမှတ် ၁/၉၀ အရ ပြည်သူ့လွှတ်တော်ခေါ်ယူပေးမယ်လို့ အစိုးရက ဂတိပေးထားတယ်၊ ကနေ့အထိ ဒီဂတိကို မတည်ဘူး၊ မတည်တဲ့အပြင်ကို ကျနော်တို့ တရားစွဲဖို့ အကြောင်း ပေါ်လာတာက ၁/၂၀၀၈နဲ့ ၂/ ၂၀၀၈ ကိုကြေငြာလာတဲ့အတွက် (၉၀)ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုံးဝ လျစ်လျှူရှုထားတယ်၊ ဒါကြောင့် ရွေးကောက်ပွဲမှာ အနိုင်ရ ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့ လွှတ်တော် ခေါ်ပေးရမယ့် တာဝန်ကို အစိုးရက မကျေပွန်တဲ့ အတွက် အဲဒီ မကျေပွန်တာကို တားမြစ်ပြီးတော့ ရွေးကောက်ပွဲ အနိုင်ရ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူ့ လွှတ်တော် ခေါ်ယူ ဖွဲ့စည်းပေးဖို့ ဆိုပြီးတော့ ကျနော်တို့ တရားစွဲတာပါ၊ တရားရုံးချုပ်မှာ တရားစွဲရတဲ့ အကြောင်းကတော့ ဒီကိစ္စဟာ တတိုင်းတပြည်လုံးနဲ့ဆိုင်တယ်၊ တတိုင်းတပြည်လုံးက မဲဆန္ဒရှင်တွေမှာ ကိုယ်ပေးခဲ့လိုက်တဲ့ မဲဆန္ဒအတိုင်းမဖြစ်ခဲ့တဲ့အခါမှာနစ်နာတယ်၊ ဒါကြောင့် ကျနော်တို့က နိုင်ငံတော်တရားရုံးချူပ်မှာ တရားစွဲရတာဖြစ်ပါတယ်၊ ”

ဘာကြောင့် တရားရုံးချုပ်က NLD ပါတီဘက်က တရားစွဲချက်ကို ပယ်ချလိုက်တာဖြစ်ပါလဲခင်ဗျ၊

“ ဘာကြောင့်လဲဆိုတော့ ဒါ သူတို့ပဲ သိမယ်လေ၊ ကျနော်တို့ရဲ့ လျှောက်လွှာကို တစ်နာရီခွဲလောက် လေ့လာပြီးတော့ လက်မခံနိုင်ကြောင်း ကျနော်တို့ကို ပယ်ပါတယ်၊ ပယ်တဲ့နေရာမှာ အကြောင်း ပြချက် လေးတခုတော့ ပြပါတယ်၊ အဲဒါကတော့ အမှုတန်ဖိုးအရ အောက်ရုံးတွေမှာ စွဲပါလို့ ပြောတယ်၊ ကျနော်တို့ရဲ့ အဆိုလွှာမှာ ဘာကြောင့် တရားရုံးချုပ်မှာ စွဲရလဲဆိုတာ တရားရုံးချုပ်မှာ ဒီစီရင် ပိုင်ခွင့်လည်း ရှိတယ်၊ ဒါ တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမို့ တရားရုံးချုပ်ကသာ ဒီစီရင် ပိုင်ခွင့်ကို ကျင့်သုံးနိုင်တယ် ဆိုပြီး ကျနော်တို့ ဒီလိုဖေါ်ပြတယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ အဆိုလွှာကို လက်မခံဘူး၊ ငြင်းခဲ့ပါတယ်၊ (၂၉)ရက်နေ့ကပဲ ပယ်တာပါ၊ ဒီကနေ့မှာ ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းတဲ့ ကြေငြာချက်ထုတ်ခဲ့ပါတယ်၊ ”

အခု အမှုကို တရားရုံးက ပယ်လိုက်တယ် ဆိုပေမယ့်လည်း အောက်ရုံးတွေနဲ့ ဆက်လုပ်ဖို့ ပြောထားတော့ အမှုပုံစံက ဘယ်လိုဖြစ်သွားပြီလဲခင်ဗျ၊

“ အောက်ရုံးတွေကို သွားလို့ မရပါဘူး၊ ဒါ သူတို့ကသာ ဒီလိုပြောမယ်၊ အောက်ရုံးဆိုတာ ခရိုင်ရုံးရှိမယ်၊ တိုင်းရုံးရှိမယ်၊ အဲဒါ တပြည်လုံး အတိုင်းအတာနဲ့ သူ့မှာ စီရင်ပိုင်ခွင့်မှ မရှိတာ၊ ဆိုတော့ ကျနော်တို့က အောက်ရုံးဆိုတာ လုံးဝ စီရင် ပိုင်ခွင့် မရှိဘူးလို့မြင်တယ်လေ၊ ”

အမှုက ရှေ့တိုးလို့လည်းမရ၊ နောက်ဆုတ်လို့လည်း မရ တန်းလန်းကြီးဖြစ်နေတာပေါ့ခင်ဗျ။

“ မဟုတ်ဘူး၊ အမှုကို လုံးဝလက်မခံတာပါ၊ ဆောင်ရွက်စရာမရှိဘူး၊ အမြင့်ဆုံးတရားရုံးက ကျနော်တို့ကို လုံးဝလက်မခံဘူးဆိုတော့၊ ”

ဆိုတော့ NLD ပါတီက ဒီအမှုကို ဘာတွေရှေ့ဆက်လုပ်ဖို့ရှိပါလဲခင်ဗျ၊

“ တရားစွဲဖို့ကိစ္စကလမ်းဆုံးနေပါတယ်၊ ဘာလုပ်မလဲဆိုတာ ကျနော်ခုနေပြောလို့မရသေးပါဘူး၊ ”

ဟုတ်ကဲ့၊ NLD ပါတီရဲ့ လျှောက်လဲချက်ကို တရားရုံးချုပ်က ပယ်ချလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော့ NLD ပါတီဘက်က ဘယ်လိုတုန့်ပြန်ပြောချင်ပါလဲခင်ဗျ၊

“ ဥပဒေနဲ့ အညီ တရားစွဲဆို လာတာကို လက်မခံတဲ့ အခြေအနေဟာ တရားဥပဒေစိုးမိုးရေး ဒီမှာရှိရဲ့လား အခြေနေမျိုးပေါ်ပေါက်နေတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်၊ ”

အဲဒါကတော့ NLD ပါတီ က ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကို ကျနော် ဆက်သွယ်မေးမြန်း ခဲ့တာပါခင်ဗျာ၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG