သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးလှုပ်ရှားသူ မြန်မာအမျိုးသမီးသုံးဦး ဟိုမိုဟိုမီနီဆုရ


မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားနေ
တဲ့အမျိုးသမီးသုံးဦးကို ချက်နိုင်ငံကနေပြီးတော့ People in need အဖွဲ့အစည်းက Homo Momini ဆုကို ချီးမြှင့်လိုက်တဲ့အတွက်ကြောင့် ကမ္ဘာကြီးရဲ့ အမှောင်ဘက်ခြမ်းက ဖိနှိပ်ခံ ပြည်သူတွေရဲ့ သတ္တိကို ထုတ်ပြတဲ့ဖြစ်တဲ့ အကြောင်းနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက် အားတခုဖြစ်စေတဲ့အကြောင်း ဆုရရှိတဲ့ အမျိုးသမီးတွေက ပြောလိုက်ပါတယ်၊ ဒီအကြောင်း ထိုင်း-မြန်မာ နယ်စပ်က ဗွီအိုအေသတင်းထောက် ဒေါ်အေးအေးမာက တင်ပြထားပါတယ်။

“ (၂၀၀၇)ခုနှစ်အတွက် ချက်သမ္မတနိုင်ငံ၊ people in need အဖွဲ့ကနေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုပေးတဲ့ Homo Momini ဆုကို မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး(၃)ဦး ရရှိသွားခဲ့ပါတယ်၊ သူတို့ကတော့ မနီလာသိန်း၊ မဖြူဖြူသင်း၊ မစုစုနွေးတို့ဖြစ်ပါတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေမှာ လှုပ်ရှားခဲ့တာကြောင့် ထောင်ဒဏ် (၁၀)နှစ် ကျခံရပြီး အခုလက်ရှိ စစ်အစိုးရရဲ့ဖမ်းဆီးမှုတွေကြောင့် တိမ်းရှောင်နေရတဲ့ မနီလာသိန်းကတော့ ဒီဆုရတဲ့အပေါ်မှာ အလုလိုပြောသွားပါတယ်၊

“ ကျမတို့ နိုင်ငံမှာ လူ့အခွင့်အရေး ဆုံးရုှုံးမှုတွေ၊ လူသားချင်းစာနာမှု ကင်းမဲ့နေတဲ့ ပြည်သူ လူထုတွေ၊ ရဟန်းသံဃာ ပြည်သူ အပေါင်း စွန့်လွှတ် ပေးဆပ်မှုကို ဂုဏ်ပြုပြီး ပေးတယ်လို့ ကျမ ယူဆပါတယ်၊ ဒီဆုကို ကျမတို့ နိုင်ငံရဲ့ အရေးကို ဆောင်ရွက်နေတဲ့ ရဟန်း သံဃာတွေ အားလုံးကို ကျမတို့ နိုင်ငံမှာရှိတဲ့ စစ်အာဏာရှင်တွေက အသိအမှတ် မပြုပေမယ့် တခြားနိုင်ငံတွေမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေက စာနာထောက်ထားပြီးတော့ ဒီဆုကိုပေးတဲ့အတွက် ကျမ အထူး ကျေးဇူးတင်ပါတယ်ရှင်၊ ”

မြန်မာနိုင်ငံက HIV/ AIDS ဝေဒနာရှင်တွေအတွက် ကျန်းမာရေးပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ရင်း ဆေးဝါး ကုသနိုင်ဖို့အတွက် ကြိုပမ်း လုပ်ဆောင်ခဲ့တဲ့ မဖြုဖြူသင်းဟာလည်း စက်တင်ဘာ လှုပ်ရှားမှုကြီးအပြီးမှာ စစ်အစိုးရဲ့ လိုက်လံ ဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေရပါတယ်၊ သူမကလည်း အခုလိုပြောသွားပါတယ်၊

“ ဒီဆုကို ပေးလိုက်တယ် ဆိုကတည်းကလေ ကျမတို့ မြန်မာပြည်မှာ လူ့အခွင့်အရေးရော၊ ဒီမိုကရေစီအရေးရော ဆုံးရှုံး နေတာ ဆိုတာပေါ့နော်၊ ဟိုး ရှေး တော်တော်ကြာကြာကတည်းက ကျမတို့ ကြိုးစား လာခဲ့ကြတာပေါ့နော်၊ လွတ်လပ်ရေးအတွက်ရော၊ ဒီမိုကရေစီအတွက်ပေါ့နော်၊ အဲဒီအတွက်ကို၊ ကြိုးပမ်းလာတဲ့ လူတွေအတွက်ကို ရည်စူးပြီးတော့ ပေးတယ်လို့ ကျမ ခံယူတယ် လေ၊ အခု(၃)ယောက်ကို ပေးတယ်ပေါ့လေ၊ ဒီ(၃)ယောက်ကို ပေးတယ်လို့လည်း ကျမ မခံယူဘူး၊ အဓိကကတော့ ဒီစက်တင်ဘာမှာ ဖြစ်သွားတဲ့ ကိစ္စပေါ့နော်၊ ဒီမိုကရေစီရေးရယ်၊ လူ့အခွင့်အရေး ရယ်၊ လွတ်လပ်ရေးအတွက်ကို ရဟန်း သံဃာတွေရော ၊ ကျောင်းသား ပြည်သူလူထုတွေရော သူတို့ အသက်စွန့်ပြီး ကြိုးပမ်းခဲ့ကြတယ်၊ အဲလို လူတွေ အားလုံးအတွက်၊ ရဟန်းသံဃာတွေ၊ အဖမ်းဆီး နှိပ်စက်ခံပြီး လုပ်ထားသူတွေ အတွက် ရည်ရွယ် ပြီးပေးတာလို့လည်း ကျမအနေနဲ့ ခံယူတယ်လေ၊”

ဒီဆုကို ရရှိတဲ့ အချိန်မှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရတဲ့အောကာင်းကိုလည်း မနီလာသိန်းက ပြောပြခဲ့ရာမှာ ---

“ ကျမ ဒီဆုကို ရတယ်လို့ ကြားသိရတဲ့ အချိန်မှာ ကျမထောင်ထဲမှာရှိတဲ့ ကျမရဲ့ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ကျမရဲ့ရဲဘော်တွေ၊ လမ်းမပေါ်မှာ သွေးခင်းသွးတဲ့ ရဟန်းသံဃာ၊ ကျောင်းသား ပြည်သူတွေ အားလုံးကို သတိရပြီး ကျမအရမ်းဝမ်းနည်းမိပါတယ်၊ ”

မဖြူဖြူသင်းကတော့ ဒီဆုအတွက် မြန်မာပြည်သူတွေအတွက် အားတခုဆိုပြီး အခုလိုပြောပါတယ်၊

“ ဒီဆုကိုပေးတဲ့ ချက်သမ္မတ နိုင်ငံကိုရော အားလုံး ကျေးဇူးတင်တယ်ပေါ့နော်၊ နောက်ပြီး ဒီဆုကို ရွေးချယ်ပေးတဲ့ ရွေးချယ်ရေးအဖွဲ့ကိုလည်း ကျမအနေနဲ့ အထူပဲကျေးဇူးတင်တယ်၊ ကျမတို့နိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး အားလုံးပဲဆိတ်သုန်းနေတယ်၊ အဲလိုဆိတ်သုန်းနေတဲ့နိုင်ငံအပေါ်မှာ မြန်မာပြည်သူလူထုတွေအတွက် ဒီဆုကိုပေးအပ်လိုက်တာဟာ ကျမတို့အတွက် အားကိုး ဖြစ်စေပါတယ်၊ “

ဒီအထဲက အမျိုးသမီးတဦးဖြစ်တဲ့ မစုစုနွေးကတော့ အင်းစိန်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်း ခံထားရပါတယ်၊ သူမကတော့ အဓမ္မလုပ်အား ခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး ILO ကိုတိုင်ကြားခဲ့တဲ့ လူ့အခွင့်ရေး လှုပ်ရှားသူတဦးလည်းဖြစ်ပါတယ်၊ ဒီအမျိုးသမီး(၃)ဦးစလုံးရဲ့ ကိုယ်စား ရရှိခဲ့ဆုကိုတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက နိုင်ငံရေး အကျဉ်းသူဟောင်း မလဲ့လဲ့နွယ်ကနေ ရယူသွားမှာဖြစ်ပါတယ်၊ ဒီဆုဟာ (၂၀၀၀)ခုနှစ်က ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ပေးအပ်ခဲ့တဲ့ ဆုလည်း ဖြစ်ပါတယ်၊ ဒီဆုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသူတွေ။ နိုင်ငံရေး ပဋိပက္ခတွေမှာ တစိုက်မတ်မတ် ရင်ဆိုင်ဖြေရှင်းနေသူတွေကို ချီးမြှင့်တဲ့ ဆုလည်းဖြစ်ပါတယ်။

XS
SM
MD
LG