ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာပြည်
ခရီးစဉ် စတင်လိုက်တဲ့အချိန်မှာပဲ မြန်မာစစ်
အစိုးရ အာဏာပိုင်တွေကလည်း ရန်ကုန်မြို့
အနှံ့ လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ပါ
တယ်။ လုံခြုံရေးတိုးမြှင့်ချထားတဲ့အကြောင်း အာဏာပိုင်တွေဘက်က တစုံတရာ ပြောဆို
တာမရှိပေမယ့် ဒါဟာ ကုလသမဂ္ဂ အထူး
ကိုယ်စားလှယ် ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်မှုအဖြစ်လည်း တွက်ဆပြောဆိုနေ
ကြတာပါ။ အကြောင်းစုံကို ရန်ကုန်မြို့ခံတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး
က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာ
ဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ရောက်လာတဲ့ ဒီကနေ့မှာပဲ ရန်ကုန်မြို့အနှံ့မှာ လုံခြုံရေးအစောင့်အကြပ်တွေ ထူထူထဲထဲချထားတာကို ထူးထူးခြားခြား တွေ့မြင်ကြရ
တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြကြတာပါ။ ရန်ကုန်မြို့က အတိုက်အခံ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ရုံးချုပ်အနီးတဝိုက်၊ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရာ တက္ကသိုလ်
ရိပ်သာလမ်းတဝိုက်အပြင် ရန်ကုန်မြို့က လမ်းဆုံလမ်းခွတွေ၊ ဘာသာရေးအထွတ်
အမြတ် နေရာတွေဖြစ်တဲ့ ဘုရားတွေ၊ ဗလီဝတ်ကျောင်းတွေမှာလည်းပဲ လုံခြုံရေးတွေ
ကို တင်းတင်းကျပ်ကျပ်ချထားတာလို့ ဆိုပါတယ်။ ဒီလို လုံခြုံရေးအစောင့်အကြပ်တွေ
နေရာအနှံ့ ဖြန့်ကြက်ချထားတာဟာဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက သံဃာ
တော်တွေရဲ့ မေတ္တာပို့ကြွချီ ဆန္ဒပြပွဲကာလများလားလို့တောင် ထင်ရတယ်လို့ မြို့ခံတွေ
က ပြောနေကြတာပါ။
“ဒီနေ့ ရန်ကုန်မြို့မှာ လုံခြုံရေးချထားတဲ့ အခြေအနေက တော်တော်လေး ထူပြောတယ်။ ရန်ကုန်မြို့ နေရာတော်တော်များများက စက်တင်ဘာအရေးအခင်း ပြန်ဖြစ်နေတဲ့ပုံစံမျိုးတောင် ထင်ရတာ။ ဓာတ်တိုင် နှစ်တိုင်သုံးတိုင်မှာ တစုလောက်၊ နှစ်ယောက် သုံးယောက်လောက်၊ တော်တော်များများကို ချထားတာတွေ့တယ်။ အဓိကက မြို့ထဲလမ်းမတွေရော၊ ကမာရွတ်ဘက်တွေရော၊ တက္ကသိုလ်ရိပ်သာလမ်း ပတ်ဝန်းကျင်နားမှာ၊ အဲဒီဘက်မှာ ပိုများတယ်။ ဗလီတော်တော်များများမှာလည်း ချထားတာတွေ့ရတယ်။”
အခုလို လုံခြုံရေးတိုးမြှင့်ချထားလိုက်တာဟာ မြန်မာ့အရေးကြားဝင်ဆောင်ရွက်ပေးဖို့
ကြိုးပမ်းနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စက်တင်ဘာသံဃာတော်တွေရဲ့
လှုပ်ရှားမှုအပြီး တတိယမြောက် မြန်မာပြည်ခရီးစဉ်အဖြစ် ရောက်လာတဲ့အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ်လည်း ရန်ကုန်မြို့ခံတွေက တွက်ဆနေကြတာပါ။
“မနေ့ညက ကားတွေဝင်ပြီး လုံခြုံရေးတွေ တော်တော်ချထားတာ။ မစ္စတာဂမ်ဘာရီ
လာမယ့်ကိစ္စကို အကြောင်းပြတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် လာမှာမို့လို့ လုံခြုံရေးတိုးမြှင့်တယ်ဆိုပြီး ပြောတယ်။”
ဒီလို လုံခြုံရေး ရုတ်တရက်တိုးမြှင့်ချထားလိုက်တဲ့အထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ
သာမက မြန်မာစစ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ အရပ်သားအဖွဲ့
အစည်းတွေဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ စွမ်းအားရှင်အဖွဲ့ဝင်တွေကို
ပါ တွေ့မြင်ရတယ်လို့လည်း မြို့ခံတွေကဆိုပါတယ်။
“ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့ သူတို့ အသင်းအဖွဲ့ဝင် တော်တော်များများကို ဒိုင်နာ
ကားတွေ နှစ်စီးသုံးစီးနဲ့ အစုလိုက် ရန်ကုန်မြို့အနှံ့မှာ ချထားတယ်။ နောက် သူတို့ရဲ့ လုံထိန်းတပ်ဖွဲ့တွေရော။ အဲဒါတွေကလည်း လည်ပတ်အနီတွေနဲ့ ရန်ကုန်မြို့အနှံ့ပဲ။ စစ်ကားတွေကတော့ ပန်းခြံတို့၊ မြို့တော်ခန်းမတို့ အဲလို ခြံနဲ့ဝန်းနဲ့ရှိတဲ့နေရာမျိုးတွေမှာ ထိုးထားတယ်။ အဆင်သင့်ချထားတဲ့ ပုံစံမျိုးလိုပေါ့။”
ရန်ကုန်မြို့မှာ လက်နက်ကိုင်ရော၊ လက်နက်မကိုင်တဲ့ လုံခြုံရေးတွေပါ တိုးမြှင့်ချထား
တဲ့အကြောင်း မြို့ခံတွေက ပြောပြသွားခဲ့ကြတာပါ။ ဒီလို လုံခြုံရေးတွေ တိုးမြှင့်ချထား တာတွေမလုပ်ခင် ရက်ပိုင်းအတွင်းကပဲ ရန်ကုန်မြို့က နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးလည်းဖြစ်၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
အပါအဝင် ပြည်ပဧည့်သည်တော်တွေ သွားရောက်လေ့ရှိတဲ့ ဧည့်ဂေဟာနဲ့လည်းနီးတဲ့
နေအိမ်မှာ လူ ၅ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်လည်း လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေကလည်း ထွက်ပေါ်
နေခဲ့တာပါ။