အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့အတွက် သဘောတူညီခဲ့ကြပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က ပြောကြားခဲ့ပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသမှာ တင်းမာမှုတွေ လျော့နည်းလာနေချိန်နဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ပြီးတော့ လုပ်နေချိန်မျိုးမှာ အခုလို ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် ဂျင် တီဘဲလ် သတင်းပေးပို့လာတဲ့အကြောင်းကို ဦးကျော်ဇောညွှန့်က တင်ပြပေးပါတယ်။
ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်ဟာ အီဂျစ် အစ္စရေးနဲ့ အနောက်ဖက် ကမ်းမြှောင်ဒေသကို နှစ်ရက်ကြာ သွားရောက်ပြီး သံတမန်နည်းနဲ့ အပတ်တကုတ်ကြိုးစားခဲ့ရာမှာ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်ဆီက အစ္စရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စဖို့ ခံဝန်ချက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေးတောင်ပိုင်းကို ဒုံးကျည်တွေနဲ့ ပြစ်ခတ်နေတာကို အစ္စရေး တပ်တွေက ဂါဇာဒေသအတွင်း စစ်ဆင်ခဲ့ရာမှာ ပါလက်စတိုင်း (၁၂၀)ကျော် ဆုံးရှုံးပြီးတဲ့နောက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တနင်္ဂနွေနေ့က မစ္စတာ အာဘတ်စ်က ်ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။ ဂါဇာဒေသမှာ အပြစ်အခတ်ရပ်စဲရေး ရရင် သူဟာ စေ့စပ်ဆွေးနွေးမှုကို ပြန်မစဘူးလို့ ဗုဒ္ဓဟူးနေ့က မစ္စတာ အာဘတ်စ်က အစက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်း သမ္မတရဲ့ စိတ်ကို ပြောင်းအောင် သူ ကြိုးစားခဲ့တယ်လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ရိုက်စ်က ပြောကြားပါတယ်။
“သမ္မတ အာဘတ်စ်နဲ့ ကျမစကားပြောပြီးပါပြီ။ သူက တည်ငြိမ်မှုရှိတာကို မြင်တွေ့ချင်ပုံရတာ ထင်ရှားပါတယ်။ အပြစ်အခတ်ရပ်စဲရေးအတွက် သူ့မှာ ရှိတဲ့ဆန္ဒကိုလည်း အများသိအောင် သူထုတ်ဖော် ပြောကြားခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒါဟာ ဆွေးနွေးပွဲတွေ ပြန်စဖို့ သတ်မှတ်ချက်တရပ်တော့ မဟုတ်သေးပါဘူး။ ”
သမ္မတ အာဘတ်စ်ရဲ့ ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါလက်စတိုင်းတွေဟာ စေ့စပ်ဆွေးနွေးပွဲ ဆီသို့ ပြန်လာမယ့်အကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ မဟာဗျူဟာနည်းကျတဲ့ ရွေးချယ်မှုတခု ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဝန်ကြီးရိုက်စ်က သူဟာ အရှေ့အလယ်ပိုင်းဒေသက အခု ထွက်ခွာ သွားပြီဖြစ်ပေမယ့် ပြဿနာကို ပြီးဆုံးတဲ့အထိ အမေရိကန်ရဲ့ သံတမန်ကြိုးပမ်းမှုဟာ ဆက်လက် လုပ်ကိုင်းသွားမယ့်အကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဝက်ချ်က ဂါဇာက တင်းမာမှုတွေ လျော့ချဖို့အတွက် အီဂျစ် တာဝန်ခံအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် အကြောင်း ပြောကြားပါတယ်။ တင်းမာမှုလျော့ကျဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဂါဇာမှာ ရှိတဲ့ ဟာမတ်စ်နဲ့ တခြားပါလက်စတိုင်းစစ်သွေးကြွတွေဟာ အစ္စရေး တောင်ပိုင်းဒေသကို ဒုံးကျည်တွေနဲ့ လှမ်းပစ်ခြင်းက ရပ်တန့် ပေးဖို့ပဲဖြစ်တယ်လို့ ဝန်ကြီးရိုက်စ်က ဆက်လက်ပြောကြားပါတယ်။
“အစ္စရေးကို ဒုံးကျည်နဲ့ ပြစ်ခတ်နေတာတွေ ရပ်တန့်သင့်ပါပြီ။ ကျမပြောခဲ့သလိုပါပဲ။ အစ္စရေးဟာ သူ့ကိုသူ ခုခံကာကွယ်တဲ့ နေရာမှာ နှစ်ဖက်တိုက်ပွဲအကြား ပိတ်မိပြီး အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် အစ္စရေးဟာ အထူးသတိချပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ဂါဇာကမ်းမြှောင်ဒေသက လူသားချင်း စာနာမှု အခြေအနေတွေကိုလည်း အစ္စရေးက အထူးသတိထား ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီ အတိုင်းဆိုရင် ရှေ့ဆက်ဖို့ လမ်းကြောင်းတွေ ပေါ်နေပါပြီ။”
ဂါဇာဒေသ တင်းမာမှုတွေ သိသိသာသာပဲ ကျဆင်းသွားပါတယ်။ ပြဿနာ စတင်ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေး က ဂါဇာကနေ အစ္စရေး နယ်မြေထဲကို လာရောက်ပြီး ဆေးဝါးကုသဖို့ရန်အတွက် ပါလက်စတိုင်း (၂၅)ယောက်လောက်ကို ဝင်ခွင့်ပေးခဲ့ပါတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးများ သယ်ဆောင်လာတဲ့ ဒရပ်ကား (၇၀)လောက်ကိုလည်း ဂါဇာထဲကို အစ္စရေးက ဝင်ခွင့်ပေးခဲ့ပါတယ်။ တချို့ ဒရပ်ကားတွေဟာ အီဂျစ်ဖက်က လာရောက်တာ ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ပါလက်စတိုင်းတွေရဲ့ အစ္စရေး အပေါ် ဒုံးကျည်တိုက်ခိုက်မှုဟာ ဗုဒ္ဓဟူးနေ့က သိသိသာသာ ကျဆင်းသွားတယ်လို့ သိရကြောင်းပါ။