မြန်မာနိုင်ငံအတွင်းက အဓမ္မလုပ်အားပေး
ခိုင်းစေမှု အခြေအနေတွေနဲ့ပတ်သက်လို့
ဂျနီဗာမှာ ကျင်းပနေတဲ့ အိုင်အယ်လ်အို
အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ ဆွေးနွေး
ကြမယ်လို့ အိုင်အယ်လ်အိုက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အိုင်အယ်လ်အို
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်
ကြီးရဲ့ အုပ်ချုပ်ရေးအဖွဲ့ ၃၁ ကြိမ်မြောက်
အစည်းအဝေးကို မနေ့က ဂျနီဗာမှာ စပြီး
ကျင်းပပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက ဆက်ပြီး ပြောပြပါလိမ့်မယ်။
အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ အုပ်ချုပ်ရေးအဖွဲ့
၃၁ ကြိမ်မြောက် အစည်းအဝေးကို ဂျနီဗာမှာ မတ်လ ၂၀ ရက်နေ့အထိ နှစ်ပတ်ကြာ
ကျင်းပဖို့ စီစဉ်ထားတာပါ။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်ကပဲ အိုင်အယ်လ်အို
အဖွဲ့ကြီးက မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး မြန်မာနိုင်ငံအတွင်း အဓမ္မ စေခိုင်းမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ အခု ဒီ အုပ်ချုပ်ရေးအဖွဲ့ အစည်း
အဝေးမှာ မြန်မာနိုင်ငံကို အိုင်အယ်လ်အိုကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တဲ့ကိစ္စကို ထည့်သွင်းဆွေးနွေးမယ်လို့ အိုင်အယ်လ်အိုအဖွဲ့ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါ
တယ်။ မြန်မာနိုင်ငံခရီးစဉ်ကို ဦးဆောင်သွားခဲ့တဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့
ချုပ်က အမှုဆောင်ညွှန်ကြားရေးမှူး ကာရီ တာပီယိုးလား (Kari Tapiola) က အခုလို
ပြောပြပါတယ်။
“မတ်လ ၁၉ ရက် ဒါမှမဟုတ် ၂၀ ရက်လောက်မှာ မြန်မာနိုင်ငံကိစ္စကို အုပ်ချုပ်ရေးအဖွဲ့
အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးဖို့ စီစဉ်ထားတာပါ။ ကျနော် မြန်မာနိုင်ငံကို
သွားခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အစီရင်ခံစာကို အပြီးသတ် မတင်ပြရသေးပါဘူး။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို တိုင်ကြားနိုင်ခွင့်
စစ်အစိုးရနဲ့ အိုင်အယ်လ်အိုအကြား သဘောတူညီထားတာတွေကို နောက်ထပ်တနှစ် သက်တမ်းတိုးနိုင်ခဲ့ပါတယ်။”
မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားတာတွေမလုပ်အောင် အာဏာပိုင်တွေဘက် ခြိမ်းခြောက်မှုတွေ ရှိနေတယ်
ဆိုတဲ့ ကိစ္စတွေကို အိုအယ်လ်အိုဘက်က ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်
မေလအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်စင်တာမှာ
ဟောပြောပွဲ ကျင်းပခဲ့တဲ့အချိန်က ဖမ်းဆီးခံထားရတဲ့သူတွေရဲ့အမှုဟာ တရားမျှတမှု
မရှိဘူးဆိုပြီး အိုင်အယ်လ်အိုအနေနဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိတဲ့အတွက်
ဒီကိစ္စကို မြန်မာစစ်အစိုးရကို တင်ပြခဲ့ပါတယ်။
အခုကျင်းပမယ့် အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကနေ နိုင်ငံတချို့မှာ
ရှိတဲ့ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမားတွေအရေး
ကိစ္စနဲ့ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ တိုက်ဖျက်ရေးကိစ္စတွေကို ဆွေးနွေး
မယ်လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ လွတ်လပ်စွာ စည်းရုံးခွင့်နဲ့ စုပေါင်း
ညှိနှိုင်းမှုဆိုင်ရာ သဘောတူညီချက်၊ ကလေးအလုပ်သမားနဲ့ ခွဲခြားဆက်ဆံမှု
တိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်မရေးထိုးရသေးတဲ့နိုင်ငံ
တွေ ရှိနေပါတယ်။ ဒီနိုင်ငံတွေအတွင်း တိုးတက်မှုတွေကိုလည်း အခုကျင်းပမယ့်
အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကနေ သုံးသပ်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။