သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေက လိုလား


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီရဲ့ လက်ရှိ ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ အချက်တွေနဲ့ သွေဖီနေတယ်လို့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားတွေက
ဝေဖန်လိုက်ပါတယ်။

မစ္စတာဂမ်ဘာရီဟာ ဒီကနေ့ ဒုတိယနေ့ ခရီးစဉ်အဖြစ်နဲ့ စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး၊ ဆန္ဒခံယူပွဲ ကော်မရှင်ဥက္ကဌတို့ နဲ့ ဒီကနေ့ပဲ တွေဆုံခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီရဲ့ ဒုတိယနေ့ ခရီးစဉ်နဲ့ တိုင်းရင်းသားတွေရဲ့ ဝေဖန်ချက်တွေကို မေးမြန်းထားသမျှ ဦးသားညွှန့်ဦးက အစီရင်ခံထားပါတယ်။

ဒီကနေ့ မစ္စတာဂမ်ဘာရီရဲ့ ဒုတိယမြောက်နေ့ ခရီးစဉ်အဖြစ်နဲ့ စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနဲ့ သူ ၂ နာရီကြာ တွေ့ဆုံခဲ့သလိုပဲ ဆန္ဒခံယူပွဲ ကော်မရှင်ဥက္ကဌ ဦးအောင်တိုးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိတယ် ဆိုပြီးတော့ အာဏာပိုင်တွေက သူ့ကိုလာပြောတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးလွင်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

သူတို့ ဘာပြောမလဲဆိုတာတော့ အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားပါတီတွေကလည်း မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ တွေ့ဆုံခွင့်ရဖို့တော့ မမျှော်လင့်ထားဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်က အခုလို ပြောပြပါတယ်။

“အထူးသဖြင့်ပေါ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို ပေးမတွေ့စေချင်ဘူး ဆိုတာက အဲန်ကယ်လ်တို့ ပြောမယ့် ဆိုမယ့် အချက်အလက်တွေကို ဂမ်ဘာရီကို မသိစေချင်ဘူးပေါ့၊ အဲဒီဟာကို အကြောင်းပြတဲ့အနေနဲ့ ဒီပါတီတွေဟာ ဖျက်သိမ်းခံထားရတဲ့ ပါတီတွေဖြစ်တယ်လို့ အကြောင်းပြကောင်း ပြနိုင်တယ်လို့ပဲ အဲန်ကယ်လ်တို့ဖက်က ယူဆပါတယ်။"

ဒီနေ့ ဆွေးနွေးဖြစ်တယ် ဆိုတော့ မစ္စတာဂမ်ဘာရီနဲ့ တွေ့ရင် ဘာတွေများ အဲန်ကယ်လ်တို့ဖက်က ဘာတွေများ ပြောဖို့ဆိုဖို့ ဆုံးဖြတ်ထားကြလဲခင်ဗျ။ -

“အဓိက ပြောချင်တာကတော့ ၁/၂၀၀၈။ ၂/၂၀၀၈ နိုင်ငံတော်အစိုးရရဲ့ Road Map ရဲ့ လုပ်ငန်းစဉ်ပေါ့နော်၊ ဒါတွေကိုသွားမယ့်အစား တကယ်တော့ လုပ်ဆောင်ရမယ့် အလုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို တိုင်းပြည်အတွက် အကျိုးရှိအောင်၊ ပြည်သူတွေ အတွက် အကျိုးရှိအောင် တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး အဆင့်ကို ကူးပြောင်းဖို့၊ အဲဒီကနေတဆင့် ယုံကြည်မှုကို တည်ဆောက်ဖို့၊ နောက်တဆင့်မှာ တိုင်းရင်းသားတွေပါ ပါတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်အောင် ဂမ်ဘာရီအနေနဲ့ တိုက်တွန်းဖို့ လိုမယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်အောင်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖြစ်မြောက်အောင်အတွက် ဂမ်ဘာရီမှာဆောင်ရွက်ရမယ့် တာဝန် ပါလာတယ်လေ၊ အဲဒီတော့ ဂမ်ဘာရီအနေနဲ့ ဒီတာဝန်ကိုပဲဆောင်ရွက်ဖို့ ကျနော်တို့ တိုင်းရင်းသားတွေက တိုက်တွန်းမယ။”

ဟုတ်ကဲ့၊ ဒါပေမယ့် မစ္စတာဂမ်ဘာရီက ဒီမလာခင်တုန်းက သူပြောနေတဲ့ ဆိုနေတဲ့အထဲမှာ ဒီအခု စစ်အစိုးရက သတ်မှတ်ကြေညာထားတဲ့ ဆန္ဒခံယူပွဲတွေ လုပ်မယ်၊ ရွေးကောက်ပွဲတွေ လုပ်မယ် ဆိုတာကို အပြုသဘောဖြစ်တယ် ဆိုပြီးတော့ ပြောသွားတာတွေ ရှိပါတယ်အဲန်ကယ်လ်၊ အဲဒီတော့ အဲန်ကယ်လ်တို့ တင်ပြတာကကော ဖြစ်နိုင်ပါ့မလား။ -

“ဒါကတော့ အဲန်ကယ်လ်တို့က ဒါကို အပြုသဘောလို့ မယူဆဘူးလေ၊ ဘာကြောင့်လဲဆိုရင် အခုရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဒီမိုကရေစီလမ်းကြောင်း ပေါ်ကိုသွားဖို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး၊ ပြီးတော့ တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖေါ်ဆောင်ပေးမယ့် ဖွဲ့စည်းပုံလည်း မဟုတ်ဘူး၊ ဒီဖွဲ့စည်းပုံကို အတည်ပြုမယ့် ဒီ Referendum ဟာ အပြုသဘော ဆောင်တဲ့ လုပ်ငန်းစဉ်လို့ အဲန်ကယ်လ်တို့ တိုင်းရင်းသားပါတီတွေ အနေနဲ့ မယူဆဘူး။”

ဟုတ်ကဲ့ခင်ဗျ၊ ဒါပေမယ့် အခုကြားကနေ ဝင်ညှိပြောမယ့် ယူအဲန် က ကိုယ်စားလှယ်ကိုယ်တိုင်က ပြောလာတဲ့အပေါ်မှာရော အဲန်ကယ်လ်တို့က ဘယ်လို သဘောရလဲ။ -

“အဲဒါကိုပဲ အဲန်ကယ်လ်တို့က ပြောချင်တာ၊ တကယ်တော့ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေ၊ အထူးသဖြင့် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တွေကိုပဲ အကောင်အထည်ပေါ်အောင် ဆောင်ရွက်ဖို့ တာဝန်ရှိတယ်၊ ဒါတွေကို မဆောင်ရွက်နိုင်ဘူးဆိုရင် ဘာကြောင့် မဆောင်ရွက်နိုင်ဘူး ဆိုတာကို လုံခြုံရေးကောင်စီကို သူအစီရင်ခံစာ တင်ရမယ်။”

အခု မစ္စတာဂမ်ဘာရီလာတဲ့ ခရီးစဉ်ကလည်း အင်မတန်ပဲ ရက်တိုတောင်းပါတယ်။ အဲန်ကယ်လ်တို့လည်း မတွေ့ရသေးဘူးဆိုတော့ သူ့ခရီးစဉ်က တစုံတရာ အောင်မြင်မှုရတဲ့ ခရီးစဉ်လို့ အဲန်ကယ်လ်တို့ မျှော်လင့်ရလား။ -

“အဲန်ကယ်လ်တို့က နဂိုကတည်းက မျှော်လင့်မထားဘူး၊ ဘာကြောင့် မမျှော်လင့်လဲ ဆိုတော့ ဂမ်ဘာရီအနေနဲ့ပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂအနေနဲ့ပဲဖြစ်ဖြစ် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ တိုက်တွန်းချက်တွေကို လက်ရှိအာဏာပိုင်တွေက ဂရုမစိုက်ဘဲနဲ့ သူတို့သွားမယ့် လုပ်ငန်းစဉ်တွေကိုပဲ ဆောင်ရွက်နေတာကိုး။”

ဒါကတော့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင် ပြောခဲ့တာပါ။ မစ္စတာဂမ်ဘာရီအနေနဲ့ ဒီကနေ့ဆိုရင် ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့၊ နောက် ဆန္ဒခံယူပွဲကော်မရှင် ဥက္ကဌ ဦးအောင်တိုးနဲ့ တွေ့ခဲ့သလိုပဲ အခြား မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့စဉ်မှာ ဘာတွေ ပြောဆိုခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ်ကို ကုလသမဂ္ဂဖက်ကရော မြန်မာအစိုးရဖက်ကပါ ထုတ်ပြန် ပြောဆိုမှုတွေ မရှိသေးပါဘူး။ ဒါပေမယ့်လို့ မြန်မာအစိုးရက မကြာခင်က ထုတ်ပြန်ထားတဲ့ ဖွဲ့စည်းပုံဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖြစ်ဖို့များတယ်လို့ အများက သုံးသပ်ပါတယ်။

မစ္စတာဂမ်ဘာရီကလည်းပဲ သူ့အနေနဲ့ မြန်မာနိုင်ငံကို ရောက်လို့ရှိရင် အခုစစ်အစိုးရက ကြေညာထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေကို ပါဝင် ပတ်သက်ခွင့်ပြုဖို့ ဖျောင်းဖျပြောဆိုမယ်လို့လည်း ဆိုထားပါတယ်။ ဒါကြောင့်မိုလို့လည်း အခုလိုမျိုး တိုင်းရင်းသား ခေါင်းဆောင်တွေကနေပြီးတော့ မစ္စတာဂမ်ဘာရီရဲ့ အခုစစ်အစိုးရ လမ်းပြမြေပုံ အပေါ်မှာ အခုလက်ရှိ ဆောင်ရွက်နေတာတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ သူ့ကို တာဝန်ပေးထားတာတွေနဲ့ ကွဲလွဲနေတယ်လို့ ဝေဖန်ခဲ့ကြတာလို့ ပြောရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG