မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ ဟာ မတ်လ၆ရက်နေ့က မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ နိုင်ငံခြားရေး ဝန်ကြီး ဦးညဏ်ဝင်းနဲ့ တွေ့ဆုံခဲ့သလို ရန်ကုန်မှာ ရှိတဲ့ နိုင်ငံခြားသံတမန်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့မှာတော့ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ဆန်းနဲ့ တွေ့ဆုံခဲ့ပြီး ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးအောင်တိုးနဲ့ အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မတ်လ ၈ရက်နေ့မှာ NLDပါတီက ဗဟိုကော်မတီဝင် ငါးဦးနဲ့ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံမယ်လို့ NLDပါတီကပြောပါတယ်။
တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေအတိုင်း မြန်မာပြည် အပြောင်းလဲမှာ မြန်မာ့ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်ဖို့ တိုက်တွန်းထားပေမယ့်လည်း လက်တွေ့မှာ ဖြစ်မလာတဲ့ အပြင် မစ္စတာဂမ်ဘာရီနဲ့လည်း ပြည်သူတွေက ရွေးချယ်ထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်မရတဲ့အပေါ်မကျေနပ် ကြောင်းဝေဖန်ပြောဆို နေပါတယ်။
အခု ခရီးစဉ် မတိုင်မှီက မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဂျပန် နိုင်ငံတွေဆီကို သွားပြီး အစိုးရခေါင်း ဆောင်ပိုင်းနဲ့ တွေ့ဆုံကာ မြန်မာပြည်ဒီမိုကရေစီ ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါသေးတယ်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ခိုမူရာနဲ့ တွေ့ဆုံပြီး သတင်းသမားတွေကိုပြောခဲ့တာက
“မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီနေရာမှာ အင်ဒို နီးရှားရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဒိုနီးရှားမှာလည်း အလားတူ အပြောင်းအလဲ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ အဲဒါကြောင့် အင်ဒိုနီးရှားကို မြန်မာစစ်အစိုးရနဲ့ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်စေချင်ပါတယ်။ လက်ရှိအင်ဒိုနီးရှားသမ္မတ ယိုဟိုယိုနိုဟာလည်း စစ်ခေါင်းဆောင်က လာတာဆိုတော့ အပြောင်းအလဲတွေ နောက်ပိုင်း ဘဝအခြေအနေတွေ ဘယ်လိုအကျိုးရှိလာ သလဲဆို တာကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ စစ်ခေါင်းဆောင် အချင်းချင်း တိုင်ပင်လို့ ရနိုင်တယ်”လို့ မစ္စတာဂမ်ဘာရီက ပြောသွားခဲ့တာပါ။
ပြီးခဲ့တဲ့စက်တင်ဘာလ လူထု လှုပ်ရှားမှုကို စစ်အစိုးရဘက်က သွေးထွက်သံယို နှိမ်နင်းခဲ့ပြီး မစ္စတာဂမ်ဘာရီ မြန်မာပြည်ကို သွားတာ ဒီတခေါက်နဲ့ဆို သုံးကြိမ်ရှိပါပြီ။