သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ထိပ်ပိုင်း ခေါင်းဆောင်များ ကုလသဂ္ဂကိုယ်စားလှယ်နဲ့ တွေ့ဆုံ


စက်တင်ဘာလ လူထုလှုပ်ရှားမှုတွေ နောက်ပိုင်း မြန်မာပြည်ကို သုံးကြိမ်မြောက်အဖြစ် ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင် ၅ ဦးတို့ကို အစိုးရဧည့်ဂေဟာမှာ ဒီကနေ့ သီးခြားစီ ခွဲပြီး တွေ့ဆုံခဲ့ပါတယ်။

ဘာရည်ရွယ်ချက်နဲ့ အခုလို ခွဲပြီး တွေ့ဆုံရတာလဲ။ တွေ့ဆုံတဲ့အခါ ဘာတွေ ဆွေးနွေးကြသလဲ ဆိုတာတော့ မသိရပါဘူး။ ဒီကနေ့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ကို ဗွီအိုအေကနေ ဦးကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီကနေ့ တွေ့ရတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါ ပါသလားခင်ဗျ။ -

“မပါ ပါဘူး။”

ဟုတ်ကဲ့၊ ဆရာတို့ တွေ့တာ ဘယ်နှစ်ယောက်တွေ့တာလဲ၊ ဘယ်သူတွေ ပါလဲခင်ဗျ၊-

“ဦးအောင်ရွှေ ရယ်၊ အဲန်ကယ်လ်ရယ်၊ ဦးစိုးမြင့်ရယ်၊ ဦးသန်းထွန်းရယ်၊ ဦးညွှန့်ေ၀ ရယ်။”

ဟုတ်ကဲ့ခင်ဗျ။ ဒီညနေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့တယ်လို့ ကျနော်တို့ ကြားနေလို့ပါ။ -

“အဲဒါဆိုရင် သီးခြားတွေ့တာ ဖြစ်မယ်။”

ဟုတ်ကဲ့၊ ဆရာတို့နဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံတဲ့အခါမှာ အဓိက အကြောင်းအရာတွေ ဘာတွေများ ဆွေးနွေးဖြစ်ပါသလဲခင်ဗျ။ -

“အဓိက အကြောင်းအရာတွေကတော့ ဒါ သူ့ကို လုံခြုံရေးကောင်စီက တာဝန်ပေးချက် အရ သိချင်တာတွေ မေးတာပေါ့ခင်ဗျ၊ ဒါ သူကလည်း သိသင့်တာတွေ ပြောတာပေါ့ခင်ဗျ။”

ဟုတ်ကဲ့ပါ၊ အဓိက ဘာအကြောင်း ပြောဖြစ်ပါသလဲခင်ဗျ။ -

“အဓိကကတော့ အသေးစိတ်မေးဖို့လည်း မသင့်ဘူးလေ၊ ကျနော်တို့ကလည်း တာဝန် အရ ဖြေရတာပဲလေ၊ လုံခြုံရေးကောင်စီရဲ့ တာဝန်ပေးချက်အရ လုပ်တာ၊ အဲန်ကယ်လ်တို့က ဖိတ်လို့လာတာလည်း မဟုတ်ပါဘူး၊ သူ့တာဝန် သူလုပ်ကြတာ။”

ဟုတ်ကဲ့ပါခင်ဗျာ၊ အချိန်ဘယ်လောက်လောက်တွေ့ ဆုံခွင့်ရခဲ့ပါသလဲခင်ဗျ၊ -

“၁၀ နာရီခွဲကနေပြီးတော့ ၂ နာရီ နီးနီးပဲ။”

ဟုတ်ကဲ့ခင်ဗျ၊ မစ္စတာ ဂမ်ဘာရီ အပြင်ကို ဘယ်သူတွေများ ပါလဲခင်ဗျ၊ -

“ဝါရင့် ဝန်ထမ်းတွေလေ၊ ၂ ဦး ပါပါတယ်၊ တစ်ဦးကတော့ အမျိုးသမီးပါ။”

ဟုတ်ကဲ့၊ ဆရာတို့ အစိုးရဧည့်ဂေဟာမှာ တွေ့တယ်လို့ ကြားပါတယ်၊ ဘယ်နေရာမှာပါလဲ၊ -

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ စိမ်းလဲ့ကန်သာ။”

ဟုတ်ပါပြီခင်ဗျ၊ ဆရာတို့ ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲအရ ဘယ်လို မှတ်ချက်ချ ချင်ပါလဲခင်ဗျ၊ -

“မှတ်ချက်ချချင်စရာတော့ မရှိဘူးလေ၊ ဒါကတော့ စောစောကတည်းကပဲ သူနဲ့ ပြန်ကြားရေးဝန်ကြီး တွေ့ပြီး ပြန်ကြားရေးဝန်ကြီးက စောစောစီးစီး သူမေးတာတွေရော၊ သူ ထင်တာတွေရော ပြောပြီးပဲ၊ မြန်မာ့အလင်း သတင်းစာတို့၊ ဘာတို့မှာလဲ ပါပြီးသားပဲလေ။”

ဟုတ်ကဲ့ပါ၊ မစ္စတာ ဂမ်ဘာရီကတော့ အဲန်အယ်လ်ဒီကို ဘာပြောပါလဲခင်ဗျ၊ -

“ဘာမှ မပြောပါဘူး၊ သူက ဘာမှ မပြောပါဘူးဆိုတာ သူ မူလ ပြောထားတာတွေ ရှိတယ်။ ထပ်ပြီး သူမေးတာ ရှိတယ်။၊ ဒါပါပဲ၊ Routine လို ဖြစ်နေပါပြီ။”

ဟုတ်ကဲ့၊ ဆိုတော့ ကုလသမဂ္ဂရဲ့ ကူညီမှုတွေနဲ့ ပတ်သက်လို့ရော ဆရာတို့ NLD ဘက်က ဘာတွေများ ပြောချင်ပါသလဲခင်ဗျ။ -

“ဒါကတော့ မပြီးသေးဘူးလေဗျာ၊ အခုတကြိမ် လုံခြုံရေးကောင်စီက တတိယအကြိမ်ပေါ့။”

ဟုတ်ကဲ့၊ မစ္စတာဂမ်ဘာရီရဲ့ ကြိုးပမ်းမှုတွေက သိပ်ပြီးတော့ တကယ်ပဲ ထိရောက်မှု မရှိလို့လည်း ပြောကြတာကြားပါတယ်ခင်ဗျ။ အဲန်ကယ်လ်တို့အနေနဲ့ ဘယ်လို သုံးသပ်ပါလဲခင်ဗျ။ -

“ခပ်တိုတို ပြောရင်တော့ မစ္စတာဂမ်ဘာရီထက် လုံခြုံရေးကောင်စီက ပိုပြီးတာဝန် ရှိပါတယ်။”

မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဆရာတို့ ဘယ်လို သဘောထားပါလဲခင်ဗျ၊ -

“ဟုတ်ကဲ့၊ သူ့ကိစ္စ မပြီးသေးဘူးလေ၊ ဆုံးအောင်လည်း နားထောင်ကြပါဦး၊ မပြီးသေးပါဘူး။”

ဆရာတို့နဲ့ နောက်တကြိမ် ထပ်တွေ့ဖို့ အစီအစဉ် ရှိသေးပါလားခင်ဗျာ၊ -

“မရှိဘူး၊ သူ ဒီညနေ ပြန်ချင်ပြန်မယ်၊ မပြန်ရင် မနက်ဖြန်မနက် ပြန်ဖို့သဘော ရှိပါတယ်၊ အဓိက ကျတဲ့ အခြေအနေကို အဲန်ကယ်လ်တို့ထက် ခင်ဗျားတို့က ပိုမသိနိုင်ပါဘူး၊ ဖြစ်နေတယ်ဆိုတာ ဒီက လူတွေသိပါတယ်။”

ဆိုတော့ ဒီ အကျပ်အတည်းတွေက လွတ်မြောက်ဖို့ ဘယ်လို မျှော်လင့်ချက်တွေ ရှိပါလဲခင်ဗျ၊ -

“မျှော်လင့်ချက်က လွယ်လွယ်နဲ့ မြန်မြန်ဖြစ်မယ်လို့ မထင်ဘူးခင်ဗျ၊”

ဟုတ်ကဲ့ခင်ဗျ၊ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

အဲန်အယ်လ်ဒီ က ဦးလွင်နဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံတာကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG