သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုင်းထီးဆိုင် ကွယ်လွန် - ဂီတလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု


မြန်မာဂီတလောကမှာ ကိုယ်ပိုင်သံစဉ်သီချင်း
တွေနဲ့ နှစ်ပေါင်း ၃၀ ကျော် အောင်မြင်
ကျော်ကြားခဲ့တဲ့ ရှမ်းအမျိုးသား တေးသံရှင်
စိုင်းထီးဆိုင် ဒီမနက်အစောပိုင်းမှာ ကွယ်လွန်
ခဲ့ပါပြီ။ စိုင်းထီးဆိုင် ကွယ်လွန်သွားတာဟာ ခေတ်သစ်ဂီတလောကအတွက် ဟာကွက် တခုဖြစ်သွားသလို ခံစားရတယ်လို့ ခေတ်ပြိုင် တေးသံရှင်တဦးက ပြောပါတယ်။ သတင်း
အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်း
ထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။

စိုင်းထီးဆိုင်ရဲ့ ပရိသတ်တွေ အမြဲအမှတ်တရ
ရှိနေမယ့် မောင့်လပြည့်ဝန်းသီချင်းကို
ကြားခဲ့ရတာပါ။ ဒီသီချင်းကို သီဆိုသူ
တေးသံရှင် စိုင်းထီးဆိုင်ဟာ ဒီမနက်မှာပဲ
အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့
သဘာဝရဲ့ရင်သွေးငယ် ဂီတအဖဲွဲ့က
ကိုအောင်ဒူးက အခုလို အတည်ပြုပြောပြပါတယ်။

“ဟုတ်ကဲ့။ ၅ နာရီ ၄၅ မိနစ်ပါ။ ဆေးရုံတက်တာကြာပြီ၊ အသည်းနဲ့ပေါ့။ Liver
Cirrhosis ပါ။ ဆေးရုံကို ရက် ၂၀ လောက် တက်လိုက်ရတာပေါ့နော်။ နောက်ဆုံး
ဆုံးတာတော့ ဆေးရုံကြီးမှာပဲ။ ပထမပိုင်းကတော့ Green Cross မှာတက်တယ်။”

စိုင်းထီးဆိုင်ဟာ ၁၉၇၃ ခုနှစ်လောက်ကစတင်ပြီး စတီရီယိုတေးလောကမှာ ကိုယ်ပိုင်
သံစဉ်တွေနဲ့ စတင်အောင်မြင်လာသူဖြစ်ပါတယ်။ သူစတင် နာမည်ကျော်ခဲ့တဲ့ သီချင်း
ကတော့ မန္တလေးရောက် ရှမ်းတယောက်ဆိုတဲ့ သီချင်းပါ။ နှစ်သုံးဆယ်ကျော်ကာလ
အတွင်းမှာ တေးစီးရီးပေါင်း ၆၀ ကျော်လောက် သီဆိုခဲ့ပါတယ်။ အဲဒီထဲမှာ ရှမ်း
ဘာသာနဲ့သီဆိုတဲ့ တေးစီးရီး ၁၀ ခွေလောက် ပါဝင်ခဲ့ပါတယ်။

သူနဲ့ ခေတ်ပြိုင်အဆိုတော် ခင်မောင်တိုးက စိုင်းထီးဆိုင် ကွယ်လွန်ပေမယ့် သူ့သီချင်း
တွေကတော့ တိမ်ကောပပျောက်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ဗိုလ်ထီးသီချင်းတွေကတော့ ဘယ်တော့မှလည်း မတိမ်ကောမယ့် သီချင်းမျိုးပါပဲဗျာ။ ဒါပေမယ့်လည်း သူ့ရဲ့ မူလပိုင်ရှင် ဆုံးရှုံးသွားတာဟာ အနုပညာလောကအတွက်
တော်တော်လေးကို အားလျော့သွားတာပေါ့။ ဟာကွက်ကြီးတခုဖြစ်သွားသလို ခံစားရ
ပါတယ်။”

စိုင်းထီးဆိုင်ဟာ အဆိုတော်တယောက်ဖြစ်သလို သူကိုယ်တိုင်လည်း သီချင်းတွေ
ရေးသားတဲ့ ဂီတစာဆိုတယောက် ဖြစ်ပါတယ်။ သူ့သီချင်းအများစုကိုတော့ တေးရေး
ဆရာ စိုင်းခမ်းလိတ်က ရေးသားပေးပါတယ်။

စိုင်းထီးဆိုင်နဲ့ ကျောင်းသားဘဝကတည်းက ရင်းနှီးခဲ့တဲ့ ဦးစိုင်းကတော့ သူနဲ့ပတ်သက်
တဲ့ အမှတ်တရအဖြစ်လေးတွေကို အခုလိုပြောပြပါတယ်။

“ရန်ကုန်မှာပေါ့ဗျာ၊ အပြင်ဆောင်မှာပေါ့၊ အဲဒီမှာ ဆိုင်မောဝ်နဲ့အတူ သီချင်းဆိုတယ်
ပေါ့၊ ဂီတာလေးနဲ့၊ ကျနော်တို့လည်း နားထောင်နေတယ်။ သူ့လက်ကို ကျနော်ကြည့်
လိုက်တော့ လက်မောင်းတခုလုံး ခြင်တွေက အကောင်နှစ်ဆယ် သုံးဆယ်လောက်ရှိ
မယ် ကပ်နေတာ။ သူ လုံးဝမဖြုံဘူးဗျ။ အဲဒါ ကျနော် အံ့သြသွားတယ်လေ။ အဲဒီမှာ
သူက အနုပညာကို ဘယ်လောက်ထိ စွဲစွဲမြဲမြဲ ခံစားသလဲပေါ့။ မမေ့နိုင်တဲ့ဟာလေး
တခုပေါ့။ နောက်တခုကတော့ သူငယ်ချင်းတွေနဲ့ သွားတဲ့အချိန်မှာ အခွင့်အရေး မယူ
တတ်ဘူးဗျ။ သူ့ကိုယ်သူ နှိမ့်ချတတ်တယ်လေ။ အဲဒီအချက်လည်း ချစ်စရာကောင်းတဲ့ အချက်လေးအဖြစ် မြင်မိပါတယ်ခင်ဗျ။”

စိုင်းထီးဆိုင်ရဲ့သီချင်းတွေကြောင့် ရှမ်းလူငယ်တွေဟာ ကိုယ့်စာပေ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်လာသလို မျိုးချစ်စိတ်လည်း မြင့်မားလာစေတယ်လို့ ဦးစိုင်းက ဆက်ပြောပါတယ်။

စိုင်းထီးဆိုင်ဟာ တသမတ်တည်း အောင်မြင်ကျော်ကြားခဲ့တာတော့ မဟုတ်ပါဘူး။ အအောင်မြင်ဆုံးဖြစ်နေတဲ့ ၁၉၇၀ ခုနှစ်နှောင်းပိုင်းမှာ စိုင်းထီးဆိုင်ဟာ မူးယစ်ဆေး
သုံးစွဲမှုနဲ့ ထောင်ကျခဲ့တာကြောင့် သူ့ပရိသတ်တွေနဲ့ အဆက်ပြတ်ခဲ့ရပါတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက်မှာ အရင်ရခဲ့တဲ့အောင်မြင်မှုကို ပြန်လည်ရရှိဖို့
ကာလအတော်ကြာ ကြိုးစားခဲ့ရတာပါ။

စိုင်းထီးဆိုင်ဟာ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံ
ကျော်ကိုလည်း သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။

အခုအခါမှာတော့ စိုင်းထီးဆိုင် သူချစ်တဲ့ပရိသတ်ကို ကျောခိုင်းထွက်ခွာခဲ့ပါပြီ။
ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်ရှိပြီး ဇနီးနဲ့ သားတယောက်၊ သမီးတယောက်
ကျန်ရစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG