သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရွေးကောက်ပွဲအနိုင်ရ ပါတီ ၂ ခု ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် သဘောတူကြပြီ


ပြီးခဲ့တဲ့လမှာကျင်းခဲ့တဲ့ ပါကစ္စတန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါကစ္စတန် အတိုက်အခံပါတီ ၂ ခုက ညွန့်ပေါင်း အစိုးရဖွဲ့ကြဖို့ သဘောတူလိုက်ကြပါပြီ။ ဒါပေမယ့် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြေငြာချက်ထုတ်ပြန်လိုက်တဲ့ကိစ္စက လူကြိုက်နည်းတဲ့ သမ္မတ Pervez Musharraf ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမယ်ဆိုတဲ့အချက်တော့ ကျန်နေသေးတဲ့အကြောင်း Islamabad မြို့ကနေ ဗွီအိုအေသတင်းထောက် Steve Herman က သတင်းပေးပို့ထားတာကို ဦးဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

လုပ်ကြံခံလိုက်ရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Benazir Bhutto ရဲ့ ခင်ပွန်းဖြစ်သူ Asif Zardari နဲ့ ဝန်ကြီးချုပ်ဟောင်း နောက်တဦးဖြစ်တဲ့ Nawaz Sharif တို့ နှစ်ယောက်ဟာ ပါကစ္စတန်နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် လက်တွဲ လုပ်ဆောင်ကြဖို့ သဘောတူကြောင်း ပြသတဲ့အနေနဲ့ သတင်းထောက်တွေရှေ့မှာပဲ လက်ဆွဲ နှုတ်ဆက်လိုက်ကြပါတယ်။

နောက်ဆုံး မကျေမလည်ဖြစ်နေတဲ့ကိစ္စလည်း PPP ပါကစ္စတန် ပြည်သူ့ပါတီခေါင်းဆောင် မစ္စတာ Zadari နဲ့ နေ့လည်စာ အတူစားတဲ့အချိန်မှာပဲ ပြေလည်သွားခဲ့တယ်လို့ မစ္စတာ Nawaz Sharif က ပြောပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက ရာထူးက ဖြုတ်ချခံထားရတဲ့ တရားသူကြီးချုပ်ကို ပြန်ခန့်ထားဖို့အတွက် ဖယ်ဒရယ် အစိုးရဖွဲ့စည်းပြီး ရက် (၃၀) အတွင်းမှာပဲ အမျိုးသား လွှတ်တော်ကနေ လွှတ်တော်ဆုံးဖြတ်ချက် တရပ်အနေနဲ့ ချမှတ်သွားမှာဖြစ်ပါတယ်။ ”

တရားရုံးချုပ် တရားသူကြီးချုပ် Iftikhar Chaudhry ကို သမ္မတ မူရှာရက်ဖ် ရာထူးက ဖြုတ်ချပြီး တနှစ်နီးပါးအကြာမှာပဲ Punjab ပြည်နယ်က မူးရီ (Murree) အပန်းဖြေ ဆိပ်ကမ်းမြို့မှာ ဒီသဘောတူညီချက်ကို ရရှိခဲ့တာပါ။ တရားသူကြီးချုပ်ကို ရာထူးက ဖြုတ်ချပြီးနောက်ပိုင်း တခြား ထိပ်တန်း တရားသူကြီးတွေကိုလည်း သူ့အပေါ် သစ္စာပိုရှိတဲ့ တရားသူကြီးတွေနဲ့ သမ္မတက အစားထိုးခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး တိုင်းပြည် အရေးပေါ် အခြေအနေ ကြေငြာတဲ့ နိုဝင်ဘာလ မှာပဲ တရားသူကြီးချုပ် ကို သမ္မတက နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားလိုက်ပါတယ်။ အဲဒီအချိန်ကတည်းက ရှေ့နေတွေနဲ့ ရဲတွေ အကြားမှာ မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတက တိုင်းပြည် အရေးပေါ် အခြေအနေ ပြန်ရုပ်သိမ်းပြီး ကျင်းပခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲမှာ PPP ပါတီက မဲအများဆုံး ရရှိခဲ့ပါတယ်။ PPP ပါတီ ခေါင်းဆောင် Ms. Bhutto ကတော့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ လုပ်နေတုန်း ဒီဇင်ဘာလလယ်မှာပဲ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ ပြည့်ဝတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့ ဖြည်းဖြည်းနဲ့ မှန်မှန် ချီတက်နေတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သည်းခံ စောင့်ဆိုင်းပေးကြဖို့ Ms. Bhutto ခင်ပွန်း မစ္စတာ ဇာဒါးရီးက မေတ္တာ ရပ်ခံလိုက်ပါတယ်။

“ ကျေးဇူးပြုပြီး ကျနော်တို့ကို လုပ်ခွင့်ပေးကြပါ။ ကျနော်တို့ဟာ ဒီမိုကရေစီဆိုတဲ့ စိတ်ဓါတ်အောက်မှာ အတူ တည်ရှိနေကြတာပါ။ ပါကစ္စတန် လူထုက ပြောလိုက်ပါပြီ၊ သူတို့က ဒီမိုကရေစီဆိုတဲ့ ဘာသာစကားကို ပြောလိုက်ကြပါပြီ။ သူတို့က ယဉ်ကျေးတဲ့ ကမ္ဘာ့လူ့ဘောင် အသိုင်းအဝိုင်းကို စံချိန်မှီဖို့ လုပ်ကိုင်ခွင့် ပေးကြပါလို့ တောင်းဆို လိုက်ပါပြီ။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့အနိုင်ရအောင် ထောက်ခံသူတွေက မဲပေးခဲ့ကြပေမယ့် မစ္စတာ ရှာရစ်ဖ်နဲ့ မစ္စ ဘူတို တို့ဟာ ကာလ တော်တော်ကြာကြာ နိုင်ငံရေး ရန်ဖက်တွေ ဖြစ်ကြတဲ့အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခက်အခဲတွေ ရှိနေခဲ့တာပါ။

မစ္စတာ ရှာရစ်ဖ်ကတော့ သမ္မတ မူရှာရက်ဖ် ရာထူးက မြန်မြန် ထွက်ပေးရမယ်လို့ လူထုရဲ့လိုလားချက်ကို သံယောင်လိုက်ပြီး ပြောခဲ့ပါတယ်။ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတအနေနဲ့ လူထုရဲ့ ဆန္ဒ သဘေထားကို နားထောင်သင့်တယ်လို့ သူက ပြောပါတယ်။ မစ္စတာ ဇာဒါးရီးကတော့ အရာခပ်သိမ်းကို တနေ့ထဲနဲ့ ပြီးပြည့်စုံအောင် လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ပဲ သမ္မတကို တိုက်ရိုက် ပြောတဲ့ပုံစံမျိုးမဟုတ်ပဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောကြားခဲ့ပါတယ်။

ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ အခုလို ကြေငြာလိုက်တဲ့ အချိန်မှာပဲ လူကြိုက်နည်းတဲ့ သမ္မတနဲ့ အသစ်ရွေးကောက် တင်မြောက်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ ဥပဒေရေးရာ ပြဿနာတွေကို မြန်မြန် ကိုင်တွယ်ဖြေရှင်းကြဖို့ ရှေ့နေများအဖွဲ့က “အမဲရောင် အလံနေ့” ဆိုတဲ့ Campaign လှုပ်ရှားမှုတခုကို တနိုင်ငံလုံး အတိုင်းအတာနဲ့ စတင်လိုက်ကြပါတယ်။ ဒါ့အပြင် မနေ့က တနင်္ဂနွေနေ့မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမယ့် အကြောင်း ကြေငြာချက်ထွက်ပြီး နာရီပိုင်းအကြာမှာပဲ ရာနဲ့ချီတဲ့ ရှေ့နေတွေ ဆန္ဒပြနေတာကို ရဲက မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အတွင်းဖြစ်ပွားခဲ့တဲ့ သမ္မတ ဆန့်ကျင်ရေး လူထု ချီတက် ဆန္ဒပြပွဲတွေမှာ ရှေ့နေတွေက ထိပ်တန်းက ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် သမ္မတဟာ တိုင်းပြည် အရေးပေါ်အခြေအနေ ကြေငြာချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပြန်လည် ရုတ်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲကိုလည်း ပေထားတဲ့ ကတိအတိုင်း ဖေဖေါ်ဝါရီအတွင်းမှာ ကျင်းပပေးခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကို ဒီလအတွင်း ခေါ်ယူမယ်လို့ သမ္မတ မူရှာရက်ဖ်က ပြီးခဲ့တဲ့ သောကြာနေ့မှာ ကြေငြာခဲ့ပါတယ်။ အဲဒီကျရင် ပါကစ္စတန် ပြည်သူ့ပါတီက ရွေးချယ်ထားတဲ့သူကို ဝန်ကြီးချုပ်အဖြစ် တင်မြောက်ကြမှာပါ။ ဒါ့အပြင် သမ္မတ မူရှာရက်ဖ်ရဲ့ ကံကြမ္မာကိုလည်း လွှတ်တော်အမတ်တွေက ဆုံးဖြတ်ကြဖို့ရှိပေမယ့် သမ္မတကို ရာထူးက ဖြုတ်ချရ လောက်အောင် လုံလောက်တဲ့ မဲအရေအတွက် မရှိနိုင်ဘူးလို့ ဆိုပါတယ်။

သမ္မတဟာ ကာကွယ်ရေး ဦးစီးချုပ်ရာထူးက မနှစ်က နှုတ်ထွက်ပေးခဲ့တာပါ။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ မစ္စတာ မူရှာရက်ဖ်ဟာ ၁၉၉၉ ခုနှစ်မှာ မစ္စတာ ရှာရစ်ဖ်ထံက သွေးထွက်သံယိုမှု မရှိတဲ့ အာဏာသိမ်းမှုနဲ့ တိုင်းပြည် အာဏာကို ရယူခဲ့တာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ခွဲပြီးကတည်းက ပါကစ္စတန် နိုင်ငံကို အရပ်ဖက်နဲ့ စစ်ဖက် အပြန်အလှန် တယောက်တလှည့်စီ အုပ်ချုပ်လာခဲ့ကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG