မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာလာပြီဖြစ်တဲ့
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင်မ်
ဂမ်ဘာရီ (Ibrahim Gambari) ရဲ့ အခုတခေါက်
ခရီးစဉ် အောင်မြင်မှုအခြေအနေနဲ့ပတ်သက်ပြီး
တိကျတဲ့ရလဒ် ပေါ်ထွက်လာတာမျိုး မရှိဘူးလို့
အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်န်စီဂျီယူဘီ)
အဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာ
သောင်းထွန်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။
ပြီးတော့ မြန်မာပြည်အရေးကို ကုလသမဂ္ဂ
လုံခြုံရေးကောင်စီက ကိုင်တွယ်သင့်ပြီလို့လည်း
ဆိုလိုက်ပါတယ်။ အကြောင်းစုံကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေ
တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) ရဲ့ အထူး
ကိုယ်စားလှယ် မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ သွားရောက်ခဲ့ပြီး
တနင်္လာနေ့မှာ ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။ သူ့ရဲ့ အခုတခေါက် ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရဘက်မှ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ တွေ့ဆုံချိန်မှာ ဗိုလ်မှူးချုပ်ကျော်ဆန်းက သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်တော့ဘူး၊ သူတို့ရဲ့အစီအစဉ်အတိုင်း လူထုဆန္ဒခံယူပွဲတွေကို ပြုလုပ်သွားမယ်၊ ဒီလူထုဆန္ဒခံယူပွဲမှာ လွတ်လပ်တဲ့ အကဲခတ်သမားတွေ လေ့လာခွင့်ပြုဖို့ဆိုတဲ့ ကုလ
သမဂ္ဂရဲ့ အကြံပြုချက်ကိုလည်း စစ်အစိုးရဘက်က ပယ်ချခဲ့ပါတယ်။ ဒါကြောင့် မစ္စတာ
ဂမ်ဘာရီရဲ့ အခုတခေါက်ခရီးစဉ် အောင်မြင်မှုရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး ဒေါက်တာ
သောင်းထွန်းရဲ့အမြင်ကို မေးကြည့်တဲ့အခါ တိကျတဲ့ရလဒ် ထွက်လာတာမျိုး မရှိသလို မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာလည်း တိုတောင်းလွန်းတယ်လို့ အခုလို ဝေဖန်ခဲ့ပါတယ်။
“မစ္စတာဂမ်ဘာရီရဲ့ အခုခရီးစဉ်ဟာ ကျနော်တို့အမြင်ပြောရရင် တော်တော်လေး
အချိန်တိုတယ်။ အတွင်းကျကျ ဘာတွေဆွေးနွေးလဲဆိုတာတော့ ကျနော်တို့
စောင့်ကြည့်ရမယ်။ နောက် ဗိုလ်မှူးချုပ်ကျော်ဆန်း ပြောပြတဲ့အချက်တွေကို ကြည့်မယ်။
ဒီခရီးစဉ်မှာ နအဖရဲ့ပေါ်လစီတွေကို အဓိကကိုင်ပြီးလုပ်နေတဲ့ ဗိုလ်ချုပ်သန်းရွှေက မစ္စတာဂမ်ဘာရီကို ရှောင်တဲ့သဘောတွေရှိတယ်။ ယူအန်န်ကို စွပ်စွဲတဲ့အပိုင်းတွေ
ရှိတယ်။ ယူအန်န်ရဲ့အကြံပြုချက်တွေ၊ အထူးသဖြင့် မစ္စတာဘန်ကီမွန်းရဲ့စာမှာ အကြံပြု ထားတဲ့အချက်တွေကို အားလုံးငြင်းပယ်တဲ့အနေအထားတွေကို တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့မြင်တာကတော့ ယူအန်န်က တိတိကျကျ ရလဒ်ထွက်လာတဲ့ အနေ
အထားကိုတော့ မတွေ့ရဘူးလို့ ပြောရမှာပါပဲ။”
ဒါဆိုရင် မစ္စတာဂမ်ဘာရီရဲ့ အခန်းကဏ္ဍကရော ဘယ်လိုဆက်ရှိနိုင်မယ်လို့ ထင်ပါ
သလဲ။
“မြန်မာပြည်အရေးကိစ္စကတော့ ကုလသမဂ္ဂရဲ့ ဦးစားပေးအစီအစဉ်ထဲမှာ ဆက်ပြီး
ပါနေမှာပဲ။ အခု မြန်မာပြည်ကိစ္စက လုံခြုံရေးကောင်စီရဲ့ အာဂျင်ဒါပေါ်မှာရှိတယ်။
ဒါပေမယ့် ယူအန်န်က ထိထိရောက်ရောက် ပိုပြီးသွားနိုင်ဖို့ဆိုတာက လက်ရှိအနေ
အထားကနေ တဆင့်တက်ဖို့လိုတယ်။ ဆိုလိုတာက လုံခြုံရေးကောင်စီအဆင့်ကနေ
ကိုင်တွယ်မှဖြစ်မယ်။”
အခုဆိုရင် မစ္စတာဂမ်ဘာရီက မြန်မာပြည်ကနေ ပြန်ထွက်ခွာသွားပြီပေါ့နော်။ သူ့ရဲ့ ဒီတခေါက်ခရီးစဉ်မှာ စစ်အစိုးရဘက်က သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
ကို မပြင်နိုင်တော့ဘူး၊ ကုလသမဂ္ဂရဲ့ အကြံပြုချက်ကိုလည်း ပယ်ချခဲ့တယ်။ ဒီတော့ ရှေ့အလားအလာနဲ့ပတ်သက်လို့ ဘာတွေဖြစ်လာနိုင်မယ်လို့ ထင်လဲရှင့်။
“ဗိုလ်မှူးချုပ်ကျော်ဆန်းတို့ ပြောတဲ့အရဆိုရင် ယူအန်န်ရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်ဖို့ အလားအလာ မတွေ့ရဘူး။ အခုအခြေအနေမှာ ယူအန်န်အနေ
နဲ့ ဘာလုပ်သင့်သလဲဆိုတဲ့ အပိုင်းကတော့ ပထမတဆင့်က ယူအန်န်ရဲ့ ကြားဝင်ဆောင်
ရွက်မှုကို နအဖက တကယ့်ကို တိတိကျကျလက်ခံအောင် ဒါက အရေးကြီးတဲ့ကိစ္စ
ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့မြင်တာကတော့ ဒီအချိန်မှာ လုံခြုံရေးကောင်စီအဖွဲ့
ဝင်တွေအနေနဲ့ အထူးသဖြင့် တရုတ်တို့၊ ရုရှားတို့ပါ ကုလသမဂ္ဂ အထွေထွေအတွင်း
ရေးမှူးချုပ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ပတ်သက်လို့ ပိုထိထိရောက်ရောက် ဆောင်ရွက်
နိုင်အောင် အထွေထွေအတွင်းရေးမှူးချုပ်ကို လုပ်ပိုင်ခွင့်အာဏာပေးအပ်တဲ့ ဆုံးဖြတ်
ချက်တခုကို ချမှတ်နိုင်ဖို့အတွက် စဉ်းစားဖို့သင့်ပြီလို့ ကျနော်တို့မြင်ပါတယ်။”
တကယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မစ္စတာဂမ်ဘာရီအနေနဲ့ ဒီအခြေအနေ
တွေကို ပြန်ပြီးအစီရင်ခံတဲ့အခါ မြန်မာပြည်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီရဲ့ ရှေ့ခြေလှမ်းတွေက ဘယ်လိုတွေဖြစ်လာနိုင်မယ် ထင်ပါလဲ။
“ဒီအချက်တွေပေါ်မှာမူတည်ပြီး ပထမအဆင့်အနေနဲ့ လုံခြုံရေးကောင်စီ အလှည့်ကျ
ဥက္ကဋ္ဌကနေပြီး လက်ရှိအခြေအနေတွေကို ပြန်လည်သုံးသပ်တဲ့ အနေအထားတွေ၊ တောင်းဆိုတဲ့အနေအထားတွေကတော့ တောက်လျှောက်ဖြစ်မှာပါ။ သို့သော် ကျနော်တို့
မြင်တာက အလှည့်ကျသဘာပတိရဲ့ ထုတ်ပြန်ချက်တွေ၊ တိုက်တွန်းချက်တွေတင်မကဘဲ တကယ့်စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်မူကြမ်းအဆင့် ရောက်မှပဲ ယူအန်န်ရဲ့ လှုပ်ရှားမှု
တွေက ပိုပြီးထိရောက်လာလိမ့်မယ်လို့ ကျနော်တို့မြင်ပါတယ်။”