သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကိုင်ပြီး ဘန်ကီမွန်းကိုယ်တိုင် မြန်မာပြည်သွားရန် တောင်းဆို


မြန်မာပြည်နောက်ဆုံး ခရီးစဉ်ကနေ မစ္စတာ
ဂမ်ဘာရီ (Mr Gambari) ပြန်လည်ထွက်ခွာ
လာပြီး ရက်ပိုင်းအတွင်းမှာပဲ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Mr Ban Ki-moon) ကိုယ်တိုင် မြန်မာပြည်
သွားရောက်ဖို့ တောင်းဆိုသံတွေ ထွက်လာပါ
တယ်။ မစ္စတာဂမ်ဘာရီ အပါအဝင် ကုလ
သမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန်
အဆက်ဆက် မြန်မာ့ဒီမိုကရေစီရေး ကူညီ
ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်တွေနဲ့ မြန်မာ
ပြည်ကို သွားရောက်ခဲ့ကြတာ မအောင် မမြင်ဖြစ်ခဲ့တဲ့အတွက် အတွင်းရေးမှူးချုပ်
ကိုယ်တိုင် သွားရောက်ဖို့ တိုက်တွန်းကြတာ
ပါ။ ဘယ်သူတွေက တောင်းဆိုနေကြတယ်၊ ကုလသမဂ္ဂဘက်ကရော ဒီအပေါ် ဘယ်လို တုံ့ပြန်တယ်ဆိုတာတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

လောလောလတ်လတ်မှာ အဲဒီလိုတောင်းဆိုလိုက်တာကတော့ ဗြိတိန်နိုင်ငံမှာ အခြေ
စိုက်ပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Burma Campaign UK
(BCUK) အဖွဲ့ပါပဲ။ မစ္စတာဂမ်ဘာရီရဲ့ နောက်ဆုံးခရီးစဉ်ဟာ အထူးသံတမန်တွေကို
ကုလသမဂ္ဂက စေလွှတ်ခဲ့တဲ့ထဲမှာ ၃၅ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ဘယ်အထူးသံ
တမန်မှ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အောင်မြင်မှုတစုံတရာ မရခဲ့ဘူးလို့
သူတို့က ထောက်ပြထားပါတယ်။

ဒါ့ကြောင့် အထူးသံတမန်တွေ အလုပ်မဖြစ်တော့ဘူး၊ ဘန်ကီမွန်းကိုယ်တိုင် သွားဖို့လို
နေပြီလို့ တောင်းဆိုတာပါ။ BCUK အဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေးအရာရှိ အန်နာ
ရောဘတ်တ်စ် (Anna Roberts) က ဗွီအိုအေကို ခုလိုပြောပါတယ်။

“အထူးသံတမန်တွေစေလွှတ်တဲ့ လုပ်ငန်းစဉ်က အလုပ်မဖြစ်တော့ဘူးဆိုတာ ကျမတို့ လက်ခံရပါမယ်။ ဒါ့ကြောင့် အဆင့်မြှင့်ဖို့ လိုအပ်နေပါပြီ။ မစ္စတာဘန်ကီမွန်းကိုယ်တိုင် ဒီလုပ်ငန်းစဉ်ကို ကြီးကြပ်လုပ်ဆောင်ဖို့ လိုနေပါပြီ။ လုံခြုံရေးကောင်စီရဲ့ ကျောထောက် နောက်ခံပြုမှုကို သူလိုအပ်ပါတယ်။ ပြီးတဲ့နောက် မြန်မာပြည်သွားပြီး စစ်အစိုးရကို
အပြင်းအထန် ပြောဆိုရပါမယ်။”

ပြဿနာက မြန်မာစစ်အစိုးရဖြစ်ပြီး သူတို့က ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု
မလုပ်ချင်ဘူးလို့ ပြောကြတာတွေရှိပါတယ်။ ဒီတော့ မစ္စတာဘန်ကီမွန်းကိုယ်တိုင် မြန်မာပြည်သွားတော့ရော ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်လာအောင် စစ်အစိုးရကို နားချနိုင်ပါ့မလားဆိုတာက စဉ်းစားစရာပါ။ အန်နာ ရောဘတ်တ်စ်ကတော့ နိုင်ငံ
တကာက ဖိအားပေးမှုတွေကို မြန်မာစစ်အစိုးရက ကြံ့ကြံ့ခံနေနိုင်တာကြောင့်မဟုတ်ဘဲ နိုင်ငံတကာကနေ တစိုက်မတ်မတ် ဖိအားမပေးတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာရဲ့ တသမတ်တည်း ဖိအားပေးမှုနဲ့အတူ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီကနေ ဆုံးဖြတ်ချက်ချမှတ်ဖို့ လိုပါတယ်တဲ့။

“ကျမတို့လိုအပ်တာက နိုင်ငံတကာကနေ ဖိအားထပ်တိုးဖို့ပါ။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ကလုပ်သလို ပစ်မှတ်ထားပြီး လုပ်ဆောင်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လိုအပ်
ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာပြည်ကိစ္စကို ထပ်ပြီး ကိုင်တွယ်ဖို့လိုပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအားလုံး မဖြစ်မနေ လိုက်နာရ
မယ့် မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်တခုကို လုံခြုံရေးကောင်စီကနေ ချမှတ်ဖို့လိုအပ်
ပါတယ်။ အဲဒီဆုံးဖြတ်ချက်မှာ စစ်အစိုးရဟာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းရမယ်ဆိုတဲ့အချက် ပါရပါမယ်။ အဲဒီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ မစ္စတာဘန်ကီမွန်း မြန်မာပြည်သွားပြီး စစ်ဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးရမှာပါ။ ဒီလို စီးပွားရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေး ဖိအားပေးမှုတွေလုပ်မယ်
ဆိုရင် စစ်အစိုးရအနေနဲ့ တခြားရွေးချယ်စရာမရှိဘဲ နားထောင်ဖို့ပဲရှိပါတော့တယ်။”
ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေးအရာရှိ
အန်နာ ရောဘတ်တ်စ် ပြောသွားတာပါ။

အခုနောက်ဆုံး မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကနေ မျှော်လင့်ထားသလောက် တိုးတက်မှု တွေမရခဲ့ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင်ကလည်း ဝန်ခံခဲ့
တာပါ။ ဒါပေမယ့် သူမြန်မာပြည်သွားဖို့ဆိုတဲ့ကိစ္စကိုတော့ ကုလသမဂ္ဂဘက်က ခုချိန်ထိ
တိတိပပ လက်ခံတာမျိုး မရှိသေးပါဘူး။

မနေ့ကလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေး
ဆိုခွင့်ရှိသူ အမျိုးသမီး မီရှဲလ် မွန်းတာစ့် (Michele Montas) က သတင်းထောက်တဦးရဲ့
အမေးကို ခုလိုပြန်ဖြေခဲ့ပါတယ်။

“ကျမသိထားသလောက်တော့ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာပြည်သွားဖို့ စဉ်းစား
ထားတာ မရှိသေးပါဘူး။ ဒီအခြေအနေမှာ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်တခုခု မချ
ခင်မှာ အတွင်းရေးမှူးချုပ်အနေနဲ့ မစ္စတာဂမ်ဘာရီနဲ့ ပြောဆိုဆွေးနွေးဖို့ လိုပါသေး
တယ်။”

မစ္စတာဂမ်ဘာရီဟာ မြန်မာပြည်ကအပြန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရောက်နေ
တဲ့ ဆီနီဂေါလ်နိုင်ငံကို တိုက်ရိုက်တန်းသွားပြီး သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ကြာသပတေး
နေ့မှာ မစ္စတာဘန်ကီမွန်းကို အစီရင်ခံမယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ
က ပြောခဲ့ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG