သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လူ့အခွင့်အရေး အစီရင်ခံစာ၊ အဆိုးဆုံးနိုင်ငံတွေထဲ မြန်မာပါဆဲ


၂၀၀၇ ခုနှစ် အမေရိကန်ပြည်ထောင်စု နိုင်ငံ
ခြားရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ တရုတ်နိုင်ငံကို ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံတွေ
စာရင်းက အမေရိကန်ပြည်ထောင်စုက ဖယ်ထုတ်လိုက်ပါပြီ။ မြန်မာနိုင်ငံကတော့ လူ့အခွင့်အရေးချိုးဖောက်မှုမှာ ကမ်းကုန်
အောင် ဆိုးဝါးနေဆဲနိုင်ငံတခုဖြစ်တယ်ဆိုပြီး အစီရင်ခံစာက ဖော်ပြပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ တာဝန်ယူမှုမရှိတဲ့ အုပ်ချုပ်
သူတွေဟာ လူ့အခွင့်အရေးကို စနစ်တကျ ဆက်လက်ချိုးဖောက်နေသူတွေလို့ အစီရင်ခံစာက ဆိုပါတယ်။ ဗွီအိုအေသတင်း
ထောက် Meredith Buel ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ဦးသိန်းထိုက်ဦးက တင်ပြ
ထားပါတယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၀၇ ခုနှစ်အတွက် လူ့အခွင့်
အရေး အစီရင်ခံစာကို မနေ့ကထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေ
အနေဟာ ပြီးခဲ့တဲ့နှစ်ကနဲ့စာရင် ပိုပြီးဆိုးဝါးလာခဲ့တဲ့အကြောင်း ဖော်ပြထားတာပါ။
၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေအတွင်းက အစီရင်ခံစာတွေမှာ လူ့အခွင့်အရေး အချိုး
ဖောက်ဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ တရုတ်နိုင်ငံကို ထည့်သွင်းထားပါတယ်။ ဒါပေမယ့်
လည်း ဒီနှစ်မှာ တရုတ်နိုင်ငံကို စာရင်းက ဖယ်ရှားထားတာပါ။

လူ့အခွင့်အရေး အစီရင်ခံစာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီ
ဇာရိုက်စ် (Condoleezza Rice) က ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးနဲ့ အခြေခံအခွင့်အရေး
တွေကို ကာကွယ်ဖို့ စွန့်စွန့်စားစား လုပ်ကိုင်ဆောင်ရွက်ရတာတွေ၊ တချို့ဆိုရင် မိသားစု
တွေနဲ့ ကိုယ်ပိုင်ဘဝကို စွန့်စားလုပ်ကိုင်ရတာတွေ ရှိပါတယ်လို့ ပြောသွားပါတယ်။
လူတွေဟာ သူတို့ယုံကြည်တဲ့အတိုင်း လက်ခံဆောင်ရွက်ဖို့၊ သူတို့စိတ်ထဲမှာရှိတာကို
အရှိအတိုင်း မကြောက်မရွံ့ ပြောဆိုနိုင်ဖို့ စွန့်စားကြတယ်။ သူတို့ကိုအုပ်ချုပ်တဲ့
ခေါင်းဆောင်တွေကို သူတို့ကိုယ်တိုင် ရွေးချယ်နိုင်ဖို့ အဲဒီခေါင်းဆောင်တွေအနေနဲ့
တာဝန်သိတတ်တဲ့ ခေါင်းဆောင်တွေဖြစ်လာအောင်၊ ဒါ့အပြင် ဥပဒေအောက်မှာ တူညီ
တဲ့ တရားမျှတမှုကို ရဖို့အတွက် စွန့်စားဆောင်ရွက်နေကြရတယ်လို့ ပြောပါတယ်။

“ကျမတို့အားလုံး လက်ခံဆောင်ရွက်နေတဲ့ မျှော်မှန်းချက်တွေမျိုး ပိုင်ဆိုင်ခွင့်မရှိတဲ့၊ ဒီလိုအခွင့်အရေးတွေ ပိတ်ပင်ငြင်းပယ်ခံနေရတဲ့သူတွေ ကမ္ဘာပေါ်မှာ သန်းနဲ့ချီပြီးရှိနေ
တာ စိတ်မကောင်းစရာပါ။ တခါတရံ ဒီလိုအခွင့်အရေးတွေကို သူတို့ရဲ့အစိုးရတွေက ပိတ်ပင်ဟန့်တားနေတာပါ။ နိုင်ငံတော်တော်များများမှာ လူ့အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်သူတွေကို ရှုတ်ချပြစ်တင်ပြီး နှိပ်စက်ဖမ်းဆီးတာတွေ လုပ်နေပါ
တယ်။ တချို့ဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လွတ်လပ်
ခွင့်တွေကို ရယူဖို့ အတိုက်အခံ ကြိုးစားမိတာနဲ့ သစ္စာဖောက်အဖြစ် စွပ်စွဲခံရတာ၊
ပစ်မှတ်ထားပြီး ဖိနှိပ်ညှဉ်းပန်းခံရတာတွေ ရင်ဆိုင်နေရပါတယ်။”

တချို့နိုင်ငံတွေ၊ ဒီမိုကရေစီစနစ်ဆီ မကြာခင်ကဘဲ အသွင်ကူးပြောင်းပါပြီဆိုတဲ့ နိုင်ငံ
တွေမှာ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေး အာမခံနိုင်သေးတာ မဟုတ်
ပါဘူး။ လာဘ်ပေးလာဘ်ယူမှုတွေရှိနေပြီး အဖွဲ့အစည်းတွေ မခိုင်မာသေးတဲ့အတွက်
ဥပဒေစိုးမိုးမှု အားနည်းနေတယ်လို့ ပြောပါတယ်။ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြားမှာ
လူတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်တွေ ချိုးဖောက်ခံရတာ၊ ဆင်းရဲနွမ်းပါးမှုနဲ့ ရောဂါကပ်
ဆိုးတွေ ကျရောက်ရတဲ့ အတိဒုက္ခတွေကြားမှာ ဘဝတိုးတက်ပါပြီဆိုပြီး မျှော်လင့်ခဲ့ကြ
တဲ့ လူတချို့ရဲ့အိပ်မက်တွေ ပျက်စီးခဲ့ရတာကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ထည့်သွင်းပြောဆိုသွားပါတယ်။

“နိုင်ငံတခုရဲ့ အနာဂတ်ခရီး၊ လူ့အခွင့်အရေးကို ဥပဒေအရ ကာကွယ်ပေးတဲ့ လမ်းတွေ
ဟာ ချောမွေ့ပြီး အဆင်ပြေတဲ့လမ်းတွေ မဟုတ်ပါဘူး။ အတားအဆီးတွေ၊ ဆုတ်ယုတ် မှုတွေမျိုးစုံကြားက ကျော်ဖြတ်ခဲ့ရတာပါ။ အကောင်းဆုံးအခြေအနေမျိုးတွေ အောက်
မှာတောင်မှ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေကို ဒီမိုကရေစီနည်းကျ လူ့ အဖွဲ့အစည်းအတွင်းမှာ လက်ခံလာအောင် ပြောင်းလဲနိုင်ခွင့် မရှိပါဘူး။ ဒီလို စိန်ခေါ်
အကဲစမ်းမှုတွေကြားမှာ လူ့အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲဝင်သူတွေက မဆုတ်
မနစ် ကြိုးစားရုန်းကန်ပြီး သူတို့ပြည်သူတွေနဲ့ ကျမတို့ကို ဦးဆောင်လမ်းပြ ဆောင်ရွက် ပေးနေပါတယ်။ နေရာတိုင်းမှာ လွတ်လပ်ခွင့်၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးအတွက် ရုန်းကန်နေကြတဲ့သူတွေအတွက် မျှော်လင့်ချက်တွေ ဆက်ပြီးဖန်တီးပေးနိုင်မယ့် မြင့်မားတဲ့စံသတ်မှတ်ချက်တွေကို ချမှတ်ဆောင်ရွက်ပေးနေပါတယ်။”

လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးနိုင်ငံ ၁၀ နိုင်ငံအဖြစ် မြန်မာနိုင်ငံအပြင်၊
မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား၊ ဇင်ဘာဘွေ၊ ကျူးဘား၊ ဘီလာရုစ်၊ ဥဇဘက်
ကစ္စတန်၊ အီရီထရီးယားနဲ့ ဆူဒန်နိုင်ငံတွေကို အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး
ဌာနက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ အရေးကြီးတဲ့ တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ တရား
ရုံးချုပ်က သေဒဏ်စီရင်တာကို ပြန်သုံးသပ်ဖို့ ပြန်လည်အဆိုပြုတာမျိုးတွေကို တရုတ်
အစိုးရဘက်က လက်ခံခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဘာသာရေးအခွင့်
အရေး လွတ်လပ်ခွင့်တွေကိုတော့ ချိုးဖောက်နေဆဲဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ပြီးခဲ့တဲ့နှစ်ကနဲ့စာရင် ပိုပြီးဆိုးဝါးခဲ့တယ်
လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကမ္ဘာတဝှမ်း လူ့အခွင့်အရေး
ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရက တိုင်းပြည်အတွင်း ဥပဒေလုပ်ပိုင်ခွင့်ကိုကျော်တဲ့ သတ်ဖြတ်မှုတွေ၊ အကန့်အသတ်မရှိ ချုပ်နှောင်တာတွေ၊
အဓမ္မကျင့်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်နေတယ်လို့ အစီရင်ခံစာက ဖော်ပြပါ
တယ်။

မြန်မာနိုင်ငံအတွင်းမှာ အာဏာပိုင်တွေဘက်က လက်လွန်ခြေလွန် သတ်ဖြတ်တာတွေ၊ ဥပဒေမဲ့သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့သတင်းတွေ အတော်များများ ထွက်ခဲ့ပေ
မယ့် စစ်အစိုးရဘက်က အပြစ်ပေး အရေးယူတာမျိုးတွေ မရှိခဲ့ဘူးလို့လည်း အစီရင်ခံ
စာက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့သူတွေနဲ့
ပတ်သက်တဲ့ မှတ်တမ်းတချို့ကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေဘက်က အင်အားသုံး နှိမ်နင်းခဲ့ပြီးတဲ့နောက် မတရားသဖြင့် နှိပ်စက်ခံ
ရလို့ဖြစ်စေ၊ အကျဉ်းထောင်တွေအတွင်း အခြေအနေ ဆိုးဝါးတဲ့အတွက်ဖြစ်စေ
အနည်းဆုံး လူ ၁၄ ယောက် ရန်ကုန်အကျဉ်းထောင်တွေအတွင်း သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုတာကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာပါ မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဌာန ယာယီ လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး ဂျိုနသန် ဖာရာ (Jonathan Farrar) က မနေ့က နိုင်ငံခြားရေး
ဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

“အစီရင်ခံစာ နိဒါန်းမှာရော အစီရင်ခံစာအတွင်းမှာရော ကြည့်မယ်ဆိုရင် မြန်မာ
စစ်အစိုးရ အမှန်တကယ်ကျူးလွန်နေတဲ့ ဆိုးဝါးတဲ့ ချိုးဖောက်မှုတွေကို ဖော်ပြထားပါ
တယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ နှိမ်နင်းခံခဲ့ရတဲ့ အခြေအနေကိုလည်း ဖော်ပြထားပါတယ်။ စစ်အစိုးရက လူတွေကို ဖမ်းဆီးထိန်းသိမ်း
ထားတဲ့ နေရာတွေမှာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ သွားရောက်ခွင့်မရှိတဲ့
အတွက် လူတွေ ဘယ်လောက် အဖမ်းခံခဲ့ရတယ်ဆိုတဲ့ စာရင်းအတိအကျတော့
ကျနော်တို့မှာ မရှိပါဘူး။”

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာအတွင်းမှာ မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်
တွေရဲ့ အနေအထား၊ အကျဉ်းထောင်အတွင်း နှိပ်စက်ညှဉ်းပန်းမှု အခြေအနေတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေအပေါ် အာဏာပိုင်တွေက နှိပ်စက် ညှဉ်းပန်းတဲ့အကြောင်းတွေကိုလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်သူတွေရဲ့ အခြေခံအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေ
အနေတွေအပြင် ဒုက္ခသည်တွေအခြေအနေ၊ အစိုးရအာဏာပိုင်တွေရဲ့ တာဝန်ယူမှုနဲ့ ထင်သာမြင်သာရှိမှု၊ လူကုန်ကူးခံရမှုတွေနဲ့ အဓမ္မလုပ်အားပေးခိုင်းစေခံရမှု အခြေ
အနေတွေကိုလည်း စာမျက်နှာ ၂၆ မျက်နှာနဲ့ ရေးသားဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG